YouVersion Logo
Search Icon

ဆာလံကျမ်း 71

71
အိုမင်းချိန် ဘုရားသခင်မစမှု
1အို ထာဝရဘုရား​၊ ကိုယ်တော်​၌​အကျွန်ုပ်​ခိုလှုံ​ပါ​၏​။
အကျွန်ုပ်​ကို မည်သည့်​အခါ​မျှ အရှက်တကွဲ​ဖြစ်စေ​တော်​မ​မူ​ပါ​နှင့်​။
2ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​ကို​ကယ်နုတ်​၍ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။
အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​ပြီး အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
3အကျွန်ုပ်​အစဉ်မပြတ်​ဝင်ရောက်​မှီခို​နိုင်​သော​ကျောက်ဆောင်​ဖြစ်​တော်မူ​ပါ​။
အကျွန်ုပ်​ကို​ကယ်တင်​ရန် ကိုယ်တော်​အမိန့်ရှိ​တော်မူ​ပြီ​။
အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကျောက်​နှင့် အကျွန်ုပ်​၏​ရဲတိုက်​ဖြစ်​ပါ​၏​။
4အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း​၊
မတရား​သော​သူ​နှင့်​ကြမ်းကြုတ်​သော​သူ​၏​လက်​ထဲမှ​လည်းကောင်း
အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။
5အကြောင်းမူကား အို ဘုရားရှင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မျှော်လင့်ရာ​ဖြစ်​ပါ​၏​။
အကျွန်ုပ်​ပျိုရွယ်​စဉ်​မှစ၍ အကျွန်ုပ်​၏​ကိုးစား​ရာ​ဖြစ်​ပါ​၏​။
6အကျွန်ုပ်​သည် မွေးဖွား​ချိန်​မှစ၍ ကိုယ်တော်​ကို​မှီခိုအားထား​ပါ​၏​။
အကျွန်ုပ်​၏​မိခင်​ဝမ်း​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​ခဲ့​သော​အရှင်​မှာ ကိုယ်တော်​သာ​ဖြစ်​ပါ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​ကို အစဉ်​ချီးမွမ်း​ပါ​မည်​။
7အကျွန်ုပ်​သည် များစွာ​သော​သူ​တို့​အတွက် ရှေ့ပြေးနိမိတ်​ကဲ့သို့​ဖြစ်​ပါ​၏​။
သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုင်ခံ့​သော​ခိုလှုံ​ရာ​ဖြစ်​ပါ​၏​။
8အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​နှင့်
ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ဖြင့် တစ်နေ့လုံး​ပြည့်​လျက်​ရှိ​ပါ​၏​။
9အကျွန်ုပ်​အိုမင်း​သောအခါ အကျွန်ုပ်​ကို​ပစ်ထား​တော်​မ​မူ​ပါ​နှင့်​။
အကျွန်ုပ်​၏​ခွန်အား​ကုန်ခန်း​သောအခါ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။
10အကြောင်းမူကား အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။
အကျွန်ုပ်​အသက်​ကို စောင့်ကြည့်​နေ​သော​သူ​တို့​သည်​လည်း အတူတကွ​လျှို့ဝှက်ကြံစည်​ကြ​လျက်
11“​ဘုရားသခင်​သည် သူ့​ကို​စွန့်ပစ်​လေ​ပြီ​။
ကယ်နုတ်​မည့်​သူ​မ​ရှိ​သည်​ဖြစ်၍ သူ့​ကို​လိုက်​၍​ဖမ်းဆီး​ကြ​လော့​”​ဟု ဆို​ကြ​ပါ​၏​။
12အို ဘုရားသခင်​၊ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။
အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။
13အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​တို့​သည် အရှက်ကွဲ​၍ ပျက်စီး​ကြ​ရ​ပါစေသော​။
အကျွန်ုပ်​ဒုက္ခ​ရောက်​ရန် ရှာကြံ​သော​သူ​တို့​သည် ကဲ့ရဲ့ပြစ်တင်​ခြင်း​နှင့်​အသရေပျက်​ခြင်း​၌ နစ်မွန်း​ကြ​ရ​ပါစေသော​။
14အကျွန်ုပ်​မူကား ကိုယ်တော်​ကို အစဉ်မပြတ်​မျှော်လင့်ကိုးစား​၍
ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​အပေါင်း​ကို ပို၍​ပို၍​ချီးမွမ်း​ပါ​မည်​။
15ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်​ကယ်တင်​ခြင်း​ကို
အကျွန်ုပ် အကုန်အစင်​မ​သိ​နိုင်​သော်လည်း အကျွန်ုပ်​၏​နှုတ်​သည် ထို​အကြောင်း​တို့​ကို တစ်နေ့လုံး​ပြောကြား​ပါ​မည်​။
16အကျွန်ုပ်​သည် ဘုရားရှင်​ထာဝရဘုရား​၏ အစွမ်းတန်ခိုး​တော်​များ​ဖြင့် သွား​၍
ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​သာ ထုတ်ဖော်​ပြောဆို​ပါ​မည်​။
17အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​ပျိုရွယ်​စဉ်​မှစ၍ အကျွန်ုပ်​ကို​သွန်သင်​တော်မူ​ပါ​ပြီ​။
သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ယခု​တိုင်အောင် ပြောကြား​ပါ​၏​။
18အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဘုန်းလက်ရုံး​တော်​အကြောင်း​ကို ဤ​မျိုးဆက်​အား​လည်းကောင်း​၊
ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အကြောင်း​ကို နောင်လာနောက်သား​အပေါင်း​တို့​အား​လည်းကောင်း
မ​ပြောကြား​မီ​တိုင်အောင် အကျွန်ုပ်​သည် အိုမင်း​၍ ဆံပင်ဖြူ​လျက်​ရှိ​လျှင်ပင်
အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။
19အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် အထက်ကောင်းကင်​တိုင်အောင်​ရောက်​ပါ​၏​။
ကြီးမြတ်​သော​အမှု​တို့​ကို​ပြု​တော်မူ​သော ဘုရားသခင်​၊ မည်သူ​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။
20အကျွန်ုပ်​အား များစွာ​သော​ဆင်းရဲဒုက္ခ​နှင့် ဘေးအန္တရာယ်​တို့​ကို ကြုံတွေ့​စေ​တော်မူ​သော​ကိုယ်တော်​သည်
အကျွန်ုပ်​ကို အသက်ရှင်​စေ​၍ မြေကြီး​၏​နက်ရှိုင်း​ရာ​အရပ်​ထဲမှ အကျွန်ုပ်​ကို ပြန်​တက်လာ​စေ​တော်မူ​လိမ့်မည်​။
21ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပို၍​ကြီးမြတ်​စေ​လျက် အကျွန်ုပ်​ကို တစ်ဖန် နှစ်သိမ့်ပေး​တော်မူ​လိမ့်မည်​။
22အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သစ္စာ​တော်​အတွက်
စောင်းပြား​တူရိယာ​တီး​၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​မည်​။
အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၊
အကျွန်ုပ်​သည် ကိုယ်တော်​ကို စောင်း​တီး​၍ သီဆိုချီးမွမ်း​ပါ​မည်​။
23ကိုယ်တော်​ကို​သီဆိုချီးမွမ်း​သောအခါ အကျွန်ုပ်​၏​နှုတ်ခမ်း​သည်​လည်းကောင်း​၊
ကိုယ်တော်​ရွေးနုတ်ကယ်တင်​တော်မူ​သော အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည်​လည်းကောင်း
ရွှင်လန်း​စွာ​ကြွေးကြော်​ပါ​မည်​။
24အကျွန်ုပ်​၏​လျှာ​သည်​လည်း ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။
အကြောင်းမူကား အကျွန်ုပ်​ဒုက္ခ​ရောက်​စေရန် ရှာကြံ​သော​သူ​တို့​သည်
အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ပါ​ပြီ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in