YouVersion Logo
Search Icon

တောလည်ရာကျမ်း 16

16
ကောရလူစုဆန့်ကျင်ခြင်း
1လေဝိ​၏​မြစ်​၊ ကောဟတ်​၏​မြေး​၊ ဣဇဟာ​၏​သား ကောရ​သည် ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​၊ ပေလက်​၏​သား ဩန တို့​ကို​ခေါ်​၍ 2လူ​အစုအဝေး​ထဲမှ ရွေးကောက်တင်မြှောက်​ထား​သည့် နာမည်​ကျော်စော​သော အစ္စရေး​အမျိုးသား လူထု​ခေါင်းဆောင် အယောက်​နှစ်ရာ့​ငါးဆယ်​တို့​နှင့်အတူ မောရှေ​အား ဆန့်ကျင်​ကြ​၏​။ 3ထို​သူ​တို့​သည် စုရုံး​၍ မောရှေ​နှင့်​အာရုန်​အား “​သင်​တို့ တရားလွန်​နေ​ပြီ​။ လူထု​အပေါင်း​တို့​သည် တစ်ယောက်မကျန် သန့်ရှင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​လူအစုအဝေး​အပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်​ရ​သနည်း​”​ဟု ဆို​လေ​၏​။
4မောရှေ​သည် ထို​စကား​ကို​ကြား​သောအခါ ပျပ်ဝပ်​လျက်​နေ​လေ​၏​။ 5ထို့နောက် မောရှေ​က ကောရ​နှင့်​သူ​၏​အပေါင်းပါ​အားလုံး​တို့​အား “​မည်သူ​သည် ထာဝရဘုရား​၏​လူ​ဖြစ်​သည်​ကို​လည်းကောင်း​၊ မည်သူ​သည် သန့်ရှင်း​သော​သူ​ဖြစ်​သည်​ကို​လည်းကောင်း​၊ မည်သူ​သည် ကိုယ်တော်​ထံသို့​ချဉ်းကပ်​ခွင့်​ရ​မည်​ကို​လည်းကောင်း မနက်ဖြန်​နံနက် ထာဝရဘုရား​ဖော်ပြ​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် မိမိ​ရွေးချယ်​တော်မူ​သော​သူ​ကို မိမိ​ထံသို့ ချဉ်းကပ်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။ 6ကောရ​နှင့်​အပေါင်းပါ​အားလုံး​တို့​၊ ဤသို့​ပြု​ကြ​လော့​။ သင်​တို့​သည် မီးကျီးခံဗန်း​များ​ကို​ယူ​၍ 7မနက်ဖြန် ထာဝရဘုရား​ရှေ့​တော်​၌ ထို​မီးကျီးခံဗန်း​များ​ထဲသို့ မီး​ထည့်​ပြီးလျှင် မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​လော့​။ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​သူ​သည် သန့်ရှင်း​သော​သူ​ဖြစ်​လိမ့်မည်​။ အို လေဝိ​သားမြေး​တို့​၊ သင်​တို့ တရားလွန်​နေ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။
8တစ်ဖန် မောရှေ​က ကောရ​အား “​လေဝိ​သားမြေး​တို့​၊ နားထောင်​ကြ​လော့​။ 9အစ္စရေး​အမျိုး​၏​ဘုရားသခင်​သည် သင်​တို့​အား မိမိ​အထံ​တော်​သို့​ချဉ်းကပ်​ရန်​၊ ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်ဆိုင်သော​အမှု​ကို ဆောင်ရွက်​ရန်​၊ လူထု​တို့​၏​ရှေ့​၌​ရပ်​လျက် သူ​တို့​အမှု​ကို​ဆောင်ရွက်​ရန် အစ္စရေး​လူထု​ထဲမှ ခွဲခြားထား​သည်​မှာ သေးငယ်​သော​အမှု​လော​။ 10ကိုယ်တော်​သည် သင်​နှင့်တကွ လေဝိ​သားမြေး​များ​ဖြစ်​သည့် သင်​၏​အမျိုးသားချင်း​အပေါင်း​တို့​ကို​လည်း ချဉ်းကပ်ခွင့်​ပေး​တော်မူ​၏​။ သို့ရာတွင် သင်​တို့​သည် ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို​ပါ ရှာကြံ​ကြ​သည်​တကား​။ 11ထို့ကြောင့် သင်​နှင့်​သင့်​အပေါင်းပါ​အားလုံး​တို့​သည် စုဝေး​၍ ထာဝရဘုရား​ကို​ဆန့်ကျင်​သော​သူ​များ​ဖြစ်​ကြ​၏​။ အာရုန်​သည် မည်သို့​သော​သူ​ဖြစ်၍ သင်​တို့​သည် သူ့​ကို အပြစ်တင်​ကြ​သနည်း​”​ဟု ဆို​လေ​၏​။
