ဆာလံကျမ်း 10
10
1အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝေး၌ရပ်နေတော်မူသနည်း။
ဘေးဒုက္ခရောက်ချိန်၌ အဘယ်ကြောင့် ပုန်းကွယ်၍နေတော်မူသနည်း။
2ဆိုးယုတ်သောသူသည် အဖိနှိပ်ခံရသောသူကို မာန်မာနဖြင့် အပြင်းအထန်လိုက်တတ်၏။
သူတို့သည် မိမိတို့ကြံစည်ထားသည့် ကောက်ကျစ်သောအကြံအစည်များဖြင့် ပြန်၍ဖမ်းဆီးခြင်းခံရကြပါစေ။
3အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍
လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
4ဆိုးယုတ်သောသူသည် ဘဝင်မြင့်၍ ကိုယ်တော်ကိုမရှာတတ်။
“ဘုရားသခင်မရှိ”ဟု အစဉ်တွေးတောတတ်၏။
5သူ၏လမ်းခရီးတို့သည် အစဉ်အမြဲချောမွေ့နေတတ်၏။
ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် သူနှင့်အလှမ်းဝေးသည့် မြင့်သောအရပ်၌ရှိ၏။
သူသည် မိမိရန်သူရှိသမျှတို့ကို ပြောင်လှောင်တတ်၏။
6သူ၏စိတ်နှလုံးထဲ၌ “ငါသည် တုန်လှုပ်မည်မဟုတ်။
မျိုးဆက်အစဉ်အဆက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်”ဟု ဆိုတတ်၏။
7သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။
သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။#ရော 3:14။
8သူသည် ရွာများတွင် ချုံခိုတိုက်ခိုက်ရန်ထိုင်စောင့်လျက် အပြစ်ကင်းသောသူကိုကွယ်ရာ၌ သတ်ဖြတ်တတ်၏။
သူ၏မျက်လုံးတို့သည် ခိုကိုးရာမဲ့သောသူကို ချောင်းမြောင်းတတ်၏။
9သူသည် ပုန်းအောင်းနေသောခြင်္သေ့ကဲ့သို့ ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။
အဖိနှိပ်ခံရသောသူကိုဖမ်းဆီးရန် ချောင်းမြောင်းနေတတ်၏။
အဖိနှိပ်ခံရသောသူကို သူ၏ပိုက်ကွန်ထဲသို့ဆွဲယူဖမ်းဆီးတတ်၏။
10သူသည် အင်အားကြီးသောကြောင့် ခိုကိုးရာမဲ့သောသူတို့သည်
သူ၏ချေမှုန်းခြင်းကိုခံရ၍ ပြားပြားဝပ်လျက်ကျဆုံးကြ၏။
11သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။
မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
12အို ထာဝရဘုရား၊ ထတော်မူပါ။ အို ဘုရားသခင်၊ လက်တော်ကိုမြှောက်တော်မူပါ။
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။
13ဆိုးယုတ်သောသူသည် အဘယ်ကြောင့် ဘုရားသခင်ကိုမထီလေးစားပြု၍
“ကိုယ်တော်သည် စစ်ကြောစီရင်တော်မူမည်မဟုတ်”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုရသနည်း။
14သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍
လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။
ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
15ဆိုးယုတ်သောသူနှင့် မကောင်းမှုပြုသောသူတို့၏လက်ရုံးကို ချိုးတော်မူပါ။
သူတို့၏ဆိုးယုတ်မှုကို တစ်ခုမကျန်တွေ့ရှိအောင်စစ်ဆေးတော်မူပါ။
16ထာဝရဘုရားသည် ကာလအစဉ်အဆက် ရှင်ဘုရင်ဖြစ်တော်မူ၏။
တိုင်းနိုင်ငံတို့သည် ကိုယ်တော်၏ပြည်တော်ထဲမှ ပျောက်ကွယ်သွားကြပါပြီ။
17အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက်
သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
18မြေကြီးမှဖြစ်လာသောသူသည် နောက်တစ်ဖန် မခြောက်လှန့်နိုင်မည့်အကြောင်း
ကိုယ်တော်သည် အာရုံစိုက်နားထောင်လျက် မိဘမဲ့သူနှင့်ဖိနှိပ်ခြင်းခံရသောသူတို့အတွက် တရားစီရင်ပေးတော်မူ၏။
Currently Selected:
ဆာလံကျမ်း 10: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative