ဆာလံကျမ်း 22
22
ညည်းတွားခြင်းမှ ချီးမွမ်းခြင်းသို့
ဂီတမှူးအတွက်၊ “အရုဏ်ဦး၏သမင်မ” သံစဉ်၊ ဒါဝိဒ်၏ဆာလံ
1အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။#မ 27:46၊ မာ 15:34။
အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ
အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
2အကျွန်ုပ်၏ဘုရားသခင်၊ နေ့အချိန်၌အကျွန်ုပ်ခေါ်သော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။
ညအချိန်၌လည်း အကျွန်ုပ်တွင် ငြိမ်သက်ချမ်းသာမှုမရှိပါ။
3သို့သော် ကိုယ်တော်သည် သန့်ရှင်းသောအရှင်ဖြစ်တော်မူပြီး
အစ္စရေးလူမျိုး၏ချီးမွမ်းခြင်း၌ စိုးစံတော်မူ၏။
4အကျွန်ုပ်တို့၏ဘိုးဘေးများသည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြပါ၏။
သူတို့ယုံကြည်ကိုးစားကြသည့်အတိုင်း ကိုယ်တော်သည် သူတို့ကို ကယ်တင်တော်မူခဲ့ပါ၏။
5သူတို့သည် ကိုယ်တော့်ထံသို့အော်ဟစ်၍ လွတ်မြောက်ရကြပါ၏။
သူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြသဖြင့် အရှက်ကွဲခြင်းနှင့်ကင်းလွတ်ကြပါ၏။
6အကျွန်ုပ်မူကား လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်ပါ၏။
လူတို့ကဲ့ရဲ့ပြစ်တင်စရာနှင့် လူအများမထီမဲ့မြင်ပြုစရာဖြစ်ပါ၏။
7အကျွန်ုပ်ကိုမြင်သောသူအားလုံးသည် အကျွန်ုပ်ကိုပြက်ရယ်ပြု၍
နှုတ်ခမ်းမဲ့ရွဲ့ကာ ခေါင်းကိုခါယမ်းလျက်
8“သူသည် ထာဝရဘုရားကိုယုံကြည်ကိုးစားခဲ့၏။ ကိုယ်တော်သည် သူ့ကိုကယ်တင်ပါစေ။
ကိုယ်တော်သည် သူ့ကိုနှစ်သက်တော်မူသည်ဖြစ်၍ သူ့ကိုကယ်နုတ်ပါစေ”ဟု ဆိုကြပါ၏။
9သို့သော် ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲမှထုတ်ဆောင်၍
အကျွန်ုပ်မိခင်၏ရင်ခွင်၌ အကျွန်ုပ်ကိုဘေးကင်းလုံခြုံစွာနေစေတော်မူ၏။
10အကျွန်ုပ်သည် မွေးဖွားလာသည်နှင့် လက်တော်ထဲသို့ရောက်ပါ၏။
အမိဝမ်းထဲ၌ရှိခဲ့စဉ်ကပင် ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။
11အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
အကြောင်းမူကား ဆင်းရဲဒုက္ခသည် နီးကပ်လာပါပြီ။ ကူညီမစမည့်သူလည်းမရှိပါ။
12များစွာသောနွားထီးတို့သည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး
ဗာရှန်နွားလားတို့သည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။
13၎င်းတို့သည် ကိုက်ဖဲ့ဟိန်းဟောက်နေသော ခြင်္သေ့ကဲ့သို့
မိမိတို့ပါးစပ်ကို အကျွန်ုပ်ဘက်သို့ဟထားကြပါ၏။
14အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။
အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
15အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ခန်းခြောက်၍ အကျွန်ုပ်၏လျှာသည် အာခေါင်၌ကပ်နေပါ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းမြေမှုန့်ထဲ၌ထားတော်မူ၏။
16အမှန်စင်စစ် ခွေးများသည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး
ဆိုးညစ်သောအမှုကိုပြုသောလူတစ်စုသည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။
သူတို့သည် အကျွန်ုပ်၏ခြေနှင့်အကျွန်ုပ်၏လက်ကို ထိုးဖောက်ကြပါ၏။
17အကျွန်ုပ်သည် အကျွန်ုပ်၏အရိုးရှိသမျှတို့ကို ရေတွက်နိုင်ပါ၏။
သူတို့သည် အကျွန်ုပ်ကိုစေ့စေ့ကြည့်၍ အားရလျက်နေကြပါ၏။
18သူတို့သည် အကျွန်ုပ်၏အဝတ်တို့ကို အချင်းချင်းခွဲဝေကြ၍
အကျွန်ုပ်၏ဝတ်လုံအတွက် မဲချကြပါ၏။#မ 27:35၊ မာ 15:24၊ လု 23:34၊ ယော 19:24။
19သို့သော် အို ထာဝရဘုရား၊ ဝေးဝေးနေတော်မမူပါနှင့်။
အို အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
20အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဓားဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို
ခွေး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူပါ။
21အကျွန်ုပ်ကို ခြင်္သေ့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှလည်းကောင်း ကယ်တင်တော်မူပါ။
ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူပြီ။
22အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ညီအစ်ကိုများအား ပြောကြားပါမည်။
လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။#ဟေဗြဲ 2:12။
23ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။
ယာကုပ်၏အမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုဂုဏ်ပြုချီးမွမ်းကြလော့။
အစ္စရေးအမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြလော့။
24အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကြုံတွေ့ရသည့်ဖိနှိပ်မှုကို မထီမဲ့မြင်ပြုတော်မမူ။
ရွံရှာခြင်းလည်းရှိတော်မမူ။ မျက်နှာတော်ကိုလည်း သူ့ထံမှလွှဲတော်မမူဘဲ
အကူအညီအော်ဟစ်တောင်းခံသောအခါ သူ့ကိုနားညောင်းတော်မူ၏။
25လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်၏ချီးမွမ်းခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာပါ၏။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ရှေ့၌ အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေပါမည်။
26ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့သည် ဝလင်စွာစားရကြလိမ့်မည်။
ထာဝရဘုရားကိုရှာသောသူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ သင်
တို့စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ပါစေ။
27ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။
တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
28အကြောင်းမူကား ဘုရင့်အရိုက်အရာသည် ထာဝရဘုရားနှင့်ဆိုင်တော်မူ၏။
ကိုယ်တော်သည် လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။
29ကမ္ဘာမြေကြီးပေါ်ရှိ ကြွယ်ဝသောသူအပေါင်းတို့သည် စားသောက်လျက် ရှိခိုးကိုးကွယ်ကြလိမ့်မည်။
မိမိ၏စိတ်ဝိညာဉ်ကို မရှင်သန်စေနိုင်ဘဲ မြေမှုန့်သို့ဆင်းသွားရသောသူရှိသမျှတို့သည်
ကိုယ်တော်၏ရှေ့တော်၌ ညွတ်တွားကြလိမ့်မည်။
30သူတို့အမျိုးအနွယ်သည် ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ကြပြီး
လာမည့်မျိုးဆက်အား ဘုရားရှင်အကြောင်းကိုပြောကြားလိမ့်မည်။
31သူတို့သည် လာ၍ မွေးဖွားလာမည့်လူမျိုးအား ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ပြောကြားကြလိမ့်မည်။
အကြောင်းမူကား ထိုအမှုကိုကိုယ်တော်ပြုတော်မူပြီ။
Currently Selected:
ဆာလံကျမ်း 22: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative