YouVersion Logo
Search Icon

သုတ္တံကျမ်း 28

28
1ဆိုးယုတ်​သော​သူ​သည် လိုက်​သော​သူ​မ​ရှိ​ဘဲ​လျက် ထွက်ပြေး​တတ်​၏​။
ဖြောင့်မတ်​သော​သူ​မူကား ခြင်္သေ့ပျို​ကဲ့သို့​ရဲရင့်တည်ကြည်​၏​။
2တိုင်းပြည်​၌​အပြစ်​ကျူးလွန်​ခြင်း​ရှိ​သောအခါ အုပ်ချုပ်သူ​များပြား​လာ​တတ်​၏​။
သို့သော် သိမြင်​နားလည်​တတ်​သော​သူ​အားဖြင့် တိုင်းပြည်​သည် ကြာရှည်တည်တံ့​လိမ့်မည်​။
3ဆင်းရဲ​သော​သူ​တို့​ကို​နှိပ်စက်​သော ဆင်းရဲသား​သည်
မည်သည့်​အစားအစာ​မျှ​မ​ကျန်​အောင် တိုက်ချ​သွား​သော​မိုးရေ​နှင့်​တူ​၏​။
4ပညတ်တရား​ကို​စွန့်ပယ်​သော​သူ​တို့​သည် ဆိုးယုတ်​သော​သူ​ကို​ချီးမွမ်း​တတ်​၏​။
ပညတ်တရား​ကို​စောင့်ထိန်း​သော​သူ​တို့​မူကား ဆိုးယုတ်​သော​သူ​တို့​ကို​ဆန့်ကျင်​တတ်​၏​။
5မကောင်းမှု​ပြု​သော​သူ​တို့​သည် တရားမျှတမှု​ကို​နား​မ​လည်​ကြ​။
ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား အပြည့်အဝ​နားလည်​ကြ​၏​။
6တည်ကြည်​စွာ​လျှောက်လှမ်း​သော ဆင်းရဲ​သော​သူ​သည်
ကွေ့ကောက်​သော​လမ်း​ကို​လိုက်​သည့် ချမ်းသာ​သော​သူ​ထက် ပို၍​ကောင်း​၏​။
7ပညတ်တရား​ကို​လိုက်နာကျင့်သုံး​သော​သူ​သည် အသိဉာဏ်​ရှိ​သော​သား​ဖြစ်​၏​။
အစားကြူး​သော​သူ​များ​နှင့်​ပေါင်းဖော်​သော​သူ​ကား မိမိ​ဖခင်​ကို​အရှက်ရ​စေ​တတ်​၏​။
8အတိုးချ​ခြင်း​နှင့် အမြတ်​ကြီးစား​ခြင်း​ဖြင့် မိမိ​၏​စည်းစိမ်ဥစ္စာ​ကို​တိုးပွား​စေ​သော​သူ​သည်
ဆင်းရဲ​သော​သူ​တို့​ကို​သနား​တတ်​သော​သူ​အတွက် စုဆောင်း​နေ​ခြင်း​ဖြစ်​၏​။
9တစ်စုံတစ်ဦး​သည် ပညတ်တရား​ကို​နာယူနာခံ​ခြင်း​မ​ရှိ​လျှင်
သူ​၏​ဆုတောင်းချက်​သည်ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။
10ဖြောင့်မှန်​သော​သူ​ကို မကောင်း​သော​လမ်း​ထဲသို့ လမ်းလွဲ​စေ​သော​သူ​သည်
မိမိ​၏​တွင်း​ထဲသို့ မိမိကိုယ်တိုင်​ကျ​လိမ့်မည်​။
အပြစ်တင်စရာမရှိ​သော​သူ​တို့​မူကား
ကောင်း​သော​အရာ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။
11ချမ်းသာ​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု ထင်မြင်​တတ်​၏​။
သို့သော် အသိဉာဏ်​ရှိ​သော​ဆင်းရဲသား​သည် သူ့​ကို​စစ်ကြော​လိမ့်မည်​။
12ဖြောင့်မတ်​သော​သူ​တို့ အောင်ပွဲခံ​ကြ​သောအခါ ကြီးစွာ​သော​ဂုဏ်ကျက်သရေ​ရှိ​၏​။
ဆိုးယုတ်​သော​သူ​တို့ ခေါင်းထောင်​လာ​သောအခါ​၌​မူကား လူ​တို့​သည် ပုန်းရှောင်​တတ်​ကြ​၏​။
13မိမိ​ကျူးလွန်​သော​အပြစ်​များ​ကို ဖုံးကွယ်​ထား​သော​သူ​သည်
ကြီးပွား​မည်​မ​ဟုတ်​။
ထို​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​၍ စွန့်ပယ်​သော​သူ​မူကား
ကရုဏာ​တော်​ကို​ခံစား​ရ​လိမ့်မည်​။
14ဩတ္တပ္ပစိတ်​အစဉ်အမြဲ​ရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
မိမိ​၏​စိတ်နှလုံး​ကို​မာကျော​စေ​သော​သူ​မူကား ဒုက္ခတွင်း​ထဲသို့​ကျရောက်​လိမ့်မည်​။
