ဆာလံကျမ်း 51
51
အပြစ်များခွင့်လွှတ်ပေးတော်မူရန် ဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ဒါဝိဒ်သည် ဗာသရှေဘထံဝင်ရောက်ကျူးလွန်ပြီးနောက် သူ့ထံပရောဖက်နာသန်ရောက်လာသောအခါ စပ်ဆိုသောဆာလံ
1အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။
ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
2အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍
အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
3အကြောင်းမူကား အကျွန်ုပ်ကျူးလွန်သောအပြစ်များကို အကျွန်ုပ်သိပါ၏။
အကျွန်ုပ်၏အပြစ်သည် အကျွန်ုပ်၏ရှေ့မှောက်၌ အစဉ်ရှိနေပါ၏။
4အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။
သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။
ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။
5အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။
အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
6ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍
အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌#51:6 တိုက်ရိုက်ပြန်ဆိုလျှင် “လျှို့ဝှက်သောနေရာ၌”။ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
7အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။
အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
8အကျွန်ုပ်အား ရွှင်မြူးခြင်းနှင့်ဝမ်းမြောက်ခြင်းကို ကြားစေတော်မူပါ။
ကိုယ်တော်ကြေမွစေသောအရိုးတို့ကိုလည်း ရွှင်လန်းစေတော်မူပါ။
9အကျွန်ုပ်၏အပြစ်များမှ မျက်နှာတော်လွှဲ၍
အကျွန်ုပ်၏ဒုစရိုက်အားလုံးကို ပယ်ဖျက်တော်မူပါ။
10အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။
အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။
11အကျွန်ုပ်ကို ကိုယ်တော်၏ရှေ့မှောက်မှ နှင်ထုတ်တော်မမူပါနှင့်။
ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အကျွန်ုပ်ထံမှရုပ်သိမ်းတော်မမူပါနှင့်။
12ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော ရွှင်မြူးခြင်းကို အကျွန်ုပ်အား ပြန်လည်ခံစားစေ၍
စေတနာထက်သန်သောဝိညာဉ်တော်ဖြင့် အကျွန်ုပ်ကို ထောက်မတော်မူပါ။
13ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သောသူတို့အား ကိုယ်တော်၏လမ်းတို့ကိုသင်ကြားပေးပါမည်။
အပြစ်သားတို့သည်လည်း ကိုယ်တော်ထံ ပြန်လာကြပါလိမ့်မည်။
14အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊
လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
15အို ဘုရားရှင်၊ အကျွန်ုပ်၏နှုတ်ခမ်းကို ဖွင့်တော်မူပါ။
ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားပါမည်။
16အကြောင်းမူကား ကိုယ်တော်သည် ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။
အလိုရှိတော်မူလျှင် အကျွန်ုပ်ပူဇော်ခဲ့ပါလိမ့်မည်။ မီးရှို့ရာယဇ်ကိုလည်း နှစ်သက်တော်မမူပါ။#ဆာ 40:6၊ ဟေဗြဲ 10:6။
17ဘုရားသခင်နှစ်သက်တော်မူသောယဇ်များမှာ ကျိုးပဲ့သောစိတ်သဘောဖြစ်ပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောစိတ်နှလုံးကို မထီမဲ့မြင်ပြုတော်မူမည်မဟုတ်ပါ။
18ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဇိအုန်ကိုကောင်းစားစေတော်မူပါ။
ဂျေရုဆလင်မြို့ရိုးတို့ကို တည်ဆောက်တော်မူပါ။
19ထိုအခါ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းယဇ်များတည်းဟူသော
မီးရှို့ရာယဇ်နှင့် တစ်ကောင်လုံးရှို့ရသောယဇ်ကို နှစ်သက်တော်မူလိမ့်မည်။
ထိုအခါ လူတို့သည် နွားထီးတို့ကို ကိုယ်တော်၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြပါလိမ့်မည်။
Currently Selected:
ဆာလံကျမ်း 51: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative