YouVersion Logo
Search Icon

ဆာလံကျမ်း 83

83
ရန်သူကို ဆန့်ကျင်ဆုတောင်းခြင်း
အာသပ်​၏​ဆာလံ​သီချင်း
1အို ဘုရားသခင်​၊ နှုတ်ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်​။ အို ဘုရားသခင်​၊ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။
ငြိမ်သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။
2အကြောင်းမူကား ကိုယ်တော်​၏​ရန်သူ​တို့​သည် ဆူပူသောင်းကျန်း​ကြ​ပြီး
ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ခေါင်း​ထောင်​လာ​ကြ​ပါ​၏​။
3သူ​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​အပေါ် ဉာဏ်နီဉာဏ်နက်​ထုတ်​၍
ကိုယ်တော်​ကာကွယ်​ထား​သော​သူ​တို့​အပေါ် လျှို့ဝှက်ကြံစည်​ကြ​ပါ​၏​။
4သူ​တို့​က “​လာ​ကြ​၊ အစ္စရေး​ဟူသော​အမည်နာမ​ကို နောက်တစ်ဖန် အောက်မေ့စရာ​အကြောင်း​မ​ရှိ​စေရန်
သူ​တို့​ကို လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ကြ​ကုန်စို့​”​ဟု ဆို​ကြ​ပါ​၏​။
5အမှန်စင်စစ် သူ​တို့​သည် စိတ်သဘော​တညီတညွတ်တည်း​ဖြင့်
လျှို့ဝှက်ကြံစည်​ကြ​၍ ကိုယ်တော်​ကို​ဆန့်ကျင်​လျက် မဟာမိတ်​ဖွဲ့​ကြ​ပါ​၏​။
6ထို​သူ​တို့​တွင် ဧဒုံ​ပြည်သား​များ​နှင့်​ဣရှမေလ​လူမျိုး​များ​၊
မောဘ​ပြည်သား​များ​နှင့်​ဟာဂရိ​လူမျိုး​များ​၊
7ဂေဗလ​လူမျိုး​၊ အမ္မုန်​လူမျိုး​နှင့်​အာမလက်​လူမျိုး​များ​၊ တိုင်ရာ​မြို့သား​များ​နှင့်
ဖိလိတ္တိ​ပြည်သား​များ ပါဝင်​ကြ​ပါ​၏​။
8အဆီးရီးယား​လူမျိုး​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ပူးပေါင်း​လျက်
လောတ​၏​အမျိုးအနွယ်​များ​အတွက် လက်ရုံး​အင်အား​ဖြစ်​ကြ​ပါ​၏​။(​စေလာ#83:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
9မိဒျန်​လူမျိုး​အပေါ်​၌​လည်းကောင်း​၊ ကိရှုန်​ချောင်း​နားတွင် သိသရ​နှင့်​ယာဘိန်​မင်းကြီး​တို့​အပေါ်​၌​လည်းကောင်း
ကိုယ်တော်​ပြု​သကဲ့သို့ သူ​တို့​အပေါ်​၌ ပြု​တော်မူ​ပါ​။
10သူ​တို့​သည် အင်္ဒေါရ​အရပ်​တွင် ဖျက်ဆီး​ခြင်း​ခံရ​၍
မြေကြီး​ပေါ်မှ မြေဆွေး​ဖြစ်​ကြ​ပါ​ပြီ​။
11သူ​တို့​၏​မင်းအရာရှိ​တို့​ကို ဩရဘ​မင်းကြီး​နှင့်​ဇေဘ​မင်းကြီး​ကဲ့သို့​လည်းကောင်း​၊
သူ​တို့​၏​မင်းညီမင်းသား​အပေါင်း​တို့​ကို ဇေဘဟ​မင်းကြီး​နှင့် ဇာလမုန္န​မင်းကြီး​ကဲ့သို့​လည်းကောင်း ဖြစ်စေ​တော်မူ​ပါ​။
12ထို​သူ​တို့​က “​ဘုရားသခင်​ပိုင်​သော​စားကျက်​များ​ကို ငါ​တို့​အတွက်​သိမ်းယူ​ကြ​ကုန်စို့​”​ဟု
ဆို​ကြ​ပါ​၏​။
13အို အကျွန်ုပ်​၏​ဘုရားသခင်​၊ သူ​တို့​ကို လေတိုက်ရာ​သို့​လုံးထွေး​လိမ့်ပါ​သွား​တတ်​သော
ချုံပင်​ကဲ့သို့​လည်းကောင်း​၊ လေတိုက်​ရာ​သို့​လွင့်ပါ​သွား​တတ်​သည့်
ကောက်ရိုးမျှင်​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​ပါ​။
14မီး​သည် တော​ကို​လောင်​သကဲ့သို့​လည်းကောင်း​၊
မီးလျှံ​သည် တောင်​ကို လောင်ကျွမ်း​သကဲ့သို့​လည်းကောင်း​၊
15ကိုယ်တော်​၏​မုန်တိုင်း​အားဖြင့် သူ​တို့​ကို​လိုက်လံညှဉ်းဆဲ​၍
ကိုယ်တော်​၏​လေပွေ​အားဖြင့် သူ​တို့​ကို​ထိတ်လန့်​စေ​တော်မူ​ပါ​။
16အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ရှာ​ကြ​စေရန်
သူ​တို့​၏​မျက်နှာ​ကို အရှက်ကွဲ​ခြင်း​နှင့်​ပြည့်​စေ​တော်မူ​ပါ​။ 17သူ
တို့​သည် ထာဝစဉ်​အရှက်ကွဲ​၍ ထိတ်လန့်​ကြ​ရ​ပါစေသော​။
မျက်နှာပျက်​၍ ပျက်စီး​ကြ​ရ​ပါစေသော​။
18ထိုသို့ဖြင့် ထာဝရဘုရား​ဟူသော​နာမ​တော်​ရှိ​သည့် ကိုယ်တော်​တစ်ပါးတည်း​သာလျှင်
ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အမြင့်ဆုံး​သော​အရှင်​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​ပါစေသော​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in