YouVersion Logo
Search Icon

သုတ္တံကျမ်း 25

25
ရှောလမုန်မင်း၏အခြားသုတ္တံစကားများ
1ဤ​စကား​တို့​သည်​လည်း ယုဒ​ရှင်ဘုရင်​ဟေဇကိ​၏​လူ​တို့ ကူးရေး​ထား​သော
ရှောလမုန်​၏ သုတ္တံ​စကား​များ​ဖြစ်​ကြ​၏​။
2ဘုရားသခင်​၏​ဘုန်းအသရေ​ကား အမှုကိစ္စ​ကို​ဝှက်ထား​ခြင်း​ဖြစ်​၏​။
ရှင်ဘုရင်​တို့​၏​ဘုန်းအသရေ​ကား အမှုကိစ္စ​ကို​စူးစမ်း​ခြင်း​ဖြစ်​၏​။
3မိုးကောင်းကင်​၏​အမြင့်​နှင့်​မြေကြီး​၏​အနက်​ကို စူးစမ်း​၍​မ​ရ​သကဲ့သို့
ရှင်ဘုရင်​တို့​၏​စိတ်နှလုံး​ကို စူးစမ်း​၍​မ​ရ​နိုင်​။
4ငွေ​ထဲမှ ချော်​ကို​ဖယ်ထုတ်​လျှင် ပန်းထိမ်သမား​အတွက်
အသုံးအဆောင်​ပစ္စည်း​ထွက်လာ​မည်​။
5ရှင်ဘုရင်​၏​ရှေ့မှောက်​မှ ဆိုးယုတ်​သော​သူ​ကို​ဖယ်ထုတ်​လျှင်
သူ​၏​ရာဇပလ္လင်​သည် ဖြောင့်မတ်​ခြင်း​၌ တည်မြဲ​လိမ့်မည်​။
6ရှင်ဘုရင်​၏​ရှေ့မှောက်​၌ သင့်ကိုယ်သင် အမွှမ်း​မ​တင်​နှင့်​။
ကြီးမြတ်​သော​သူ​တို့​၏​နေရာ​၌​လည်း မ​ရပ်​နှင့်​။
7အကြောင်းမူကား မြင့်မြတ်​သော​သူ​၏​ရှေ့​တွင် နှိမ့်ချ​ခြင်း​ခံရ​သည်​ထက်
“​ဤ​နေရာ​သို့​တက်လာ​ပါ​”​ဟု ဖိတ်ခေါ်​ခြင်း​ခံရ​သည်​က ပို၍​ကောင်း​၏​။
သင့်​မျက်စိ​ဖြင့်​တွေ့မြင်​သော​အရာ​ကို
8အလျင်စလို​သွား​၍ မ​တိုင်တန်း​နှင့်​။
နောက်ဆုံး​၌ သင်​၏​အိမ်နီးချင်း​သည် သင့်​ကို​အရှက်ရ​စေ​လျှင်
သင်​မည်သို့​ပြု​မည်နည်း​။
9သင်​၏​အမှုကိစ္စ​ကို သင်​၏​အိမ်နီးချင်း​နှင့် ရင်ဆိုင်ဖြေရှင်း​လော့​။
အခြား​သော​သူ​၏​လျှို့ဝှက်ချက်​ကို​လည်း မ​ဖော်ပြ​နှင့်​။
10ဖော်ပြလျှင် ကြား​သော​သူ​သည် သင့်​ကို​အရှက်ခွဲ​သဖြင့်
သင်​၏​မကောင်းသတင်း​သည် မည်သည့်​အခါ​မျှ ပျောက်ကွယ်​သွား​မည်​မ​ဟုတ်​။
11သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည်
အပြောက်အမွမ်းခြယ်မှုန်း​ထား​သော​ငွေထည်​ပေါ်မှ ရွှေ​ပန်းသီး​များ​နှင့်​တူ​၏​။
12ပညာရှိ​၏​အဆုံးအမ​သည် နားထောင်​တတ်​သော​သူ​၏​နား​အတွက်
ရွှေ​နားကွင်း​၊ သို့မဟုတ် ရွှေစင်​ဖြင့်​ပြုလုပ်​ထား​သော​အဆင်တန်ဆာ​ဖြစ်​၏​။
13သစ္စာရှိ​သော​စေတမန်​သည် သူ့​ကို​စေလွှတ်​သော​သူ​အတွက်
ရိတ်သိမ်း​ရာ​ကာလ​၌​ကျ​သော အေးမြ​သည့်​နှင်းပွင့်​ကဲ့သို့​ဖြစ်၍
သူ့​သခင်​တို့​၏​စိတ်ဝိညာဉ်​ကို လန်းဆန်း​စေ​တတ်​၏​။
14လက်ဆောင်​မပေး​ဘဲ ပေး​သည်​ဟု ဝါကြွား​သော​သူ​သည်
မိုးရေ​မ​ပါ​သော မိုးတိမ်​များ​နှင့်​လေ​ကဲ့သို့​ဖြစ်​၏​။
