YouVersion Logo
Search Icon

ဆာလံကျမ်း 88

88
ဘေးဒုက္ခထဲမှာ အော်ဟစ်ခြင်း
ကောရ​သား​တို့​၏​ဆာလံ​သီချင်း​၊ ဂီတမှူး​အတွက်​၊ “​မာဟလတ် လေအနွတ်​” သံစဉ်​၊ ဧဇရဟိတ်​အမျိုး​၊ ဟေမန်​၏​အလိမ္မာ​သီချင်း
1အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင် ထာဝရဘုရား​၊
အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​၌ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​ပါ​၏​။
2အကျွန်ုပ်​၏​ဆုတောင်းသံ​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​ရောက်​ပါစေသော​။
အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို ဂရုစိုက်​နားထောင်​တော်မူ​ပါ​။
3အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ဘေးအန္တရာယ်​နှင့်​ပြည့်​လျက်​ရှိ​ပါ​၏​။
အကျွန်ုပ်​၏​အသက်​သည်​လည်း မရဏာနိုင်ငံ​နှင့်​ကပ်​နေ​ပါ​ပြီ​။
4အကျွန်ုပ်​သည် သေတွင်း​ထဲသို့ ဆင်းသွား​သော​သူ​တို့​တွင် ရေတွက်​ခြင်း​ခံရ​ပြီး
အား​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​ပါ​၏​။
5သတ်ဖြတ်​ခြင်း​ခံရ​ပြီး သင်္ချိုင်းတွင်း​၌ လဲလျောင်း​နေ​ကြ​သူ​များ​တည်းဟူသော
နောက်တစ်ဖန် ကိုယ်တော်​၏​အောက်မေ့​ခြင်း​ကို မ​ခံရ​ဘဲ
လက်​တော်​၏​မစ​ခြင်း​မှ အဆက်ပြတ်​နေ​သော​သူ​များ​ကဲ့သို့
သေ​သော​သူ​တို့​အလယ်​တွင် ပစ်ထား​ခြင်း​ခံရ​ပါ​၏​။
6ကိုယ်တော်​သည် အကျွန်ုပ်​ကို အမှောင်ဆုံး​၊ အနက်ဆုံး
တွင်းနက်​ထဲ၌ ချထား​တော်မူ​ပြီ​။
7ကိုယ်တော်​၏​အမျက်ဒေါသ​သည် အကျွန်ုပ်​အပေါ်​၌ လေးလံ​လျက်​ရှိ​ပါ​၏​။
ကိုယ်တော်​၏​လှိုင်းလုံး​ရှိသမျှ​တို့​သည်​လည်း အကျွန်ုပ်​ကို ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။(​စေလာ#88:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8ကိုယ်တော်​သည် အကျွန်ုပ်​၏​အသိမိတ်ဆွေ​များ​ကို အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​ပါ​ပြီ​။
အကျွန်ုပ်​ကို သူ​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်စေ​တော်မူ​ပါ​ပြီ​။
အကျွန်ုပ်​သည် ပိတ်​မိ​နေ​သဖြင့် မ​ထွက်​နိုင်​ပါ​။
9ဖိစီးနှိပ်စက်မှု​ကြောင့် အကျွန်ုပ်​၏​မျက်စိ​သည် မှုန်ဝါး​နေ​ပါ​၏​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို နေ့စဉ်နေ့တိုင်း​ခေါ်​လျက်
ကိုယ်တော့်​ထံ အကျွန်ုပ်​၏​လက်​ကို ဆန့်တန်း​နေ​ပါ​၏​။
10ကိုယ်တော်​သည် သေလွန်​သော​သူ​တို့​အတွက် အံ့ဖွယ်​သော​အမှု​တို့​ကို ပြု​တော်မူ​ပါ​သလော​။
သေသူ၏ဝိညာဉ်​များ​သည် ထ​၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​သလော​။(​စေလာ#88:10 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
11ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို သင်္ချိုင်းတွင်း​၌​လည်းကောင်း​၊
ကိုယ်တော်​၏​သစ္စာ​တော်​ကို ပျက်စီး#88:11 ဟီဘရူးဘာသာစကားအားဖြင့် “အဗဒ္ဒု​န်”။​ခြင်း​နိုင်ငံ​၌​လည်းကောင်း ပြောကြား​ကြ​ပါ​သလော​။
12ကိုယ်တော်​ပြု​တော်မူ​သော​အံ့ဖွယ်​သော​အမှု​တို့​ကို အမှောင်​ထဲ၌​လည်းကောင်း​၊
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို မေ့လျော့​ရာ​ပြည်​၌​လည်းကောင်း သိမှတ်​ကြ​ပါ​သလော​။
13အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။
နံနက်အချိန်​၌ အကျွန်ုပ်​၏​ဆုတောင်းချက်​သည် ကိုယ်တော့်​ထံသို့​ရောက်​ပါ​၏​။
14အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​စွန့်ပယ်​၍
အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​ပါ​သနည်း​။
15အကျွန်ုပ်​သည် ငယ်ရွယ်​စဉ်​မှစ၍ အဖိနှိပ်​ခံရ​လျက် သေလုနီးပါး​ဖြစ်​ရ​ပါ​၏​။
ကိုယ်တော်​နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်​ရာ​များ​နှင့်​ကြုံ​ရ​၍ စိတ်ပျက်​အားငယ်​ရ​ပါ​၏​။
16ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​သွား​၍
ကိုယ်တော်​၏​ကြောက်မက်ဖွယ်​ရာ​များ​သည် အကျွန်ုပ်​ကို ဖယ်ရှားသုတ်သင်​ကြ​ပါ​၏​။
17၎င်း​တို့​သည် ရေ​ကဲ့သို့ အကျွန်ုပ်​ကို တစ်နေ့လုံး​ဝိုင်း​ထား​၍
အဘက်ဘက်​မှ အကျွန်ုပ်​ကို ဝန်းရံ​ကြ​ပါ​၏​။
18ချစ်​သော​သူ​နှင့်​မိတ်ဆွေ​ကို ကိုယ်တော်​သည် အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။
အကျွန်ုပ်​သည် မှောင်မိုက်​နှင့်​သာ မိတ်ဖွဲ့​ရ​ပါ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in