၁ ဓမ္မရာဇဝင် 22
22
ယဇ်ပုရောဟိတ်တို့ကိုသတ်ဖြတ်ခြင်း
1ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူ့အစ်ကိုများ၊ အဆွေအမျိုးများ အပေါင်းတို့သည် ကြားလျှင် သူ့ထံသို့သွားကြ၏။#ဆာ၊ ၅၇ ခေါင်းစဉ်။ ဆာ၊ ၁၄၂ ခေါင်းစဉ်။ 2အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူ အပေါင်းတို့သည်၊ သူ့ထံမှာစုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကိုအုပ်ရ၏။ 3ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော်ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊ 4မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သောဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။ 5တစ်ဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သောဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌နေ၏။
6ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကိုကိုင်လျက်၊ ကျွန်အပေါင်းတို့သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည်ပေါ်ကြောင်းကို ရှောလုကြား၍၊ 7အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အရာ၌ ခန့်ထားနိုင်သလော။ 8ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တစ်ဖက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိတ်သဟာယဖွဲ့ကြောင်းကို တစ်ယောက်မျှမပြော။ ငါ့အတွက် တစ်ယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည်အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှာ၊ ငါ့သားနှိုးဆော်ကြောင်းကို တစ်ယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊#ဆာ၊ ၅၂ ခေါင်းစဉ်။ 9ရှောလု၏ကျွန်အုပ် ဧဒုံအမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။ 10အဟိမလက်သည် ယေရှဲ၏သားအဖို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကိုလည်းကောင်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ဓားကိုလည်းကောင်းပေးပါ၏ဟု ကြားလျှောက်လျှင်၊ 11ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကိုခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။ 12ရှောလုကလည်း၊ အဟိတုပ်၏သားနားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည်သခင်ဟု လျှောက်၏။ 13ရှောလုကလည်း၊ သင်နှင့်ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တစ်ဖက်၌ သင်းဖွဲ့ကြသနည်း။ သူသည် ယနေ့ပြုသည်အတိုင်း ငါ့ကိုပုန်ကန်စေခြင်းငှာ သင်သည် မုန့်နှင့်ဓားကိုပေး၍ သူ့အဖို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊ 14အဟိမလက်က၊ ကိုယ်တော်၏ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော် ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။ 15ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဖို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစ်စုံတစ်ယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။ 16ရှင်ဘုရင်က၊ အဟိမလက်၊ သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟုဆိုလျက်၊ 17ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာနေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံဘဲနေကြ၏။ 18တစ်ဖန် ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအားမိန့်တော်မူသည်အတိုင်း၊ ဧဒုံအမျိုးသားဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကိုဝတ်သော ယဇ်ပုရောဟိတ်ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။ 19ယဇ်ပုရောဟိတ်ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ဓားနှင့်လုပ်ကြံလေ၏။ 20အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာအမည်ရှိသော သူတစ်ယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။ 21ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အားကြားပြောသောအခါ၊ 22ဒါဝိဒ်က၊ ဧဒုံအမျိုးသားဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှာပြုမိပါပြီတကား။ 23ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
Currently Selected:
၁ ဓမ္မရာဇဝင် 22: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.