YouVersion Logo
Search Icon

သုတ္တံကျမ်း 8

8
ဉာဏ်ပညာ၏ဖိတ်ခေါ်သံ
1ဉာဏ်ပညာ​သည် ဟစ်ခေါ်​၍
ထိုးထွင်းဉာဏ်​သည် မိမိ​၏​အသံ​ကို​လွှင့်​သည်​မ​ဟုတ်​လော​။
2၎င်း​သည် မြင့်သောအရပ်​၏​ထိပ်​၊
လမ်း​ဘေး​၊ လမ်းဆုံလမ်းခွ​တို့​၌​ရပ်​လျက်
3မြို့​တံခါး​တို့​အနား​၊ မြို့​အဝင်ဝ​၊
တံခါး​တို့​၏​အပေါက်ဝ​၌ ကြွေးကြော်​သည်​မှာ
4အချင်း​လူ​တို့​၊ သင်​တို့​ကို​ငါ​ခေါ်​၏​။
ငါ့​အသံ​ကို လူသား​တို့​ထံသို့ ငါ​လွှင့်​၏​။
5အသိဉာဏ်​နည်းပါး​သော​သူ​တို့​၊ ဆင်ခြင်ဉာဏ်​ကို ရယူ​ကြ​လော့​။
မိုက်မဲ​သော​သူ​တို့​၊ အသိဉာဏ်​ကို ရယူ​ကြ​လော့​။
6နားထောင်​ကြ​လော့​။ အကြောင်းမူကား ငါ​သည်
ကောင်းမြတ်​သော​အရာ​များ​ကို ပြောဆို​မည်​။
ငါ့​နှုတ်​မြွက်ဟသောအရာ​သည်​လည်း
ဟုတ်မှန်​သော​အရာ​များ​ဖြစ်​၏​။
7အဘယ်ကြောင့်​ဆိုသော် ငါ​၏​နှုတ်​သည် သမ္မာတရား​ကို​ပြောဆို​၍
ငါ​၏​နှုတ်ခမ်း​သည် ဆိုးယုတ်မှု​ကို​စက်ဆုပ်ရွံရှာ​၏​။
8ငါ​၏​နှုတ်ထွက်​စကား​ရှိသမျှ​သည် ဖြောင့်မတ်​၍
၎င်း​တို့​တွင် ဉာဏ်များ​သော​သဘော​၊ ကောက်ကျစ်​သော​သဘော​မ​ရှိ​။
9ထို​စကား​အားလုံး​တို့​သည် အသိဉာဏ်​ရှိ​သော​သူ​အတွက် မှန်ကန်​၍
အသိပညာ​ကို​တွေ့ရှိ​သော​သူ​တို့​အတွက် ဖြောင့်မှန်​၏​။
10ငွေ​အစား ငါ​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို​ရယူ​ကြ​လော့​။
ရွှေ​စင်​အစား အသိပညာ​ကို ရယူ​ကြ​လော့​။
11အကြောင်းမူကား ဉာဏ်ပညာ​သည် ပတ္တမြား​တို့​ထက်​ကောင်းမြတ်​၍
မည်သည့်​နှစ်သက်​ဖွယ်​သော​အရာ​နှင့်​မျှ နှိုင်းယှဉ်​၍​မ​ရ​နိုင်​။
12ငါ ဉာဏ်ပညာ​သည် ဆင်ခြင်ဉာဏ်​နှင့်အတူ​နေ​၍
အလိမ္မာဉာဏ်​နှင့်ဆိုင်သော​အသိပညာ​ကို ငါ​တွေ့​၏​။
13ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် မကောင်းမှု​ကို​မုန်းတီး​ခြင်း​ဖြစ်​၏​။
မောက်မာထောင်လွှား​ခြင်း​နှင့် မာနကြီး​ခြင်း​၊
မကောင်း​သော​လမ်း​နှင့် ဖောက်ပြန်လွဲမှား​သော​စကား​ကို ငါ​မုန်း​၏​။
14ငါ​၌ အကြံဉာဏ်​နှင့် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ရှိ​၏​။
ငါ​သည် အသိဉာဏ်​ဖြစ်ပြီး ငါ​၌​အစွမ်းတန်ခိုး​ရှိ​၏​။
15ငါ့​အားဖြင့် ရှင်ဘုရင်​တို့​သည် စိုးစံ​ရ​၍
အုပ်ချုပ်​သူ​တို့​သည် ဖြောင့်မတ်​သော​လမ်းစဉ်​ကို ပြဋ္ဌာန်း​နိုင်​ကြ​၏​။
16အကြီးအကဲ​များ​၊ မင်းအရာရှိ​များ​နှင့်
ဖြောင့်မတ်​စွာ​တရားစီရင်​သော​သူ​အားလုံး​တို့​သည်
ငါ့​အားဖြင့် အုပ်စိုး​ရ​ကြ​၏​။
17ငါ့​ကို​ချစ်​သော​သူ​တို့​ကို ငါ​ချစ်​၏​။
ငါ့​ကို​ကြိုးစား​၍​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ကြ​လိမ့်မည်​။
18ဓနဥစ္စာ​နှင့်​ဂုဏ်သရေ​၊ တည်မြဲ​သော​စည်းစိမ်ဥစ္စာ​နှင့်
ဖြောင့်မတ်​ခြင်း​သည် ငါ​နှင့်အတူ​ရှိ​၏​။
19ငါ​၏​အသီးအပွင့်​သည် ရွှေ​ထက်မက ရွှေစင်​ထက်ပင် ပို၍​ကောင်း​၏​။
ငါ့​အားဖြင့်​ရ​သော​အမြတ်အစွန်း​သည်​လည်း ငွေ​စင်​ထက် ပို၍​ကောင်း​၏​။
