ဆာလံကျမ်း 96
96
မြေကြီးဘုရင်
1ထာဝရဘုရားထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ သီကျူးကြလော့။
2ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကို တစ်နေ့ပြီးတစ်နေ့ ဟောပြောကြလော့။
3ကိုယ်တော်၏ဘုန်းအသရေတော်ကို တိုင်းနိုင်ငံတို့အလယ်၌လည်းကောင်း၊
ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို လူမျိုးအပေါင်းတို့အလယ်၌လည်းကောင်း
ပြောကြားကြလော့။
4အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ချီးမွမ်းဖွယ်အလွန်ကောင်း၏။
ကိုယ်တော်သည် ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။
5အကယ်စင်စစ် လူမျိုးခြားတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုများသာဖြစ်ကြ၏။
ထာဝရဘုရားမူကား ကောင်းကင်ကိုဖန်ဆင်းတော်မူ၏။
6ဘုန်းကျက်သရေနှင့်ဘုန်းအာနုဘော်သည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏။
အစွမ်းတန်ခိုးနှင့်ဂုဏ်ကျက်သရေသည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ရှိ၏။
7လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။
ထာဝရဘုရား၌ ဘုန်းအသရေနှင့်အစွမ်းတန်ခိုးရှိကြောင်း သိမှတ်ဝန်ခံကြလော့။
8ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု
သိမှတ်ဝန်ခံကြလော့။
ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။
9သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသောထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
မြေကြီးသားအပေါင်းတို့၊ ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။
10“ထာဝရဘုရားသည် စိုးစံတော်မူ၏”ဟု လူမျိုးတကာတို့အလယ်၌ ပြောဆိုကြလော့။
ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် တည်ထားတော်မူ၏။
ကိုယ်တော်သည် လူတို့ကို သမာသမတ်ရှိစွာ စစ်ကြောစီရင်တော်မူလိမ့်မည်။
11မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။
ပင်လယ်နှင့် ပင်လယ်ထဲရှိအရာအားလုံးတို့လည်း မြည်ဟည်းကြပါစေ။
12ကွင်းပြင်နှင့် ကွင်းပြင်ရှိအရာအားလုံး ရွှင်မြူးကြပါစေ။
ထိုအခါ တောသစ်ပင်အားလုံး ထာဝရဘုရား၏ရှေ့တော်၌
ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။
13အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူ၏။
ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကိုယ်တော်ကြွလာတော်မူ၏။
ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊
လူတို့ကို မိမိ၏သစ္စာတော်ဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။#ဗျာ 19:11။
Currently Selected:
ဆာလံကျမ်း 96: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative