ဆာလံကျမ်း 74
74
အစ္စရေးအမျိုးသားတို့အတွက် ဆုတောင်းခြင်း
အာသပ်၏အလိမ္မာသီချင်း
1အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။
ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ်
အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
2ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊
အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသောအမျိုးအနွယ်နှင့်
ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို အောက်မေ့တော်မူပါ။
3ထာဝရပျက်စီးဆိတ်သုဉ်းသောအရပ်သို့ ခြေဦးလှည့်တော်မူပါ။
ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ထဲ၌ ရှိသမျှတို့ကို ဖျက်ဆီးကြပါပြီ။
4ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ တွေ့ဆုံစည်းဝေးရာနေရာတွင် အော်ဟစ်ကြပါ၏။
သူတို့၏အောင်လံများကို အမှတ်လက္ခဏာအဖြစ်စိုက်ထူကြပါပြီ။
5သူတို့သည် သစ်ပင်ထူထပ်သောအရပ်တွင်
ပုဆိန်ကိုဝှေ့ယမ်းသောသူကဲ့သို့ဖြစ်ပြီး
6ယခုတွင် ဗိမာန်တော်ထဲမှပန်းပုရုပ်အားလုံးတို့ကို
ပုဆိန်နှင့်တူတို့ဖြင့် ရိုက်ချိုးကြပါ၏။
7သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။
ကိုယ်တော်၏နာမတော်တည်ရာအရပ်ကို မြေသို့ကျသည့်တိုင်အောင် ရှုတ်ချကြပါ၏။
8“သူတို့ကို အပြီးတိုင်ချေမှုန်းကြမည်”ဟု မိမိတို့စိတ်ထဲ၌ ဆိုကြပါ၏။
ပြည်တော်အတွင်းရှိ ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာနေရာရှိသမျှတို့ကို မီးရှို့ကြပါ၏။
9အကျွန်ုပ်တို့၏အမှတ်လက္ခဏာများကို အကျွန်ုပ်တို့မမြင်ရပါ။ ပရောဖက်လည်းမရှိတော့ပါ။
မည်မျှအထိ ဤသို့ဖြစ်မည်ကိုသိသောသူလည်း အကျွန်ုပ်တို့ထဲတွင်မရှိပါ။
10အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။
ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။
11ကိုယ်တော်၏လက်တော်၊ ကိုယ်တော်၏လက်ယာလက်တော်ကိုပင်
အဘယ်ကြောင့်ရုပ်သိမ်းတော်မူသနည်း။
လက်တော်ကို လျှိုထားရာမှထုတ်၍ သူတို့ကို အပြီးသတ်သုတ်သင်တော်မူပါ။
12သို့သော် ဘုရားသခင်သည် ရှေးကာလမှစ၍ အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။
ကိုယ်တော်သည် ကမ္ဘာမြေအလယ်၌ ကယ်တင်ခြင်းအမှုကိုပြုတော်မူ၏။
13ကိုယ်တော်သည် အစွမ်းသတ္တိအားဖြင့် ပင်လယ်ကိုပိုင်းခြား၍
ရေထဲရှိသတ္တဝါကြီးတို့၏ဦးခေါင်းကို ခွဲတော်မူ၏။
14ကိုယ်တော်သည် လဝိသန်#74:14 “အကောင်ကြီးသောရေသတ္တဝါတစ်မျိုး”။ ယောဘ 41:1 ကိုရှု။၏ဦးခေါင်းတို့ကို ကြေမွစေ၍
ကန္တာရသတ္တဝါတို့အား စားစရာအဖြစ်ပေးတော်မူ၏။
15ကိုယ်တော်သည် စမ်းရေနှင့်စမ်းချောင်းကို ပေါက်ထွက်စေ၍
အမြဲစီးဆင်းသောမြစ်များကို ခန်းခြောက်စေတော်မူ၏။
16နေ့ကို ကိုယ်တော်ပိုင်တော်မူသကဲ့သို့ ညကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။
ကိုယ်တော်သည် အလင်းအိမ်နှင့်တကွ နေကိုတည်စေတော်မူ၏။
17ကိုယ်တော်သည် ကမ္ဘာမြေကြီး၏ နယ်နိမိတ်အားလုံးကို သတ်မှတ်၍
နွေရာသီနှင့်ဆောင်းရာသီကို ဖြစ်ပေါ်စေတော်မူ၏။
18အို ထာဝရဘုရား၊ ရန်သူသည် ကိုယ်တော့်ကိုကဲ့ရဲ့ပြစ်တင်သည်ကိုလည်းကောင်း၊
မိုက်မဲသောသူသည် ကိုယ်တော်၏နာမတော်ကို
မထီလေးစားပြုသည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
19ကိုယ်တော့်ချိုးငှက်၏အသက်ကို သားရဲတိရစ္ဆာန်အား ပေးတော်မမူပါနှင့်။
ကိုယ်တော်၏အဖိနှိပ်ခံရသောလူတို့၏အသက်ကို အစဉ်မေ့လျော့တော်မမူပါနှင့်။
20ပဋိညာဉ်တော်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။
အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်ရှိမှောင်မိုက်သောအရပ်တို့သည်
ရက်စက်ကြမ်းကြုတ်မှုကျက်စားရာအရပ်သက်သက် ဖြစ်ပါ၏။
21ဖိနှိပ်ချုပ်ချယ်ခြင်းခံရသောသူသည် အသရေပျက်၍ ပြန်လှည့်လာရခြင်း မရှိပါစေနှင့်။
အဖိနှိပ်ခံရသောသူနှင့် နွမ်းပါးသောသူသည်
ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြပါစေသော။
22အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်တော်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းတော်မူပါ။
မိုက်မဲသောသူသည် ကိုယ်တော်ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်သည်ကို အောက်မေ့တော်မူပါ။
23ကိုယ်တော့်ရန်သူတို့၏အသံတည်းဟူသော ကိုယ်တော်တစ်ဖက်၌ထကြွသောသူတို့ထံမှ
အစဉ်မပြတ်ထွက်ပေါ်လာသည့် အုတ်အုတ်ကျက်ကျက်အသံကို မေ့လျော့တော်မမူပါနှင့်။
Currently Selected:
ဆာလံကျမ်း 74: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative