YouVersion Logo
Search Icon

ရောမဩဝါဒစာ 7

7
ပညတ်တရားမှလွတ်မြောက်ခွင့်ရခြင်း
1ညီအစ်ကို​တို့၊ ပညတ်​တရား​ကို​သိ​ထား​သော​သူ​တို့​အား ငါ​ဆို​သည်​ကား ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ​အသက်ရှင်​နေ​သမျှ​ကာလ​၌​သာ ချုပ်ကိုင်​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ 2ဥပမာ​ဆို​သော် ကာမပိုင်​ရှိ​သော​အမျိုးသမီး​တစ်​ဦး​သည် ပညတ်​တရား​အရ အသက်ရှင်​နေ​သော​ခင်ပွန်း​နှင့်​အနှောင်အဖွဲ့​ရှိ​၏။ ခင်ပွန်း​သေ​လျှင်​မူကား ခင်ပွန်း​နှင့်​ပတ်သက်​သော​ပညတ်​တရား​မှ ကင်းလွတ်​၏။ 3သို့ဖြစ်၍ ခင်ပွန်း​အသက်ရှင်​နေ​စဉ် အခြား​သော​ယောက်ျား​နှင့်​ပေါင်း​လျှင် ဖောက်ပြန်​သော​မိန်းမ​ဟု အခေါ်​ခံရ​လိမ့်မည်။ ခင်ပွန်း​သေဆုံး​လျှင်​မူကား ထို​ပညတ်​တရား​မှ ကင်းလွတ်​သည်​ဖြစ်​၍ အခြား​သော​ယောက်ျား​နှင့်​ပေါင်း​သော်လည်း ဖောက်ပြန်​သော​မိန်းမ​မ​ဟုတ်​ပေ။
4ထိုနည်းတူ ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည်​လည်း ခရစ်တော်​၏​ကိုယ်ခန္ဓာ​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ကြ​ပြီ။ ဤသည်ကား သင်​တို့​သည် အခြား​သူ​တည်းဟူသော သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​အရှင်​နှင့် သက်ဆိုင်​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး ဘုရားသခင်​အတွက် အသီး​များ​ဖြစ်ထွန်း​စေရန်​ဖြစ်​၏။ 5အကြောင်းမူကား ငါ​တို့​သည် သွေးသား​ဇာတိ​၌​တည်​လျက်​ရှိ​စဉ်​က ပညတ်​တရား​ကြောင့်​ဖြစ်​ပေါ်လာ​သည့် ပြင်းပြ​သော​အပြစ်​ပြု​လို​စိတ်​သည် ငါ​တို့​၏​ကိုယ်အင်္ဂါ​များ​၌ သက်ဝင်​လှုပ်ရှား​နေ​သဖြင့် သေ​ခြင်း​အတွက် အသီး​များ​ဖြစ်ထွန်း​စေ​၏။ 6သို့သော် ယခု​အခါ ငါ​တို့​သည် ငါ​တို့​ကို​ချုပ်နှောင်​ထား​သော​ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီး ပညတ်​တရား​မှ ကင်းလွတ်​ခွင့်​ရ​ကြ​ပြီ​ဖြစ်၍ အက္ခရာတင်​ထား​သော​တရား​၏​နည်းလမ်း​ဟောင်း​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၏​နည်းလမ်း​သစ်​အားဖြင့် အစေခံ​လျက်​ရှိ​ကြ​၏။
ပညတ်တရားနှင့်အပြစ်
7သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ပညတ်​တရား​သည် အပြစ်​လော။ လုံးဝ​မ​ဟုတ်​ပေ။ သို့သော် ပညတ်​တရား​အားဖြင့်​မ​ဟုတ်​လျှင် အပြစ်​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။ အဘယ်ကြောင့်​ဆိုသော် “တပ်မက်​သော​စိတ်​မ​ရှိ​ရ”#ထွ 20:17၊ တရား 5:21။​ဟု ပညတ်​တရား​က မ​ဆို​ထား​လျှင် တပ်မက်​ခြင်း​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။ 8သို့သော် အပြစ်​သည် ပညတ်​တော်​အားဖြင့် အခွင့်​ရ​ကာ ငါ​၌ တပ်မက်​ခြင်း​မျိုးစုံ​ကို ဖြစ်ပေါ်​စေ​၏။ တစ်နည်းဆိုသော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​သည် အသေ​ဖြစ်​၏။ 9ငါ​သည် တစ်ချိန်က ပညတ်​တရား​မ​ပါ​ဘဲ အသက်ရှင်​ခဲ့​၏။ သို့သော် ပညတ်​တော်​ရောက်လာ​သောအခါ အပြစ်​သည် ပြန်လည်​ရှင်သန်​လာ​ပြီး ငါ​မူကား သေဆုံး​ခဲ့​သဖြင့် 10အသက်ရှင်​ခြင်း​သို့​ရောက်​စေ​ရ​မည့် ဤ​ပညတ်​တော်​သည် သေ​ခြင်း​သို့​ရောက်​စေ​သည်​ကို ငါ​တွေ့​၏။ 11အကြောင်းမူကား အပြစ်​သည် ပညတ်​တော်​အားဖြင့် အခွင့်​ရ​ကာ ငါ့​ကို​လှည့်ဖြား​၍ ထို​ပညတ်တော်​အားဖြင့် ငါ့​ကို​သတ်​လေ​၏။ 12ထို့ကြောင့် ပညတ်​တရား​သည် သန့်ရှင်း​၏။ ပညတ်​တော်​သည်​လည်း သန့်ရှင်း​ဖြောင့်မတ်​၍ ကောင်းမြတ်​၏။
