တောလည်ရာကျမ်း 34
34
ကတိတော်ပြည်၏နယ်နိမိတ်
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့သည် ခါနာန်ပြည်သို့ရောက်သောအခါ အမွေအဖြစ် သင်တို့ရရှိမည့် ခါနာန်ပြည်၏နယ်မြေအပိုင်းအခြားကား ဤသို့ဖြစ်ရမည်။ 3တောင်ဘက်ခြမ်းသည် ဧဒုံပြည်နယ်စပ်တစ်လျှောက်ရှိ ဇိနတောကန္တာရမှစရမည်။ တောင်ဘက်နယ်နိမိတ်သည် အရှေ့ဘက်တွင် ဆားပင်လယ်#34:3 သို့မဟုတ် “ပင်လယ်သေ”။အစွန်းမှစရမည်။ 4ထိုမှ နယ်နိမိတ်သည် အကရဗ္ဗိမ်တောင်ကုန်း၏တောင်ဘက်သို့ကွေ့သွား၍ ဇိနတောကိုဖြတ်ပြီး ကာဒေရှဗာနာအရပ်သို့ရောက်ရမည်။ ထိုမှ တောင်ဘက် ဟာဇရဒ္ဒါအရပ်သို့ရောက်၍ အာဇမုန်အရပ်ကိုဖြတ်ရမည်။ 5နယ်နိမိတ်သည် အာဇမုန်အရပ်မှ အီဂျစ်ချောင်းသို့ကွေ့သွား၍ ပင်လယ်၌ ဆုံးရမည်။ 6အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်#34:6 သို့မဟုတ် “ပင်လယ်ကြီး”။နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။ 7မြောက်ဘက်နယ်နိမိတ်ကို မြေထဲပင်လယ်မှ ဟောရတောင်အထိ၊ 8ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။ 9ထိုမှ နယ်နိမိတ်သည် ဇိဖြုန်အထိဆက်သွား၍ ဟာဇရေနန်၌ ဆုံးရမည်။ ဤသည်ကား သင်တို့အဖို့ မြောက်ဘက်နယ်နိမိတ်ဖြစ်ရမည်။ 10အရှေ့ဘက်နယ်နိမိတ်ကို ဟာဇရေနန်မှရှေဖံအထိ ပိုင်းခြားရမည်။ 11နယ်နိမိတ်သည် ရှေဖံမှ အဣနအရှေ့ဘက် ရိဗလတိုင်အောင် ဆင်းလာရမည်။ ထိုမှ နယ်နိမိတ်သည် ဆက်သွား၍ အရှေ့ဘက်တွင်ဂင်နေသရက်အိုင်စပ်အထိ ရောက်ရမည်။ 12ထိုမှ နယ်နိမိတ်သည် ဂျော်ဒန်မြစ်တစ်လျှောက်ဆက်သွား၍ ဆားပင်လယ်၌ ဆုံးရမည်။ ဤသည်ကား သင်တို့ပြည်၏နယ်မြေအပိုင်းအခြား ဖြစ်၏”ဟု မိန့်တော်မူ၏။ 13မောရှေကလည်း အစ္စရေးအမျိုးသားတို့အား “ဤသည်ကား အမျိုးအနွယ်ကိုးနွယ်နှင့် အမျိုးအနွယ်တစ်ဝက်တို့အား ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မဲဖြင့်ခွဲ၍ သင်တို့အမွေဆက်ခံရမည့်မြေဖြစ်၏။ 14ရုဗင်သားမြေးတို့၏အမျိုးအနွယ်သည် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ ဂဒ်သားမြေးတို့၏အမျိုးအနွယ်သည်လည်း ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် သူတို့၏အမွေကို ရပြီးဖြစ်၏။ မနာရှေအမျိုးအနွယ်တစ်ဝက်သည်လည်း သူတို့၏အမွေကို ရပြီးဖြစ်၏။ 15ဤအမျိုးအနွယ်နှစ်နွယ်နှင့် တစ်ဝက်သည် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ အရှေ့ဘက်နေထွက်ရာအရပ်တွင် အမွေရပြီးဖြစ်၏”ဟု မိန့်မှာလေ၏။
ခါနာန်ပြည်ကိုခွဲဝေပေးမည့်ခေါင်းဆောင်များ
16တစ်ဖန် ထာဝရဘုရားက မောရှေအား
17“သင်တို့အတွက် အမွေမြေကို ခွဲဝေပေးမည့်သူတို့၏အမည်မှာ ယဇ်ပုရောဟိတ်ဧလာဇာနှင့် နုန်၏သားယောရှု ဖြစ်၏။ 18အမွေမြေကို ခွဲဝေပေးဖို့ အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကိုလည်း သင်တို့ ခေါ်ရမည်။
19ထိုသူတို့၏အမည်မှာ ယုဒအမျိုးအနွယ်မှ ယေဖုန္နာ၏သား ကာလက်၊
20ရှိမောင်သားမြေးတို့၏အမျိုးအနွယ်မှ အမိဟုဒ်၏သား ရှေမွေလ၊
21ဗင်္ယာမိန်အမျိုးအနွယ်မှ ခိသလုန်၏သား ဧလိဒဒ်၊
22ဒန်သားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ယောဂလိ၏သား ဗုက္ကိ၊
23ယောသပ်သားမြေးတို့တွင် မနာရှေသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ဧဖုဒ်၏သား ဟံယေလ၊
24ဧဖရိမ်သားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ရှိဖတန်၏သား ကေမွေလ၊
25ဇာဗုလုန်သားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ပါနက်၏သား ဧလိဇာဖန်၊
26ဣသခါသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် အဇ္ဇန်၏သား ပါလတေလ၊
27အာရှာသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် ရှေလောမိ၏သား အဘိဟုဒ်၊
28နဿလိသားမြေးတို့၏အမျိုးအနွယ်ခေါင်းဆောင် အမိဟုဒ်၏သား ပေဒဟေလ တို့ဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
29ဤသူတို့ကား ခါနာန်ပြည်၌ အစ္စရေးအမျိုးသားတို့အား အမွေခွဲပေးရန် ထာဝရဘုရား ခန့်ထားတော်မူသောသူများဖြစ်ကြ၏။
Currently Selected:
တောလည်ရာကျမ်း 34: MSBZ
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative