ဧသတာ 5
5
ဧသတာ၏ညစာစားပွဲ
1သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မ တစ်ဖက်တစ်ချက်၊ နန်းတော်အတွင်း တံတိုင်းထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါး တစ်ဖက်တစ်ချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။ 2မိဖုရားဧသတာသည် တံတိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်သည်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံတော်အထွတ်ကို တို့လေ၏။ 3ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 4ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊ 5ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှာ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ရှင်ဘုရင်ကြွတော်မူ၏။
6တစ်ဖန် စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ဧသတာအားမိန့်တော်မူလျှင်၊ 7ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆု ဟူမူကား၊ 8ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆုကို ပေးသနားခြင်းငှာ အရှင်မင်းကြီး အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တစ်ဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်ဟု ပြန်လျှောက်လေ၏။
ဟာမန်၏လျှို့ဝှက်အကြံအစည်
9ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်းသော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝမှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေသည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက်ထွက်လေ၏။ 10သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊ 11မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော်မတ်တော် ကျွန်တော်မျိုးများထက် သာ၍မြတ်သောအရာ၌ ခန့်ထားတော်မူကြောင်းများကို ဖော်ပြလျက်၊ 12မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတစ်ပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူ မဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ပြန်၏။ 13သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော်တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလပတ်လုံး၊ ယခုဖော်ပြသမျှတို့သည် ငါ၌ကျေးဇူးမရှိဟု ဆို၏။ 14ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေမည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲချတိုင်ကို လုပ်စေ၏။
Currently Selected:
ဧသတာ 5: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.