YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 19

19
မြေအိုး
1ထာဝရဘုရား​က “​အိုးထိန်းသည်​ထံ​သွား​၍ မြေအိုး​ကို​ဝယ်ယူ​ပြီးလျှင် သက်ကြီးဝါကြီး​လူ​အချို့​၊ သက်ကြီးဝါကြီး​ယဇ်ပုရောဟိတ်​အချို့​တို့​နှင့်အတူ 2အိုးခြမ်းပဲ့​တံခါး​နား​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​သို့​သွား​၍ သင့်​အား ငါ​မိန့်မှာ​သော​စကား​တို့​ကို ထို​အရပ်​၌​ကြွေးကြော်​လော့​။ 3‘အို ယုဒ​ဘုရင်​နှင့် ဂျေရုဆလင်​မြို့သား​တို့​၊ ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို​နားထောင်​ကြ​လော့​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် ဤ​အရပ်​၌​ဘေးအန္တရာယ် ကျရောက်​စေ​မည်​။ ကြား​ရ​သူ​တိုင်း နားခါး​လိမ့်မည်​။ 4အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ ဤ​အရပ်​ကို ညစ်ညမ်း​စေ​ပြီ​။ သူ​တို့​ကိုယ်တိုင်​မ​သိ​၊ ယုဒ​ဘုရင်​တို့​လည်း​မ​သိ​၊ သူ​တို့​၏​ဘိုးဘေး​တို့​လည်း​မ​သိ​သော အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြ​ပြီ​။ ဤ​အရပ်​ကို​လည်း အပြစ်မဲ့​သော​သူ​တို့​အား​သတ်​သော​အပြစ်​နှင့်​ပြည့်​စေ​ပြီ​။ 5ငါ​မိန့်မှာ​ပြောဆို​ခဲ့​ခြင်း မ​ရှိ​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် သူ​တို့​သည် ယဇ်ပလ္လင်​များ​ကို​တည်ဆောက်​ကြ​ပြီး သူ​တို့​၏​သားသမီး​များ​ကို မီးရှို့ရာယဇ်​အဖြစ် ဗာလ​ဘုရား​အား ပူဇော်​ကြ​၏​ဟု မိန့်​တော်မူ​ပြီ​။
6သို့ဖြစ်၍ ထာဝရဘုရား​က ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက် ရောက်လာ​လိမ့်မည်​။ 7ဤ​အရပ်​၌ ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​၏​အကြံအစည်​များ​ကို ပျက်ပြား​စေ​မည်​။ သူ​တို့​ကို ရန်သူ​တို့​ရှေ့​တွင် ဓား​ဖြင့်​ကျဆုံး​စေ​မည်​။ သူ​တို့​၏​အသက်​ကို ရန်ရှာ​သော​သူ​တို့​လက်​ဖြင့် ကျဆုံး​စေ​မည်​။ အလောင်းကောင်​တို့​ကို မိုးကောင်းကင်​ငှက်​နှင့် မြေ​တိရစ္ဆာန်​တို့​အတွက် အစာ​ဖြစ်​စေ​မည်​။ 8ဤ​မြို့​ကို လူသူကင်းမဲ့​ရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​စေ​မည်​။ ဤ​မြို့​ခံရ​သော​ဘေးဒဏ်​ကြောင့် ဤ​မြို့​နား ဖြတ်သန်း​သွား​သော​သူ​တိုင်း အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။ 9သူ​တို့​အသက်​ကို​ရန်ရှာ​သော​ရန်သူ​တို့​သည် သူ​တို့​ကို ဝိုင်းရံ​ထား​သဖြင့် အကျပ်အတည်း​ထဲသို့​ရောက်​သောအခါ သူ​တို့​သား​သမီး​များ​၏​အသား​ကို သူ​တို့​အား ပြန်စား​စေ​မည်​။ သူ​တို့​သည် အချင်းချင်း​တို့​၏​အသား​ကို ပြန်စား​ကြ​ရ​မည်​ဟူ၍ မိန့်​တော်မူ​ပြီ’​ဟု ဆင့်ဆို​လော့​။
10သင်​နှင့်အတူ​လိုက်ပါ​သော​လူ​တို့​၏​ရှေ့​၌ မြေအိုး​ကို​ခွဲ​ပြီးလျှင် 11သူ​တို့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အိုးထိန်းသည် ပြန်​ဆက်စပ်​၍​မ​ရ​နိုင်​အောင် မြေအိုး​ကို​ခွဲ​သကဲ့သို့ ဤ​လူမျိုး​နှင့်​ဤ​မြို့​ကို ငါ​ခွဲ​မည်​။ တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် သူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။ 12တစ်ဖန် ထာဝရဘုရား​က ဤ​မြို့​နှင့်​မြို့သား​တို့​ကို ထိုသို့ ငါ​ပြု​မည်​။ ဤ​မြို့​ကို တောဖက်​အရပ်​ကဲ့သို့ ဖြစ်​စေ​မည်​။ 13သူ​တို့​သည် ခေါင်မိုး​များ​ပေါ်တွင် ကောင်းကင်တန်ဆာ​ရှိသမျှ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​၏​။ အခြား​သော​ဘုရား​များ​ရှေ့​တွင် သွန်းလောင်းရာပူဇော်သက္ကာ​ကို​ပူဇော်​၏​။ ထို့ကြောင့် ဂျေရုဆလင်​မြို့​ရှိ​အိမ်​များ​၊ ယုဒ​ဘုရင်​တို့​၏​နန်းတော်​များ​သည် တောဖက်​အရပ်​ကဲ့သို့ ညစ်ညူး​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်​တော်မူ​၏​။
14ထို့နောက် ပရောဖက်ပြု​ရန်​ထာဝရဘုရား​စေလွှတ်​တော်မူ​သော ယေရမိ​သည် တောဖက်​အရပ်​မှ​ပြန်လာ​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​၌​ရပ်​လျက် လူ​အပေါင်း​တို့​အား 15“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သူ​တို့​သည် ခေါင်းမာ#19:15 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းမာ”။၍ ငါ့​စကား​ကို​နား​မ​ထောင်​ကြ​သောကြောင့် ငါ​မိန့်ဆို​ခဲ့​သည့်​အတိုင်း ဘေးအန္တရာယ်​အလုံးစုံ​ကို ဤ​မြို့​နှင့်​ရွာ​ရှိသမျှ​အပေါ် ကျရောက်​စေ​မည်​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု ဆင့်ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 19