ဆာလံကျမ်း 38
38
ဝေဒနာခံစားနေရသူ၏ဆုတောင်းခြင်း
အောက်မေ့စေရန်အတွက်စပ်ဆိုသော ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။
ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကို ပဲ့ပြင်တော်မမူပါနှင့်။
2အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌စူးဝင်၍
ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖိထားလျက်ရှိပါ၏။
3ကိုယ်တော်၏အမျက်တော်ကြောင့် အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။
အကျွန်ုပ်၏အပြစ်များကြောင့် အကျွန်ုပ်၏အရိုးတို့သည် သန်စွမ်းခြင်းမရှိပါ။
4အကြောင်းမူကား အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်၏ဦးခေါင်းကို လွှမ်းမိုးသည်အထိ များပြား၍
ဝန်ထုပ်ကြီးကဲ့သို့ အကျွန်ုပ်အတွက် လေးလံလွန်းပါ၏။
5အကျွန်ုပ်၏မိုက်မဲမှုကြောင့် အကျွန်ုပ်၏ဒဏ်ရာများသည်
ပုပ်စော်နံ၍ ရိရွဲကြပါ၏။
6အကျွန်ုပ်သည် ခေါင်းကိုငုံ့လျက်၊ လုံးလုံးငိုက်စိုက်ချလျက်၊
တစ်နေ့လုံးဝမ်းနည်းပူဆွေးလျက် သွားလာရပါ၏။
7အကြောင်းမူကား အကျွန်ုပ်၏ခါးတစ်ဝိုက်လုံးသည် ပူလောင်နာကျင်၍
အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။
8အကျွန်ုပ်သည် အားလျော့လျက် လုံးလုံးကြေမွရပါ၏။
အကျွန်ုပ်စိတ်နှလုံးပူဆွေးသဖြင့် အော်ဟစ်နေရပါ၏။
9အို ဘုရားရှင်၊ အကျွန်ုပ်၏အလိုဆန္ဒရှိသမျှသည် ကိုယ်တော်၏ရှေ့၌ ထင်ရှားပါ၏။
အကျွန်ုပ်၏ညည်းတွားခြင်းသည်လည်း ကိုယ်တော့်ထံမှ ကွယ်ဝှက်၍မနေပါ။
10အကျွန်ုပ်၏နှလုံးသည် ပြင်းစွာခုန်၍ အကျွန်ုပ်၏ခွန်အားသည် အကျွန်ုပ်ကိုစွန့်ခွာသွားပါပြီ။
အကျွန်ုပ်၏မျက်စိအလင်းသည်လည်း အကျွန်ုပ်ထံ၌မရှိတော့ပါ။
11အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။
အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
12အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။
အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍
လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။
13သို့သော် အကျွန်ုပ်သည် နားမကြားသူကဲ့သို့ မည်သည့်အရာကိုမျှမကြားပါ။
မိမိနှုတ်ကိုမဖွင့်သောဆွံ့အသူကဲ့သို့လည်း ဖြစ်ပါ၏။
14အမှန်စင်စစ် အကျွန်ုပ်သည် မကြားရသောသူကဲ့သို့လည်းကောင်း၊
မိမိနှုတ်၌ပြန်ပြောစရာစကားမရှိသောသူကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
15အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။
အကျွန်ုပ်၏အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ထူးတော်မူမည်ဖြစ်ပါ၏။
16သို့ဖြစ်၍ “အကျွန်ုပ်ခြေချော်သောအခါ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ခြင်း၊
အကျွန်ုပ်အပေါ်မိမိကိုယ်ကိုချီးမြှောက်ခြင်း မရှိကြပါစေနှင့်”ဟု အကျွန်ုပ်လျှောက်ပါပြီ။
17အကြောင်းမူကား အကျွန်ုပ်သည် လဲလုမတတ်ဖြစ်ပါ၏။
အကျွန်ုပ်၏ဒုက္ခဝေဒနာသည်လည်း အကျွန်ုပ်ရှေ့၌အစဉ်ရှိနေပါ၏။
18အမှန်စင်စစ် အကျွန်ုပ်သည် အကျွန်ုပ်၏ဒုစရိုက်ကို ဖော်ပြဝန်ခံပါ၏။
အကျွန်ုပ်၏အပြစ်ကြောင့် စိုးရိမ်ပူပန်ပါ၏။
19အကျွန်ုပ်၏ရန်သူတို့သည် သန်မာအားကြီးကြပါ၏။
အကြောင်းမဲ့ အကျွန်ုပ်ကို မုန်းတီးသောသူတို့သည်လည်း များစွာရှိပါ၏။
20အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့်
အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။
21အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
22အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားရှင်၊
အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
Currently Selected:
ဆာလံကျမ်း 38: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative