ယေရမိအနာဂတ္တိကျမ်း 24
24
ကောင်းသောသဖန်းသီးနှင့်မကောင်းသောသဖန်းသီး
1ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။ 2ခြင်းတောင်းတစ်တောင်းထဲတွင် အဦးဆုံးမှည့်သောအသီးကဲ့သို့ အလွန်ကောင်းသောသဖန်းသီးများရှိ၏။ ကျန်ခြင်းတောင်းတစ်တောင်းထဲတွင် မကောင်းသောသဖန်းသီးရှိ၏။ စား၍မရအောင် ပုပ်နေ၏။ 3ထိုအခါ ထာဝရဘုရားက ငါ့အား “ယေရမိ၊ မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “သဖန်းသီးများကို မြင်ပါ၏။ ကောင်းသောသဖန်းသီးများသည် အလွန်ကောင်းပါ၏။ မကောင်းသောသဖန်းသီးများသည် စား၍မရအောင် ပုပ်နေပါ၏”ဟု ပြန်လျှောက်၏။
4ထို့နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာ၍ 5“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ယုဒပြည်မှ ခါလဒဲပြည်သို့ ငါပို့လိုက်သော၊ ယုဒပြည်မှ ဖမ်းခေါ်သွားခြင်းခံရသောသူတို့သည် ဤကောင်းသောသဖန်းသီးများကဲ့သို့ ဖြစ်ကြ၏။ သူတို့ကို ကောင်းသောသူများအဖြစ် ငါမှတ်ယူမည်။ 6သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။ 7ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိကျွမ်းသောစိတ်နှလုံးကို သူတို့အား ငါပေးမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အကြောင်းမူကား သူတို့သည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြမည်’ဟု မိန့်တော်မူ၏။
8ထာဝရဘုရားက ‘ငါသည် ယုဒဘုရင်ဇေဒကိမှစ၍ သူ၏မှူးမတ်များနှင့် ဤပြည်၌ကျန်ရစ်သော ဂျေရုဆလင်မြို့သူမြို့သားများ၊ အီဂျစ်ပြည်သို့ပြောင်းရွှေ့နေထိုင်သောသူများကို စား၍မရအောင်ပုပ်နေသောသဖန်းသီးကဲ့သို့ ဖြစ်စေမည်။ 9မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။ 10သူတို့နှင့် သူတို့၏ဘိုးဘေးတို့အား ငါပေးသောပြည်တွင် သူတို့တစ်ယောက်မျှမကြွင်းကျန်တော့သည့်တိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကို သူတို့ထံ စေလွှတ်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 24: MSBZ
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative