YouVersion Logo
Search Icon

၂ ရာဇဝင်ချုပ် 7

7
ဗိ​မာန်​တော်​ကို​ဆက်​ကပ်​ခြင်း
(၃​ရာ၊ ၈:၆၂-၆၆)
1ထို​သို့ ရှော​လ​မုန်​သည် ပ​တ္ထ​နာ​ပြု၍ ပြီး​သော​အ​ခါ၊ ကောင်း​ကင်​က​မီး​ကျ၍ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို လောင်​သ​ဖြင့်၊ အိမ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​နှင့်​ပြည့်၏။#ဝတ်၊ ၉:၂၃-၂၄။ 2ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် ဘုန်း​တော်​နှင့်​ပြည့်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​သို့ မ​ဝင်​နိုင်​ကြ။ 3ထို​သို့​မီး​ကျ၍ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် အိမ်​တော်​ပေါ်​မှာ သက်​ရောက်​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြင်​လျှင်၊ ကျောက်​ခင်း​အ​ရပ်၌ မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက် ကောင်း​မြတ်​တော်​မူ​သည်၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။#၅ ရာ၊ ၁၆:၃၄၊ ၆ ရာ၊ ၅:၁၃၊ ဧဇ၊ ၃:၁၁၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁၊ ယေ၊ ၃၃:၁၁။
4ထို​အ​ခါ ရှော​လ​မုန်​မင်း​ကြီး​နှင့်​တ​ကွ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပူ​ဇော်​ကြ၏။ 5နွား​နှစ်​သောင်း​နှစ်​ထောင်၊ သိုး​တစ်​သိန်း​နှစ်​သောင်း​တို့​ကို ယဇ်​ပူ​ဇော်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​နု​မော​ဒ​နာ​ပြု​ကြ၏။ 6ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​ဖို့ ဒါ​ဝိဒ်​မင်း​ကြီး​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက် ဒါ​ဝိဒ်၏ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်၍ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။ 7ရှော​လ​မုန်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​လုပ်​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ကောင်​ဆီ​ဥ​ကို မ​ခံ​လောက်။
8ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။ 9အ​ဋ္ဌ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ကြ၏။ ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ပြီး​မှ၊ နောက်​တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​ကြ၏။ 10ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် ရှော​လ​မုန်​မှ​စ​သော မိ​မိ​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သ​မျှ​သော ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ လူ​များ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ​မည်​အ​ကြောင်း၊ သ​တ္တ​မ​လ​နှစ်​ဆယ်​သုံး​ရက်​နေ့​တွင် လွှတ်​လိုက်​တော်​မူ၏။
ဘု​ရား​သ​ခင်​တစ်​ဖန်​ထင်ရှားခြင်း
(၃ ရာ၊ ၉:၁-၉)
11ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို လက်​စ​သတ်၍၊ ဗိ​မာန်​တော်​နှင့်​နန်း​တော်၌ လုပ်​ဆောင်​မည်​ဟု ကြံ​စည်​လေ​သ​မျှ​သော အ​ကြံ​သည် အ​ထ​မြောက်​သော​အ​ခါ၊ 12ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ချိန်​တွင်​ထင်​ရှား​တော်​မူ​လျက်၊ သင်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ ဤ​အ​ရပ်​ဌာ​န​ကို ယဇ်​ပူ​ဇော်​ရာ အိမ်​ဖြစ်​စေ​ခြင်း​ငှာ ကိုယ်​အ​ဖို့ ငါ​ရွေး​ယူ​ပြီ။ 13မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​သည် မိုး​ခေါင်​စေ​သော်​လည်း​ကောင်း၊ ကျိုင်း​တို့​သည် မြေ​အ​သီး​အ​နှံ​ကို ကိုက်​စား​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော်​လည်း​ကောင်း၊ ငါ့​လူ​တို့၌ ကာ​လ​နာ​ကို​စေ​လွှတ်​သော်​လည်း​ကောင်း၊ 14ငါ့​နာ​မ​ဖြင့်​သ​မုတ်​သော ငါ့​လူ​တို့​သည် ကိုယ်​ကို​နှိမ့်​ချ​သ​ဖြင့်၊ ငါ့​မျက်​နှာ​ကို​ရှာ​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်​လျှင် ငါ​သည် ကောင်း​ကင်​ဘုံ၌ နား​ထောင်​မည်။ သူ​တို့​အ​ပြစ်​ကို​ဖြေ၍ သူ​တို့​ပြည်​ကို ချမ်း​သာ​ပေး​မည်။ 15ငါ​ကြည့်​ရှု​မည်။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို ငါ​နား​ထောင်​မည်။ 16ငါ့​နာ​မ​သည် အ​စဉ်​တည်၍ ငါ့​မျက်​စိ​နှင့် ငါ့​နှ​လုံး အ​စဉ်​စွဲ​လမ်း​စ​ရာ​ဖို့ ဤ​အိမ်​ကို​ငါ​ရွေး​ချယ်၍ သန့်​ရှင်း​စေ​ပြီ။ 17သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊ 18ဣ​သ​ရေ​လ​နိုင်​ငံ​ကို အုပ်​စိုး​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု သင့်​အ​ဘ​ဒါ​ဝိဒ်​နှင့် ငါ​ပ​ဋိ​ညာဉ်​ဖွဲ့​သည်​အ​တိုင်း၊ သင်​ထိုင်​ရ​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​ငါ​တည်​စေ​မည်။#၃ ရာ၊ ၂:၄။ 19သို့​မ​ဟုတ် သင်​တို့​သည် လမ်း​လွဲ၍ ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စွန့်​ပယ်​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ 20ငါ​ပေး​သော​ပြည်​မှ သူ​တို့​ကို အ​မြစ်​နှင့်​တ​ကွ ငါ​နုတ်​ပစ်​မည်။ ငါ့​နာ​မ​အ​ဖို့ ငါ​သန့်​ရှင်း​စေ​သော ဤ​အိမ်​တော်​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပုံ​ခိုင်း​ရာ​ကဲ့​ရဲ့​ရာ ဖြစ်​စေ​မည်။ 21အ​ရပ်​မြင့်​သော ဤ​အိမ်​တော်​ကို​လည်း လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​နှင့် ဤ​အိမ်​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု တစ်​ယောက်​က​မေး​မြန်း​သော်၊ 22တစ်​ယောက်​က၊ သူ​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သူ​တို့​သည်​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​ကို​မှီ​ဝဲ​လျက် ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့် ဤ​အ​မှု​အ​လုံး​စုံ​ကို ရောက်​စေ​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ၂ ရာဇဝင်ချုပ် 7