20ငါ​သည် ဖြောင့်မတ်​ခြင်း​လမ်း​၊
တရားမျှတ​ခြင်း​လမ်း​၏​အလယ်​၌ လျှောက်သွား​၍
21ငါ့​ကို​ချစ်​သော​သူ​တို့​အား စည်းစိမ်​ချမ်းသာ​ကို​အမွေဆက်ခံ​စေ​လျက်
သူ​တို့​၏​ဘဏ္ဍာတိုက်​များ​ကို ပြည့်​စေ​၏​။
22ထာဝရဘုရား​သည် ရှေးယခင် မိမိ​၏​အမှု​တော်​များ​ကို​မ​စတင်​မီ​၊
မိမိ​လုပ်ဆောင်မှု​၏​အစအဦး​ကပင် ငါ့​ကို​ပိုင်သ​တော်မူ​၏​။
23ထာဝရ​ကာလ​၊ ကနဦး​ကာလ​၊ မြေကြီး​ကို​မဖန်ဆင်းမီ​ကာလ​ကပင်
ငါ​သည် ခန့်အပ်​ထား​ခြင်း​ခံရ​ပြီ​။
24နက်ရှိုင်း​သော​ရေထု​များ​မ​ရှိ​မီ​၊ ရေ​နှင့်​ပြည့်လျှံ​သော​စမ်းရေတွင်း​များ​မ​ဖြစ်ပေါ်​မီ
ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။
25တောင်​များ​ကို​မ​ဖြစ်ပေါ်​စေ​မီ​၊
တောင်ကုန်း​များ​မ​ရှိ​မီ​၊
26မြေကြီး​၊ ကွင်းပြင်​များ​နှင့် ကမ္ဘာကြီး​၏​အဦးဆုံး​သော​မြေမှုန့်​များ​ကို ဖန်ဆင်း​တော်​မ​မူ​မီ
ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။
27မိုးကောင်းကင်​ကို ကိုယ်တော်​တည်​တော်မူ​သောအခါ
ငါ​သည် ထို​အရပ်​၌​ရှိ​၏​။
နက်ရှိုင်း​သော​ရေထု​၏​မျက်နှာပြင်​ပေါ်တွင် မိုးကုပ်စက်ဝိုင်း​ကို
အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း​၊
28အထက်​မိုးတိမ်​တို့​ကို​တည်​စေ​တော်မူ​ပြီး
နက်ရှိုင်း​သော​ရေထု​ထွက်လာ​ရာ​အပေါက်​များ​ကို
ခိုင်ခံ့​စေ​တော်မူ​သောအခါ​၌​လည်းကောင်း​၊
29ရေ​သည် ကိုယ်တော်​၏​အမိန့်​ကို မ​ကျူးလွန်​မည့်​အကြောင်း
ပင်လယ်​၏​နယ်နိမိတ်​ကို သတ်မှတ်​တော်မူ​သောအခါ​၌​လည်းကောင်း​၊
ကမ္ဘာမြေကြီး​၏​အခြေအမြစ်​တို့​ကို
အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း
30ငါ​သည် လက်မှုပညာရှင်​ကဲ့သို့ ကိုယ်တော်​၏​အနား​တွင်​ရှိ​၍
နေ့စဉ်နေ့တိုင်း ကိုယ်တော်​၏​ကြည်နူး​တော်မူ​ရာ​ဖြစ်​ခဲ့​ပြီး
ရှေ့​တော်​၌ အစဉ်အမြဲ​ပျော်မြူး​၏​။
31ငါ​သည် ကိုယ်တော်​၏​ကမ္ဘာမြေကြီး​တစ်ခုလုံး​အတွက် ပျော်မြူး​၍
လူသား​တို့​၌ ကြည်နူး​လျက်​နေ​၏​။
32သို့ဖြစ်၍ သားသမီး​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။
ငါ​၏​လမ်း​များ​ကို​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။
33ဆုံးမပဲ့ပြင်​ခြင်း​ကို​နားထောင်​၍ ဉာဏ်ပညာရှိ​ကြ​လော့​။
၎င်း​ကို​လျစ်လျူ​မ​ရှု​ကြ​နှင့်​။
34ငါ့​စကား​ကို​နားထောင်​၍ ငါ့​တံခါး​တို့​အနား​တွင် နေ့စဉ်နေ့တိုင်း​စောင့်ကြည့်​လျက်
ငါ့​တံခါး​တိုင်​တို့​အနား​တွင် စောင့်မျှော်​လျက်​နေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
35အကြောင်းမူကား ငါ့​ကို​တွေ့​သော​သူ​သည် အသက်​ကို​တွေ့​၍
ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။
36ငါ​နှင့်​လွဲသွား​သော​သူ​မူကား ကိုယ့်ကိုယ်ကိုယ်​အကျိုးနည်း​စေ​၏​။
ငါ့​ကို​မုန်း​သော​သူ​ရှိသမျှ​တို့​သည် သေ​ခြင်း​ကို​ချစ်​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy