YouVersion Logo
Search Icon

ဆာလံကျမ်း 41

41
သစ္စာဖောက်ခံရသော်လည်း အောင်ပွဲရခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1ဆင်းရဲ​သော​သူ​ကို ဂရုပြု​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
ဒုက္ခ​ရောက်​သော​နေ့​၌ ထာဝရဘုရား​သည် သူ့​ကို​လွတ်မြောက်​စေ​တော်မူ​မည်​။
2ထာဝရဘုရား​သည် သူ့​ကို​စောင့်ရှောက်​လျက် ဆက်၍​အသက်ရှင်​စေ​တော်မူ​လိမ့်မည်​။
သူ​သည် ပြည်​တော်​တွင်​မင်္ဂလာ​ရှိ​သူ​ဖြစ်​လိမ့်မည်​။
ကိုယ်တော်​သည် သူ့​ကို ရန်သူ​တို့​အလို​အတိုင်း​ပြု​ကြ​စေရန် အပ်​တော်မူ​မည်​မ​ဟုတ်​။
3ခုတင်​ပေါ်၌ သူ​ဖျားနာ​လျက်​နေစဉ် ထာဝရဘုရား​သည် သူ့​ကို​ဖေးမ​တော်မူ​၍
အနာရောဂါ​ခံစား​ရာ​အိပ်ရာ​ထဲမှ သူ့​ကို​အပြည့်အဝ​ပြန်လည်​ကျန်းမာ​စေ​တော်မူ​လိမ့်မည်​။
4ငါ​က “​အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ပြစ်မှား​ခဲ့​သည်​ဖြစ်၍
အကျွန်ုပ်​စိတ်ဝိညာဉ်​၏​အနာ​ကို ပျောက်ကင်း​စေ​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။
5ငါ​၏​ရန်သူ​တို့​က “​မည်သည့်​အချိန်​မှ သူ​သေ​၍ သူ​၏​အမည်​ပျောက်ကွယ်​သွား​မည်နည်း​”​ဟု
ငါ့​ကို​မကောင်း​ပြောဆို​ကြ​၏​။
6ငါ့​ကို​လာ​ကြည့်​သော​သူ​သည်​လည်း မဟုတ်မမှန်​ပြောဆို​၏​။
သူ​၏​စိတ်နှလုံး​တွင် ယုတ်ညံ့​သော​အရာ​ကို စုဆောင်း​လျက် အပြင်​သို့​ထွက်သွား​သောအခါ ထို​အရာ​ကို​ပြောဆို​၏​။
7ငါ့​ကို​မုန်း​သော​သူ​အပေါင်း​တို့​သည် ငါ့​အကြောင်း​ကို အတူတကွ​တီးတိုးပြောဆို​ကြ​၏​။
သူ​တို့​သည် ငါ့​အပေါ်​မကောင်းမှု​ကို​ကြံစည်​လျက်
8“​သူ​၌ ဆိုးညစ်​သော​အရာ​စွဲကပ်​နေ​သည်​ဖြစ်၍ သူ​သည် လဲလျောင်း​ရာ​မှ
နောက်တစ်ဖန်​ပြန်​ထ​နိုင်​မည်​မ​ဟုတ်​”​ဟု ဆို​ကြ​၏​။
9ငါ့​မုန့်​ကို​စား​သော ငါ​ယုံကြည်စိတ်ချ​ခဲ့​သည့် ငါ​၏​မိတ်ဆွေရင်းချာ​ပင်လျှင်
ငါ့​ကို​ဖနောင့်​နှင့်​ပေါက်​လေ​ပြီ​။#ယော 13:18။
10သို့ရာတွင် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် သူ​တို့​ကို​တုံ့ပြန်​နိုင်​ရန်
ကိုယ်တော်​သည် အကျွန်ုပ်​ကို​သနား​တော်မူ​၍ အကျွန်ုပ်​ကို​ပြန်ထ​စေ​တော်မူ​ပါ​။
11အကျွန်ုပ်​၏​ရန်သူ​သည် အကျွန်ုပ်​အပေါ် အောင်ပွဲခံ​ကြွေးကြော်​ခွင့်​မ​ရ​သည်​ကို​ထောက်၍
ကိုယ်တော်​သည် အကျွန်ုပ်​ကို​နှစ်သက်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။
12ကိုယ်တော်​သည် အကျွန်ုပ်​၏​တည်ကြည်မှု​ကြောင့် အကျွန်ုပ်​ကို​ထောက်မ​တော်မူ​၍
ကိုယ်တော်​၏​ရှေ့​တော်​၌ အကျွန်ုပ်​ကို​အစဉ်အမြဲ​တည်​စေ​တော်မူ​၏​။
13အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင်
မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဆာလံကျမ်း 41