YouVersion Logo
Search Icon

ဖိလိပ္ပိသြဝါဒစာ 3

3
ခရစ်တော်ကိုသိကျွမ်းခြင်း
1နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ငါ့​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌​ဝမ်းမြောက်​ကြ​လော့။ သင်​တို့​ထံသို့ တူညီ​သော​အကြောင်း​များ​ကို ထပ်၍​ရေးသား​ခြင်း​သည် ငါ့​အတွက် ပင်ပန်း​စရာ​မ​ဟုတ်​ဘဲ သင်​တို့​အတွက် ဘေးဆီး​ရန်ကာ​ဖြစ်​၏။
2ခွေး​များ​ကို သတိပြု​ကြ​လော့။ မကောင်း​သော​လုပ်သား​များ​ကို သတိပြု​ကြ​လော့။ ကိုယ်အင်္ဂါ​လှီးဖြတ်​သော​သူ​တို့​ကို သတိပြု​ကြ​လော့။ 3အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။ 4သို့သော် အသွေး​အသား​၌​ကိုးစား​စရာ​လည်း ငါ​၌​ရှိ​ပါ​၏။ အခြား​သူ​တစ်စုံတစ်ဦး​သည် အသွေး​အသား​၌​ကိုးစား​စရာ​ရှိ​သည်​ဟု ထင်မှတ်​လျှင် ငါ​၌ ပို၍​ပင်​ရှိ​၏။ 5ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့​၌ အရေဖျား​လှီး​ထား​သော​သူ၊ အစ္စရေး​လူမျိုး၊ ဗင်္ယာမိန်​အနွယ်ဝင်၊ ဟေဗြဲ​လူမျိုး​မှ​ဟေဗြဲ​လူမျိုး​အစစ်၊ ပညတ်​တရား​အရ​ဆို​လျှင် ဖာရိရှဲ​တစ်​ဦး၊ 6စိတ်အား​ထက်သန်​မှု​အရ​ဆို​လျှင် အသင်းတော်​ကို​ညှဉ်းဆဲ​သော​သူ၊ ပညတ်​တရား​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​အရ​ဆို​လျှင် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​၏။
7သို့သော် ငါ့​အတွက် အကျိုးကျေးဇူး​ဖြစ်​ခဲ့​သော ဤ​အရာ​တို့​ကို ခရစ်တော်​ကို​ထောက်​လျက် အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ 8ထိုမျှမက ငါ​၏​သခင်​ခရစ်တော်​ယေရှု​ကို သိ​သော​ဉာဏ်​၏​ထူးမြတ်​သော​အကျိုးကျေးဇူး​ကြောင့် အရာ​ခပ်သိမ်း​ကို အရှုံး​ဟူ၍ ငါ​မှတ်ယူ​၏။ ထို​သခင်​ကို​ထောက်၍ အရာ​ခပ်သိမ်း​တို့​ကို ငါ​အဆုံးရှုံး​ခံ​ပြီး ၎င်း​တို့​ကို မစင်​ကဲ့သို့ ငါ​မှတ်ယူ​၏။ 9ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။ 10ထို့ပြင် ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဒုက္ခ​ဝေဒနာ​ကို​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို​ရရှိ​ကာ 11သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​သို့ တစ်နည်းနည်း​ဖြင့် ရောက်ရှိ​နိုင်​ရန်​အတွက်​ဖြစ်​၏။
ဘုရားသခင်ပေးသောပန်းတိုင်သို့ပြေးခြင်း
12ငါ​သည် ထို​အခွင့်​ကို​ရရှိ​ပြီ​၊ သို့မဟုတ် စုံလင်​ခြင်း​သို့​ရောက်​ပြီ​ဟု ဆိုလို​သည်​မ​ဟုတ်​ဘဲ ခရစ်တော်​ယေရှု​သည် ထို​အခွင့်​အတွက် ငါ့​ကို ဖမ်းကိုင်​ထား​သည်​ဖြစ်၍ ငါ​သည်​လည်း ထို​အခွင့်​ကို ဖမ်းကိုင်​နိုင်​ရန် ကြိုးစား​လျက်​ရှိ​၏။ 13ညီအစ်ကို​တို့၊ ငါ​ဖမ်းကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်တိုင်​မ​မှတ်ယူ။ သို့သော် ငါ​ပြု​သော​အရာ​တစ်​ခု​မှာ နောက်၌​ရှိ​သော​အရာ​များ​ကို​မေ့​ထား​၍ ရှေ့၌​ရှိ​သော​အရာ​များ​သို့​တက်လှမ်း​ကာ 14ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။
15ထို့ကြောင့် စုံလင်​ရင့်ကျက်​သော​သူ​ရှိသမျှ​တို့​သည် ဤသို့​သော​စိတ်သဘော​ရှိ​သင့်​၏။ သင်​တို့​၌ ခြားနား​သော​စိတ်သဘော​တစ်စုံတစ်ခု​ရှိ​လျှင်​လည်း ဘုရားသခင်​သည် ထို​အရာ​ကို​ပင် သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။ 16မည်သို့ပင်ဖြစ်စေ ငါ​တို့​သည် မိမိ​တို့​ရောက်ရှိ​သည့်​အနေအထား​နှင့်အညီ လိုက်လျှောက်​ကြ​ကုန်စို့။
17ညီအစ်ကို​တို့၊ ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ ငါ​တို့​ထံမှ​ရရှိ​သော​စံနမူနာ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​သူ​တို့​ကို​လည်း ကြည့်ရှု​မှတ်သား​ကြ​လော့။ 18အကြောင်းမူကား သင်​တို့​အား မကြာခဏ ငါ​ပြော​ခဲ့​ပြီး ယခု​တစ်ဖန် မျက်ရည်​ကျ​လျက်​ပြော​သည်​မှာ များစွာ​သော​သူ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကို​ရန်ဘက်​ပြု​လျက် အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​၏။ 19ထို​သူ​တို့​၏​နိဂုံး​သည် ပျက်စီး​ခြင်း​ဖြစ်​၏။ သူ​တို့​၏​ဘုရား​သည် သူ​တို့​၏​ဝမ်းဗိုက်​ဖြစ်​၍ သူ​တို့​သည် မိမိ​တို့​၏​ရှက်ဖွယ်ရာ​၌ ဂုဏ်ယူ​ဝါကြွား​ကြ​၏။ သူ​တို့​စွဲလမ်း​သော​အရာ​သည် လောက​နှင့်ဆိုင်သော​အရာ​များ​ပင်​ဖြစ်​ကြ​၏။ 20သို့သော် ငါ​တို့​၏​နိုင်ငံသား​အရိုက်အရာ​သည် ကောင်းကင်​ဘုံ​၌​ရှိ​၏။ ထို​အရပ်​မှ​ကြွလာ​တော်မူ​မည့် ကယ်တင်ရှင်​သခင်​ယေရှု​ခရစ်တော်​ကို ငါ​တို့​စောင့်မျှော်​နေ​ကြ​၏။ 21ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရန် ပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in