၂ ကောရိန္သု 13
13
နောက်ဆုံးသတိပေးခြင်း
1ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံ နှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။- 2တစ်ဖန် ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသောသူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တစ်ဖန် ရှိဘိသကဲ့သို့ ငါပြောနှင့်၏။- 3သင်တို့တွင် အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိတ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။- 4အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။- 5သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့။ ကိုယ်ကိုကိုယ် စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကို ကိုယ်မသိကြသလော။- 6ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့ သိကြလိမ့်မည်ဟု ငါထင်မှတ်မျှော်လင့်ခြင်းရှိ၏။- 7ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှာ၊ မကောင်းသောအကျင့် တစ်စုံတစ်ခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြု၏။- 8ငါတို့သည် သမ္မာတရားကို ဆီးတားခြင်းငှာ အလျှင်းမတတ်နိုင်ကြ။- 9သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည် အားနည်း၍ သင်တို့သည် အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။- 10ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
11ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာဝမ်းမြောက်ခြင်း ရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်း အသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်း ချမ်းသာကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတ္တံ့။- 12အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။- 13သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။- 14သခင်ယေရှုခရစ်၏ ကျေးဇူးတော်လည်းကောင်း၊ ဘုရားသခင်၏ မေတ္တာတော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယတော်လည်းကောင်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
ကောရိန္သုဩဝါဒစာဒုတိယစောင်ပြီး၏။
Currently Selected:
၂ ကောရိန္သု 13: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.