YouVersion Logo
Search Icon

သုတ္တံကျမ်း 16

16
1စိတ်နှလုံး​၏​တွေးတောကြံစည်မှု​တို့​သည် လူ​နှင့်​ဆိုင်​၏​။
လျှာ​ဖြေကြား​သော​စကား​မူကား ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။
2လူ​သည် မိမိ​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​ကို သန့်ရှင်းစင်ကြယ်​သည်​ဟု ထင်မြင်​တတ်​၏​။
သို့သော် ထာဝရဘုရား​သည် စိတ်သဘော​ကို​ချိန်တွယ်​တော်မူ​၏​။
3သင်​ပြု​သော​အမှု​တို့​ကို ထာဝရဘုရား​ထံ​အပ်နှံ​လော့​။
သို့ပြုလျှင် သင်​၏​အကြံအစည်​တို့​သည် တည်​ကြ​လိမ့်မည်​။
4ထာဝရဘုရား​သည် ခပ်သိမ်း​သော​အရာ​တို့​ကို မိမိ​ရည်ရွယ်​ချက်​အတွက် ပြင်ဆင်​တော်မူ​၏​။
ဆိုးယုတ်​သော​သူ​ကို​ပင်လျှင် ဒုက္ခခံရာ​နေ့ရက်​အတွက် ပြင်ဆင်​တော်မူ​၏​။
5ဘဝင်မြင့်​သော​သူ​အပေါင်း​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။
သူ​တို့​သည် မည်သို့မျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။
6မေတ္တာကရုဏာ​နှင့်​သမ္မာတရား​အားဖြင့် အပြစ်​ဖြေလွှတ်​ခြင်း​ခံရ​၍
ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မကောင်းမှု​မှ​ဖယ်ခွာ​နိုင်​၏​။
7လူ​တစ်ဦး​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​နှစ်သက်​တော်မူ​သောအခါ
ထို​သူ​၏​ရန်သူ​များ​ကို​ပင် သူ​နှင့်​သင့်မြတ်​စေ​တော်မူ​၏​။
8တရားသဖြင့်​ရ​သော အမြတ်အစွန်း​အနည်းငယ်​သည်
မတရား​သဖြင့်​ရ​သော အမြတ်အစွန်း​များစွာ​ထက် ပို၍​ကောင်း​၏​။
9လူ​၏​စိတ်နှလုံး​သည် မိမိ​သွား​ရာ​လမ်း​ကို ကြံစည်​တတ်​၏​။
သို့သော် ထာဝရဘုရား​သည် သူ​၏​ခြေလှမ်း​များ​ကို တည့်မတ်​စေ​တော်မူ​မည်​။
10ရှင်ဘုရင်​၏​နှုတ်ခမ်း​တွင် နိမိတ်စကား​ရှိ​၏​။
တရားစီရင်​ရာ​၌ သူ​၏​နှုတ်​သည် မှားယွင်း​မည်​မ​ဟုတ်​။
11မှန်ကန်​သော​ကတ္တား​နှင့်​ချိန်ခွင်​ကို ထာဝရဘုရား​ပိုင်​တော်မူ​၏​။
အိတ်​ထဲ၌​ရှိ​သော​အလေး​အားလုံး​ကို​လည်း ကိုယ်တော်​ပြုလုပ်​တော်မူ​၏​။
12ရာဇပလ္လင်​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် တည်မြဲ​သည်​ဖြစ်၍
ရှင်ဘုရင်​တို့​သည် ဆိုးယုတ်​သော​အမှု​ပြု​ရ​မည်​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။
13ရှင်ဘုရင်​တို့​သည် ဖြောင့်မတ်​သော​နှုတ်ခမ်း​ကို​နှစ်သက်​၍
ဖြောင့်မှန်​စွာ​ပြောဆို​သော​သူ​ကို ချစ်​ကြ​၏​။
14ရှင်ဘုရင်​၏​အမျက်ဒေါသ​သည် သေ​ခြင်း​၏​စေတမန်​ဖြစ်​၏​။
သို့သော် ပညာရှိ​သော​သူ​သည် ၎င်း​ကို​ပြေ​စေ​တတ်​၏​။
15ရှင်ဘုရင်​၏​မျက်နှာ​တော်​ကြည်လင်​တောက်ပ​ရာ​၌ အသက်ရှင်​ခြင်း​ရှိ​၏​။
သူ​၏​ကျေးဇူး​ပြု​ခြင်း​သည် နွေဦးမိုး​ကို​ရွာ​စေ​သည့် တိမ်တိုက်​ကဲ့သို့​ဖြစ်​၏​။
16ရွှေ​ကို​ရရှိ​ခြင်း​ထက် ဉာဏ်ပညာ​ကို​ရရှိ​ခြင်း​သည် အလွန်​ကောင်း​၏​။
ငွေ​ကို​ရရှိ​ခြင်း​ထက် အသိဉာဏ်​ရရှိ​ခြင်း​ကို ရွေးချယ်​ရန်​ကောင်း​၏​။
17ဖြောင့်မှန်​သော​သူ​တို့​၏​လမ်း​သည် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​ဖြစ်​၏​။
