ဧသတာ 3
3
ဟာမန်၏အကြံအစည်
1ထိုနောက်မှ ရှင်ဘုရင်အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍မြင့်မြတ်သော နေရာကို ပေးတော်မူ၏။ 2နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန်ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။ 3နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင်၏ကျွန်တို့က၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ်ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း၊ 4မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန်ပြော၍၊ သူတို့စကားကို နားမထောင်သောကြောင့်၊ သူတို့သည် မော်ဒကဲစကားတည်မည်၊ မတည်မည်ကို သိလိုသောငှာ၊ ဟာမန်အား ကြားပြောကြ၏။ 5ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက်ထွက်၍၊ 6သူတို့သည် မော်ဒကဲအမျိုးကို ဖော်ပြသောကြောင့်၊ မော်ဒကဲတစ်ယောက်တည်းကို ကွပ်မျက်လျှင်၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲအမျိုးသားချင်း တည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ်၌ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှာ ရှာကြံလေ၏။
7ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ်၊ နိသန် အမည်ရှိသော ပထမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ် အတိုင်းလိုက်၍၊ အာဒါအမည်ရှိသော ဒွါဒသမလတိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏။ 8တစ်ဖန် ဟာမန်သည် ရှင်ဘုရင်အာရွှေရုထံတော်သို့ ဝင်၍၊ အခြားတစ်ပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုးတစ်မျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။ 9ကိုယ်တော်သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ။ ထိုအမှုကို ဆောင်ရွက်သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက်တစ်သိန်းကို သွင်းစေခြင်းငှာ၊ ကျွန်တော်အပ်ပေးပါမည်ဟု လျှောက်လေ၏။ 10ရှင်ဘုရင်ကလည်း၊ ထိုငွေကို သင့်အားငါပေး၏။ 11ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သင်၌ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ်၍ ယုဒအမျိုး၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အား ပေးတော်မူ၏။ 12ထိုအခါ ပထမလ တစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုးပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။ 13အာဒါအမည်ရှိသော ဒွါဒသမလ တစ်ဆယ်သုံးရက် တစ်နေ့ချင်းတွင်၊ ယုဒလူအကြီးအငယ် မိန်းမ ကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးစေခြင်းငှာ၊ အမိန့်တော်စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော်အပြည်ပြည်သို့ ပေးလိုက်လေ၏။ 14ဤရွေ့ကား၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှာ၊ အတိုင်းတိုင်းအပြည်ပြည်၌ ကြော်ငြာရသော အမိန့်တော်စာချက် ဖြစ်သတည်း။ 15ရှုရှန်နန်းတော်၌ ထိုအမိန့်တော်စာကို ကြော်ငြာပြီးမှ၊ ရှင်ဘုရင် စီရင်သည်အတိုင်း၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ ရှင်ဘုရင်နှင့် ဟာမန်သည် စပျစ်ရည်သောက်ပွဲ၌ ထိုင်၍၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း။
Currently Selected:
ဧသတာ 3: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.