YouVersion Logo
Search Icon

ဆာလံကျမ်း 91

91
အမြင့်ဆုံးသောကွယ်ကာရာ
1အမြင့်ဆုံး​သော​အရှင်​၏​ကွယ်ကာ​ရာ​အရပ်​၌ နေ​သော​သူ​သည်
အနန္တတန်ခိုးရှင်​၏​အရိပ်​ကို ခို​ရ​လိမ့်မည်​။
2“​ငါ​၏​ခိုလှုံ​ရာ​၊ ငါ​၏​ရဲတိုက်​၊ ငါ​ယုံကြည်ကိုးစား​သော ငါ​၏​ဘုရားသခင်​”​ဟု
ထာဝရဘုရား​နှင့်​ပတ်သက်၍ ငါ​ဆို​၏​။
3အကယ်စင်စစ် ကိုယ်တော်​သည် ငှက်မုဆိုး​၏​ကျော့ကွင်း​မှ​လည်းကောင်း​၊
သေ​စေ​တတ်​သော​ကပ်ရောဂါ​ဘေး​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​တော်မူ​လိမ့်မည်​။
4ကိုယ်တော်​သည် မိမိ​၏​အတောင်​တော်​အမွေး​ဖြင့် သင့်​ကို​အုပ်မိုး​တော်မူ​လိမ့်မည်​။
သင်​သည်​လည်း ကိုယ်တော်​၏ အတောင်​တော်​အောက်​၌ ခိုလှုံ​ရ​လိမ့်မည်​။
ကိုယ်တော်​၏​သစ္စာ​တော်​သည် ဒိုင်းကာ​နှင့်​ဒိုင်းလွှား​ဖြစ်​၏​။
5သင်​သည် ညအချိန်​၌​ဖြစ်​တတ်​သော ကြောက်မက်ဖွယ်ဘေး​ကို​လည်းကောင်း​၊
နေ့​အချိန်​၌​လွင့်ပျံ​သော​မြား​ကို​လည်းကောင်း​၊
6မှောင်ကြီးမည်းကြီး​ထဲ၌​လှည့်လည်​တတ်​သော ကပ်ရောဂါ​ကို​လည်းကောင်း​၊
မွန်းတည့်အချိန်​၌​ဖျက်ဆီး​တတ်​သော ဘေးဥပဒ်​ကို​လည်းကောင်း ကြောက်ရွံ့​ရ​လိမ့်မည်​မ​ဟုတ်​။
7သင်​၏​အနီး​တွင် လူ​တစ်ထောင်​၊ သင်​၏​လက်ယာ​ဘက်​တွင် လူ​တစ်သောင်း လဲကျ​သော်လည်း
ထို​ဘေး​တို့​သည် သင့်​ထံသို့ ရောက်လာ​မည်​မ​ဟုတ်​။
8သင်​သည် ဆိုးယုတ်​သော​သူ​တို့​အပေါ် ကျရောက်​သည့်​ပြစ်ဒဏ်​ကို
သင့်​မျက်စိ​ဖြင့်​ကြည့်​၍ မြင်ရုံ​မျှသာ​ဖြစ်​လိမ့်မည်​။
9“​ထာဝရဘုရား​သည် ငါ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​”​ဟု သင်​သည်​ဆို​လျက်
အမြင့်ဆုံး​သော​အရှင်​ကို သင်​၏​မှီခို​ရာ​ဖြစ်စေ​သောကြောင့်
10ဘေးအန္တရာယ်​သည် သင့်​အပေါ်​သို့ ကျရောက်​မည်​မ​ဟုတ်​။
ဘေးဒဏ်​သည်​လည်း သင်​၏​တဲ​အနီး​သို့ ချဉ်းကပ်​မည်​မ​ဟုတ်​။
11အကြောင်းမူကား သင်​၏​လမ်းခရီး​ရှိသမျှ​တို့​၌ သင့်​ကို​စောင့်ရှောက်​စေရန်
ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့ မိန့်မှာ​တော်မူ​မည်​ဖြစ်၍
12သင်​၏​ခြေ​ကို​ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန်
သူ​တို့​သည် သင့်​ကို​လက်​ဖြင့်​ချီပင့်​ကြ​လိမ့်မည်​။#မ 4:6၊ လု 4:11။
13သင်​သည် ခြင်္သေ့​နှင့်​မြွေဟောက်​အပေါ်​နင်းသွား​၍
ခြင်္သေ့ပျို​နှင့်​မြွေနဂါး​ကို နင်းချေ​လိမ့်မည်​။
14“​သူ​သည် ငါ့​ကို​ချစ်​သောကြောင့် ငါ​သည် သူ့​ကို​ကယ်တင်​မည်​။
ငါ​၏​နာမ​ကို​သိ​သောကြောင့် သူ့​ကို လုံခြုံ​စွာ​စောင့်ရှောက်​မည်​။
15သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။
ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။
ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။
16ရှည်​သော​အသက်​ဖြင့် သူ့​ကို​ပြည့်စုံကြွယ်ဝ​စေ​၍ ငါ​၏​ကယ်တင်​ခြင်း​ကို သူ့​အား​ပြ​မည်​။​”

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in