မိမိ​သွား​ရာ​လမ်း​ကို ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။
18ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် မာနကြီး​ခြင်း​ဖြစ်​၏​။
ပြိုလဲ​ခြင်း​၏​ရှေ့ပြေး​ကား ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။
19ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​နှင့်အတူ စိတ်နှိမ့်ချ​လျက်​နေ​ခြင်း​သည်
မောက်မာ​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​ရ​ခြင်း​ထက် ပို၍​ကောင်း​၏​။
20နှုတ်ကပတ်တော်​ကို ဂရုပြု​သော​သူ​သည် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​လိမ့်မည်​။
ထာဝရဘုရား​ကို ယုံကြည်ကိုးစား​သော​သူ​သည်​လည်း မင်္ဂလာ​ရှိ​လိမ့်မည်​။
21စိတ်နှလုံး​၌​ပညာရှိ​သော​သူ​သည် အသိဉာဏ်​ရှိ​သော​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်​။
နှစ်လို​ဖွယ်​စကား​တို့​သည် ပညာ​ကို​တိုးပွား​စေ​တတ်​၏​။
22ဉာဏ်စွမ်း​ကို​ပိုင်ဆိုင်​သော​သူ​အတွက် ထို​ဉာဏ်စွမ်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၏​။
မိုက်မဲ​ခြင်း​မူကား ဆိုးမိုက်​သော​သူ​တို့​ခံရ​သော အပြစ်ဒဏ်​ဖြစ်​၏​။
23ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် မိမိ​နှုတ်​ကို​ပညာသတိ​ရှိ​စေ​၍
မိမိ​နှုတ်ခမ်း​တွင် ပညာ​ကို​တိုးပွား​စေ​တတ်​၏​။
24နှစ်လို​ဖွယ်​စကား​တို့​သည် ပျားလပို့​မှ​ပျားရည်​ကဲ့သို့
စိတ်ဝိညာဉ်​၌​ချိုမြိန်​၍ အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။
25လူ့​အမြင်​၌ မှန်​သော​လမ်း​ဖြစ်​သော်လည်း
အဆုံး​၌ သေ​ခြင်း​သို့​ရောက်​စေ​သော​လမ်း​ရှိ​၏​။
26အလုပ်လုပ်​သော​သူ​၏​ပါးစပ်​သည် သူ့​ကို​တွန်းအား​ပေး​သောကြောင့်
သူ​၏​စိတ်ဆန္ဒ​သည် သူ့​အတွက် ကြိုးပမ်းအားထုတ်​တတ်​၏​။
27ဆိုးညစ်​သော​သူ​သည် မကောင်းမှု​ကို​တူးဆွ​တတ်​၏​။
သူ​၏​စကား​သည်​လည်း တောက်လောင်​နေ​သော မီး​ကဲ့သို့​ဖြစ်​၏​။
28ဖောက်ပြန်လွဲမှား​သော​သူ​သည် အငြင်းပွားမှု​ကို​ဖြစ်ပွား​စေ​တတ်​၏​။
အတင်းအဖျင်း​ပြောဆို​သော​သူ​သည်​လည်း အပေါင်းအဖော်​ကို​ကွဲပြား​စေ​တတ်​၏​။
29ရက်စက်ကြမ်းကြုတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို​သွေးဆောင်​၍
မ​ကောင်း​သော​လမ်း​သို့ လိုက်​စေ​တတ်​၏​။
30မျက်စိ​မှိတ်ပြ​သော​သူ​သည် ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို ကြံစည်​နေ​ခြင်း​ဖြစ်​၏​။
မိမိ​၏​နှုတ်ခမ်း​ကို​ဖိပိတ်​ထား​သော​သူ​သည်​လည်း မကောင်းမှု​ကို​ပြီးမြောက်​စေ​သော​သူ​ဖြစ်​၏​။
31ဖြူသောဆံပင်​သည် အသရေ​ရှိ​သော​သရဖူ​ဖြစ်၍
ဖြောင့်မတ်​စွာ​ပြုမူကျင့်ကြံ​ခြင်း​အားဖြင့် ၎င်း​ကို​ရရှိ​နိုင်​၏​။
32စိတ်ရှည်​သော​သူ​သည် သူရဲကောင်း​ထက် ပို၍​ကောင်း​၏​။
မိမိ​၏​စိတ်​ကို ထိန်းချုပ်​နိုင်​သော​သူ​သည်​လည်း
မြို့​ကို​သိမ်းပိုက်​နိုင်​သော​သူ​ထက် ပို၍​ကောင်း​၏​။
33မဲ​ကို ပေါင်ခွင်​၌​ချ​တတ်​ကြ​၏​။
သို့သော် စီရင်ဆုံးဖြတ်ချက်​အားလုံး​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in