၂ ရာဇဝင်ချုပ် 5
5
1ထိုသို့ ရှောလမုန်သည် ထာဝရဘုရား၏ အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကို ဆောင်ခဲ့၍ ဘုရားသခင်၏အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။#၂ရာ၊ ၈:၁၁။ ၅ရာ၊ ၁၈:၁၁။
ပဋိညာဉ်သေတ္တာကိုဗိမာန်တော်သို့ ပင့်ဆောင်ခြင်း
(၃ရာ၊ ၈:၁-၉)
2ထိုအခါ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့လိုသောငှာ၊ ရှောလမုန်သည် ဣသရေလ အမျိုးအသက်ကြီးသူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကိုအုပ်သော ခေါင်းမင်းအပေါင်းတို့ကို၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း၊#၂ရာ၊ ၆:၁၂-၁၅။ ၅ရာ၊ ၁၅:၂၅-၂၈။ 3ဣသရေလလူ အပေါင်းတို့သည်၊ သတ္တမလ၌လုပ်သော ပွဲအတွင်းတွင်၊ ရှင်ဘုရင်ထံတော်သို့ စုဝေးရောက်လာကြ၏။ 4ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည်လာ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းလျက်၊ 5ပရိသတ်စည်းဝေးရာတဲတော်၊ တဲတော်နှင့်ဆိုင်၍၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။ 6ရှောလမုန်မင်းကြီးမှစ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ၏။ 7ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့ သွင်း၍ အလွန်သန့်ရှင်းရာ ဌာနတည်းဟူသော ဗျာဒိတ်ဌာနတော်ထဲမှာ၊ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။ 8ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော်နေရာ အပေါ်မှာ ဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းပိုးတို့ကို လွှမ်းမိုးလျက်ရှိကြ၏။ 9ထမ်းပိုးတို့ကို ဆွဲထားသဖြင့်၊ ထမ်းပိုးဖျားတို့သည် ပြင်ခန်း၌မထင်၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာနတော်၌သာ ထင်၍ ယနေ့တိုင်အောင်ရှိကြ၏။ 10ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်းထားသော ကျောက်ပြားနှစ်ပြားမှတစ်ပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။#တရား၊ ၁၀:၅။
ထာဝရဘုရား၏ဘုန်းအသရေတော်
11ထိုအခါ စည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကိုမစောင့်၊ ရှိသမျှတို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊ 12သီချင်းဆိုသော လေဝိသားအာသပ်တပည့်၊ ဟေမန်တပည့်၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင်၍၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ဘက်၌ ရပ်နေကြ၏။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တစ်ရာနှစ်ဆယ်တို့သည်လည်း၊ 13သီချင်းဆိုသောသူတို့နှင့် ဝိုင်းလျှင်၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်း၍ ထောမနာပြုခြင်းငှာ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော်မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုးခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရဘုရား၏အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။#၅ ရာ၊ ၁၆:၃၄၊ ၆ ရာ၊ ၇:၃၊ ဧဇ၊ ၃:၁၁၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁၊ ယေ၊ ၃၃:၁၁။ 14ထိုသို့ ဘုရားသခင်၏အိမ်တော်သည် ထာဝရဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍မနေနိုင်ကြ။#ထွ၊ ၄၀:၃၄-၃၅။
Currently Selected:
၂ ရာဇဝင်ချုပ် 5: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.