သုတ္တံကျမ်း 18
18
1သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒကိုသာရှာကြံ၍
မှန်ကန်ပြည့်စုံသောဉာဏ်ပညာရှိသမျှကို ဆန့်ကျင်တတ်၏။
2မိုက်မဲသောသူသည် ထိုးထွင်းဉာဏ်ကိုအလိုမရှိဘဲ
မိမိစိတ်သဘောကိုသာ ဖော်ပြတတ်၏။
3ဆိုးယုတ်သောသူရောက်လာသောအခါ မထီမဲ့မြင်ပြုခြင်းလည်း ရောက်လာတတ်၏။
ကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း အရှက်ကွဲခြင်းနှင့်အတူရောက်လာတတ်၏။
4လူ၏နှုတ်မှထွက်သောစကားတို့သည် နက်သောရေကဲ့သို့ဖြစ်၏။
ဉာဏ်ပညာ၏စမ်းရေတွင်းသည် စီးဆင်းနေသောစမ်းချောင်းကဲ့သို့ဖြစ်၏။
5ဆိုးယုတ်သောသူကိုမျက်နှာလိုက်ခြင်း၊
ဖြောင့်မတ်သောသူကို မတရားသဖြင့်စီရင်ခြင်းသည် မကောင်းပေ။
6မိုက်မဲသောသူ၏နှုတ်ခမ်းသည် ခိုက်ရန်ဖြစ်ပွားမှုထဲဝင်ပါတတ်၏။
သူ၏နှုတ်သည်လည်း ကြိမ်ဒဏ်ကိုဖိတ်ခေါ်တတ်၏။
7မိုက်မဲသောသူ၏နှုတ်သည် သူ့အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
သူ၏နှုတ်ခမ်းသည်လည်း သူ၏စိတ်ဝိညာဉ်ကိုဖမ်းမိသောထောင်ချောက်ဖြစ်၏။
8အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍
အတွင်းအကျဆုံးနေရာများသို့ဆင်းသွားတတ်၏။
9မိမိ၏အလုပ်၌ပျင်းရိသောသူသည်
အဖျက်သမားနှင့်ညီအစ်ကိုတော်၏။
10ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။
ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
11ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။
၎င်းကို မြင့်မားသောတံတိုင်းနှင့်တူသည်ဟု သူထင်မှတ်တတ်၏။
12ပျက်စီးခြင်း၏ရှေ့ပြေးသည် လူ၏ဘဝင်မြင့်ခြင်းဖြစ်၏။
ဂုဏ်သရေ၏ရှေ့ပြေးကား စိတ်နှိမ့်ချခြင်းဖြစ်၏။
13ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက်
မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
14လူ၏စိတ်သည် သူ၏ရောဂါဝေဒနာကို ခံရပ်နိုင်၏။
သို့သော် စိတ်ထိခိုက်နာကျင်ခြင်းကိုကား မည်သူခံနိုင်မည်နည်း။
15အသိဉာဏ်ရှိသောသူ၏စိတ်နှလုံးသည် အသိပညာကိုဆည်းပူးတတ်၏။
ပညာရှိသောသူတို့၏နားသည်လည်း အသိပညာကိုရှာဖွေတတ်၏။
16လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍
ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
17မိမိအမှုကိုဦးစွာတင်ပြသောသူသည် အခြားသူရောက်လာ၍
ထိုအမှုကို မစစ်ကြောမီအထိ ဖြောင့်မတ်ဟန်ရှိ၏။
18မဲချခြင်းသည် ငြင်းခုံရန်တွေ့ခြင်းကိုအဆုံးသတ်စေ၍
အင်အားကြီးသောသူတို့အကြား ဖျန်ဖြေပေးတတ်၏။
19စော်ကားပြစ်မှားခြင်းခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် ပို၍မာကျော၏။
ငြင်းခုံရန်တွေ့ခြင်းသည်လည်း ခံတပ်၏ကန့်လန့်ကျင်ကဲ့သို့ဖြစ်၏။
20လူသည် မိမိနှုတ်၏အသီးအပွင့်ဖြင့် မိမိဝမ်းကိုပြည့်စေ၍
မိမိနှုတ်ခမ်း၏အမြတ်အစွန်းဖြင့် အလိုပြည့်စုံတတ်၏။
21သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍
လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။
22မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍
ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
23ဆင်းရဲသောသူသည် အသနားခံပြောဆိုတတ်၏။
ချမ်းသာသောသူမူကား ကြမ်းတမ်းစွာတုံ့ပြန်ပြောဆိုတတ်၏။
24အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။
သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။
Currently Selected:
သုတ္တံကျမ်း 18: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative