YouVersion Logo
Search Icon

ဇာခရိအနာဂတ္တိကျမ်း 4

4
ပဉ္စမစိတ်အာရုံ-ရွှေဆီမီးခုံ
1ငါ​နှင့်​စကားပြော​ခဲ့​သော​ကောင်းကင်တမန်​သည် ပြန်လာ​၍ အိပ်ပျော်​နေ​သူ​ကို လှုပ်နှိုး​သကဲ့သို့ ငါ့​ကို နှိုး​ပြီးလျှင် 2ငါ့​အား “​သင်​မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​သော် ငါ​က​လည်း “ထိပ်​တွင် ဖလား​တစ်​ခု​ပါ​ပြီး ရွှေ​အတိ​ဖြစ်​သော​ဆီမီးခုံ​ကို မြင်​ရ​ပါ​၏​။ ထို​ဆီမီးခုံ​တွင် အလက်​ခုနစ်​ခု​ပါ​၏​။ ထို​အလက်​များ​ထိပ်​တွင် မီးခွက် ခုနစ်​ခု​ပါရှိ​၏​။ 3ထို့ပြင် ဆီမီးခုံ​အနီး ဖလား​၏​ယာဘက်​တွင်​တစ်​ပင်​၊ ဝဲ​ဘက်​တွင်​တစ်​ပင် သံလွင်ပင်​နှစ်​ပင်​ကို မြင်​ရ​ပါ​၏​”​ဟု ပြန်ဖြေ​၏​။
4ထို့နောက် ငါ​နှင့်​စကားပြော​သော​ကောင်းကင်တမန်​အား ငါ​က “​အကျွန်ုပ်​၏​သခင်​၊ ဤ​အရာ​များ​ကား မည်သို့ ဆိုလို​ပါ​သနည်း​”​ဟု မေးလျှောက်​လျှင် 5ငါ​နှင့်​စကားပြော​သော​ကောင်းကင်တမန်​က “​ဤ​အရာ​များ မည်သို့ ဆိုလို​သည်​ကို သင် မ​သိ​သလော​”​ဟု ပြန်မေး​၏​။ ငါ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​မ​သိ​ပါ​”​ဟု ပြန်လျှောက်​၏​။
6ထိုအခါ သူ​က ငါ့​အား “​ဤကား ဇေရုဗဗေလ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ဖြစ်​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​စစ်သည်​ဗိုလ်ခြေ​ကြောင့် မ​ဟုတ်​။ အစွမ်းတန်ခိုး​ကြောင့်​မ​ဟုတ်​။ ငါ့​ဝိညာဉ်​အားဖြင့်​သာ ဖြစ်​၏​။ 7အို တောင်​ကြီး​၊ သင်​သည် မည်သူ​နည်း​။ သင်​သည် ဇေရုဗဗေလ​ရှေ့​တွင် လွင်ပြင် ဖြစ်သွား​ရ​လိမ့်မည်​။ သူ​သည် ထောင့်ချုပ်ကျောက်​ကို ထုတ်ယူ​လာ​သောအခါ “ကောင်း​ပေ​၏​။ ကောင်း​ပေ​၏”​ဟု ဩဘာပေး​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”ဟု ပြောပြ​၏​။
8တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 9“ဇေရုဗဗေလ​ကိုယ်တိုင် ဤ​အိမ်​တော်​ကို အုတ်မြစ်ချ​ခဲ့​ပြီ​။ သူ​ကိုယ်တိုင်​ပင် အပြီးတိုင် ဆက်လက်​တည်ဆောက်​လိမ့်မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို သင်​တို့​ထံသို့ စေလွှတ်​တော်မူ​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်မည်​။ 10သေးငယ်​သော​အမှု​များ​ပြု​သော​နေ့ရက်​ကို မည်သူ မထီမဲ့မြင်ပြု​သနည်း​။ သို့သော် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​ကြည့်ရှု​လျက်​နေ​သော ထာဝရဘုရား​၏​မျက်လုံး​တော်​ခုနစ်​လုံး​သည် ဇေရုဗဗေလ​လက်​ထဲမှ ချိန်သီးတုံး​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​၏​”​ဟု မိန့်ဆို​၏​။
11ငါ​က​လည်း “​ဆီမီးခုံ​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​ရှိ သံလွင်ပင်​နှစ်​ပင်​ကား မည်သို့ ဆိုလို​သနည်း”​ဟု မေးလျှောက်​၏​။ 12တစ်ဖန် ငါ​က “ရွှေရည်​စီးဆင်း​နေ​သော​ရွှေ​ပြွန်​နှစ်​ခု​ဘေး​ရှိ သံလွင်ပင်​မှ​ဖြာထွက်​သော​အလက်​နှစ်​ခု​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​ရာ
13သူ​က “​ဤ​အရာ​များ မည်သို့ ဆိုလို​သည်​ကို သင်​မ​သိ​သလော​”​ဟု မေး​လျှင် ငါ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​မ​သိ​ပါ​”​ဟု ပြန်လျှောက်​၏​။
14သူ​က​လည်း “​ဤ​အရာ​များ​ကား မြေ​တစ်ပြင်လုံး​၏​အရှင်​ရှေ့​၌ ခစား​သော ဘိသိက်​ခံရ​သူ​နှစ်​ဦး​ကို ဆိုလို​သည်​”​ဟု မိန့်ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဇာခရိအနာဂတ္တိကျမ်း 4