13သို့ဖြစ်လျှင် ဤ​ကောင်းမြတ်​သော​အရာ​သည် ငါ့​အတွက် သေ​ခြင်း​အကြောင်း​ဖြစ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။ ငါ့​အတွက် သေ​ခြင်း​အကြောင်း​ဖြစ်​သော​အရာ​မှာ အပြစ်​ပင်​ဖြစ်၍ အပြစ်​သည် အပြစ်​ဖြစ်​ကြောင်း ထင်ရှား​စေရန် ဤ​ကောင်းမြတ်​သော​အရာ​အားဖြင့် ငါ​၌ သေ​ခြင်း​ကို​ဖြစ်ပေါ်​စေ​၏။ ဤသို့ဖြင့် အပြစ်​သည် ပညတ်​တော်​အားဖြင့် အတိုင်းထက်အလွန် အပြစ်​များ​သော​အရာ​ဖြစ်လာ​၏။
14ပညတ်​တရား​သည် ဝိညာဉ်ရေး​နှင့်ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့ရာတွင် ငါ​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​ဖြစ်​ပြီး အပြစ်​တရား​၏​လက်အောက်​တွင် ရောင်းစား​ခြင်း​ခံရ​သူ​ဖြစ်​၏​။ 15ငါ​သည် မိမိ​ပြု​နေ​သည့်​အမှု​ကို​ပင် ကိုယ်တိုင်​နား​မ​လည်​ပေ။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် ကိုယ်​ပြု​လို​သော​အရာ​ကို မ​ပြု​ဘဲ ကိုယ်​မုန်း​သော​အရာ​ကို ပြု​နေ​၏။ 16ထိုသို့ ငါ​သည် ကိုယ်​မ​ပြု​လို​သော​အရာ​ကို ပြု​နေ​သည်​ဆိုလျှင် ပညတ်​တရား​ကောင်းမြတ်​ကြောင်း​ကို ဝန်ခံ​ခြင်း​ဖြစ်​၏။ 17သို့ဖြစ်လျှင် ထို​အရာ​ကို​ပြု​သော​သူ​မှာ ငါ​မ​ဟုတ်​တော့​ဘဲ ငါ့​အထဲ၌​ကိန်းအောင်း​နေ​သော အပြစ်​ပင်​ဖြစ်​၏။ 18ငါ့​အထဲ၌ တစ်နည်းအားဖြင့် ငါ​၏​သွေးသား​ဇာတိ​ထဲ၌ ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ကိန်းအောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်လည်း ၎င်း​ကို ပြု​နိုင်စွမ်း​မ​ရှိ။ 19အကြောင်းမူကား ငါ​သည် ကိုယ်​ပြု​လို​သည့် ကောင်း​သော​အမှု​ကို​မ​ပြု​ဘဲ မ​ပြု​လို​သည့် မကောင်း​သော​အမှု​ကို ပြု​နေ​၏။ 20သို့သော် ကိုယ်​မ​ပြု​လို​သော​အရာ​ကို ငါ​ပြု​နေ​သည်​ဆိုလျှင် ၎င်း​ကို ငါ​ကိုယ်တိုင်​ပြု​သည်​မ​ဟုတ်​တော့​ဘဲ ငါ့​အထဲ၌​ကိန်းအောင်း​နေ​သော​အပြစ်​က ပြု​ခြင်း​ဖြစ်​၏။
21သို့ဖြစ်၍ ကောင်း​သော​အမှု​ကို​ပြု​လို​သော​ငါ​၌ မကောင်း​သော​အမှု​ရှိ​နေ​သည်​ဟူသော​သဘော​တရား​ကို ငါ​တွေ့​၏။ 22တစ်နည်းဆိုသော် ငါ​သည် အတွင်း​ဝိညာဉ်​လူ​အားဖြင့် ဘုရားသခင်​၏​တရား​တော်​၌ နှစ်သက်​ဝမ်းမြောက်​လျက်​ရှိ​သော်လည်း 23ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အခြား​သော​တရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်နှလုံး​၏​တရား​နှင့် တိုက်ခိုက်​လျက်​နေ​သဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အပြစ်​နှင့်ဆိုင်သော​တရား​အားဖြင့် ငါ့​ကို​ဖမ်းဆီး​ချုပ်နှောင်​ထား​သည်​ကို ငါ​မြင်​၏။ 24ငါ​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်သူ​သည် သေ​ခြင်း​နှင့်ဆိုင်သော ဤ​ကိုယ်ခန္ဓာ​မှ ငါ့​ကို ကယ်နုတ်​မည်နည်း။ 25သို့သော် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ ဤသို့ဖြင့် ငါ​သည် မိမိ​စိတ်နှလုံး​အားဖြင့် ဘုရားသခင်​၏​တရား​တော်​ကို အစေခံ​လျက်​ရှိ​သော်လည်း သွေးသား​ဇာတိ​အားဖြင့် အပြစ်​နှင့်ဆိုင်သော​တရား​ကို အစေခံ​လျက်​ရှိ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in