15စိတ်ရှည်​ခြင်း​အားဖြင့် ဦးစီးဦးဆောင်​သူ​ကို ဖျောင်းဖျ​နိုင်​၏​။
နူးညံ့သိမ်မွေ့​သော​စကား​သည်​လည်း အရိုး​ကို​ကျိုး​စေ​နိုင်​၏​။
16ပျားရည်​ကို​တွေ့​လျှင် သင့်​အတွက် လုံလောက်​ရုံ​မျှသာ​စား​လော့​။
ထိုသို့​မ​စား​ဘဲ ဝအီ​အောင်​စား​လျှင် ၎င်း​ကို​အန်ထုတ်​ရ​လိမ့်မည်​။
17သင်​၏​အိမ်နီးချင်း​အိမ်​သို့ တစ်ခါတစ်ရံ​သာ ခြေဦးလှည့်​လော့​။
သို့မဟုတ်လျှင် သူ​သည် သင့်​ကို​ငြီးငွေ့​၍ မုန်း​လိမ့်မည်​။
18မိမိ​၏​အိမ်နီးချင်း​တစ်ဖက်​၌ မုသား​သက်သေ​ထွက်ဆို​သော​သူ​သည်
တင်းပုတ်​၊ ဓား​၊ ချွန်ထက်​သော​မြား​နှင့်​တူ​၏​။
19ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ သစ္စာမဲ့​သော​သူ​ကို​အားထား​ခြင်း​သည်
ကျိုးပဲ့​သော​သွား​၊ တုန်ချည့်​နေ​သော​ခြေ​နှင့်​တူ​၏​။
20စိတ်​ဒုက္ခရောက်​နေ​သော​သူ​အား သီချင်း​ဆိုပြ​သော​သူ​သည်
ချမ်းအေး​သော​နေ့​တွင် အဝတ်​ကို​ချွတ်​သော​သူ​နှင့်​လည်းကောင်း​၊
ချွတ်ဆေး​ပေါ်မှာ ရှာလကာရည်​ကို လောင်း​သော​သူ​နှင့်​လည်းကောင်း တူ​၏​။
21သင့်​ရန်သူ ဆာလောင်မွတ်သိပ်​လျှင် သူ့​ကို​စားစရာ​ပေး​လော့​။
ရေငတ်​လျှင် သူ့​ကို​ရေ​တိုက်​လော့​။
22ထိုသို့​ပြု​လျှင် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​များ​ကို​ပုံ​ထား​လိမ့်မည်​။#ရော 12:20။
ထာဝရဘုရား​သည်​လည်း သင့်​ကို ဆုလာဘ်​ပေး​တော်မူ​လိမ့်မည်​။
23မြောက်​လေ​သည် မိုး​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။
အတင်းပြော​သော​လျှာ​သည်​လည်း ဒေါသ​မျက်နှာထား​ကို ဖြစ်ပေါ်​စေ​တတ်​၏​။
24ငြင်းခုံ​ရန်တွေ့​တတ်​သော​မယား​နှင့် တစ်အိမ်တည်း​အတူ​နေ​ရ​ခြင်း​ထက်
ခေါင်မိုးပြင်​ထောင့်​၌​နေ​ရ​ခြင်း​သည် ပို၍​ကောင်း​၏​။
25ဝေးလံ​သော​ပြည်​မှ ရောက်လာ​သော​သတင်း​ကောင်း​သည်
မောပန်း​သော​စိတ်ဝိညာဉ်​အတွက် အေးမြ​သော​ရေ​ကဲ့သို့​ဖြစ်​၏​။
26ဆိုးယုတ်​သော​သူ​ကို အလျှော့ပေး​လိုက်လျော​သည့် ဖြောင့်မတ်​သော​သူ​သည်
နောက်ကျိ​သော​စမ်းရေတွင်း​၊ သို့မဟုတ် ညစ်ညမ်း​သော​ရေတွင်း​နှင့်​တူ​၏​။
27ပျားရည်​ကို များစွာ​စားသုံး​ခြင်း​သည်​မ​ကောင်း​ပေ​။
ဂုဏ်သရေ​ပေါ် ဂုဏ်သရေ​ထပ်၍​ရှာခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။
28မိမိ​၏​စိတ်​ကို​မ​ချုပ်တည်း​နိုင်​သော​သူ​သည်
ပြိုပျက်​၍​တံတိုင်း​မ​ရှိ​သော​မြို့​နှင့်​တူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in