15ဆင်းရဲ​သော​ပြည်သူပြည်သား​တို့​ကို အုပ်စိုး​သည့်​ဆိုးယုတ်​သော​မင်း​သည်
ဟောက်​သော​ခြင်္သေ့​၊ သို့မဟုတ် တစ်ဟုန်ထိုး​တိုက်ခိုက်​သော​ဝက်ဝံ​နှင့်​တူ​၏​။
16ထိုးထွင်းဉာဏ်​ကင်းမဲ့​သော​အုပ်ချုပ်သူမင်း​သည် အလွန်​ဖိနှိပ်​ညှဉ်းပန်း​တတ်​၏​။
မတရား​သော​အကျိုး​စီးပွား​ကို​ရွံမုန်း​သော​သူ​သည် အသက်​ရှည်​လိမ့်မည်​။
17လူ့​အသက်​သတ်ခြင်း​အပြစ်ဝန်​ကို ထမ်း​သော​သူ​သည်
သေတွင်း​ထဲ​ရောက်​သည့်​တိုင်အောင် ထွက်ပြေး​တိမ်းရှောင်​နေ​ရ​လိမ့်မည်​။
မည်သူ​မျှ​သူ့​ကို​မ​ထောက်မ​စေ​နှင့်​။
18အပြစ်တင်စရာမရှိ​အောင်​လျှောက်လှမ်း​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။
ကွေ့ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူကား ရုတ်တရက်​လဲကျ​လိမ့်မည်​။
19မိမိ​မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​သည် အစားအစာ​နှင့်​ပြည့်စုံကြွယ်ဝ​လိမ့်မည်​။
အချည်းနှီး​သော​အရာ​များ​နောက်​သို့ လိုက်​သော​သူ​မူကား ဆင်းရဲ​ခြင်း​နှင့်​ပြည့်ဝ​လိမ့်မည်​။
20သစ္စာရှိ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​များစွာ​ခံစား​ရ​လိမ့်မည်​။
အလျင်စလို​ချမ်းသာကြွယ်ဝ​လို​သော​သူ​မူကား အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။
21မျက်နှာလိုက်​ခြင်း​သည် မ​ကောင်း​ပေ​။
သို့သော် လူ​သည် မုန့်​တစ်လုတ်စာ​အတွက် အပြစ်ကျူးလွန်​တတ်​၏​။
22စေးနှဲ​သော​သူ​သည် စည်းစိမ်ဥစ္စာ​ရ​ရန် အလျင်စလို​လုပ်ဆောင်​သော်လည်း
ဆင်းရဲ​ခြင်း​သည် သူ့​ထံသို့​ရောက်လာ​မည်​ကို သူ​မ​သိ​ချေ​။
23လူ​ကို​ဆုံးမ​သော​သူ​သည် နောက်ဆုံးတွင်
မြှောက်ပင့်​ပြောဆို​သော​သူ​ထက် ပို၍​မျက်နှာရ​လိမ့်မည်​။
24မိမိ​၏​ဖခင်​၊ သို့မဟုတ် မိခင်​၏​ဥစ္စာ​ကို​လုယူ​ပြီးမှ
ငါ​အပြစ်​ကျူးလွန်​သည်​မ​ဟုတ်​ဟု ပြောဆို​သော​သူ​သည် အဖျက်သမား​၏​အပေါင်းအဖော်​ဖြစ်​၏​။
25လောဘကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်​ရန်​လှုံ့ဆော်​တတ်​၏​။
ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား ပြည့်စုံကြွယ်ဝ​လိမ့်မည်​။
26မိမိ​စိတ်နှလုံး​ကို ကိုးစား​သော​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။
ဉာဏ်ပညာ​အားဖြင့်​လျှောက်လှမ်း​သော​သူ​မူကား ဘေးလွတ်​လိမ့်မည်​။
27ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​သော​သူ​သည် ချို့တဲ့​နွမ်းပါး​လိမ့်မည်​မ​ဟုတ်​။
မျက်ကွယ်​ပြု​သော​သူ​မူကား များစွာ​သော​ကျိန်ဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်​။
28ဆိုးယုတ်​သော​သူ​တို့​ခေါင်းထောင်​လာ​သောအခါ
လူ​တို့​သည် ပုန်းရှောင်​တတ်​ကြ​၏​။
သူ​တို့​ပျက်စီး​သွား​သောအခါ​၌​မူကား
ဖြောင့်မတ်​သော​သူ​တို့​သည် တိုးပွား​ကြ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in