12ထို့နောက် မောရှေ​သည် ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​ကို ဆင့်ခေါ်​၏​။ သို့သော် သူ​တို့​က “​ငါ​တို့​မ​လာ​။ 13ငါ​တို့​ကို ဤ​တောကန္တာရ​ထဲ၌ သေ​စေရန် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​မှ ထုတ်ဆောင်​ခဲ့​သည်​မှာ မလုံလောက်​ဘဲ ငါ​တို့​အပေါ် မင်း​အဖြစ် အုပ်စိုး​လို​သေး​သလော​။ 14သင်​သည် ငါ​တို့​ကို နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ မ​ပို့ဆောင်​၊ အမွေ​အဖြစ် လယ်ယာ​နှင့်​စပျစ်ခြံ​ကို​လည်း ငါ​တို့​အား​မ​ပေး​။ ဤ​သူ​တို့​၏​မျက်စိ​ကို​လည်း ဖောက်​လို​သလော​။ ငါ​တို့​မ​လာ​”​ဟု ဆို​ကြ​၏​။
15ထိုအခါ မောရှေ​သည် အလွန်​အမျက်ထွက်​၍ ထာဝရဘုရား​အား “​ထို​သူ​တို့​၏​ဘောဇဉ်ပူဇော်သက္ကာ​ကို လှည့်ကြည့်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​သည် သူ​တို့​ထံမှ မြည်း​တစ်​ကောင်​ကို​မျှ မ​ယူ​ခဲ့​ဖူး​ပါ​။ သူ​တို့​ထဲမှ​တစ်စုံတစ်ယောက်​ကို​မျှ အန္တရာယ်​မ​ပြု​ခဲ့​ဖူး​ပါ​”​ဟု လျှောက်​လေ​၏​။ 16ထို့နောက် မောရှေ​က ကောရ​အား “​မနက်ဖြန် သင်​နှင့် သင်​၏​အပေါင်းပါ​အားလုံး ထာဝရဘုရား​ရှေ့​တော်​သို့​လာ​ကြ​လော့​။ သင်​တို့​နှင့်အတူ အာရုန်​လည်း ရှိ​လိမ့်မည်​။ 17သင်​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ယူ​၍ နံ့သာပေါင်း​ကို​ထည့်​ရ​မည်​။ သင်​နှင့်​အာရုန်​မှစ၍ သင်​၏​အပေါင်းပါ​အယောက်​နှစ်ရာ့​ငါးဆယ်​တို့​သည် မိမိ​တို့​၏​မီးကျီးခံဗန်း​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​လာ​ရ​မည်​”​ဟု ဆို​၏​။
18ထို့ကြောင့် သူ​တို့​သည် အသီးသီး မိမိ​တို့​၏​မီးကျီးခံဗန်း​ကို​ယူ​၍ မီး​ကို​ထည့်​ပြီးလျှင် မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​၏​။ ထို့နောက် မောရှေ​၊ အာရုန်​တို့​နှင့်အတူ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ရပ်​နေ​ကြ​၏​။ 19ကောရ​သည် လူထု​အပေါင်း​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​စေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် လူထု​အပေါင်း​တို့​ရှေ့​၌​ထင်ရှား​၍ 20ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား 21“​ဤ​လူထု​အပေါင်း​တို့​နှင့် ခွဲ​နေ​လော့​။ သူ​တို့​ကို ယခုချက်ချင်း ငါ​ဖျက်ဆီး​မည်​”​ဟု မိန့်​တော်မူ​၏​။ 22ထိုအခါ မောရှေ​နှင့်​အာရုန်​သည် ပျပ်ဝပ်​လျက် “​လူသား​အားလုံး​၏​အသက်ဝိညာဉ်​ကို ပိုင်​တော်မူ​သော အို ဘုရားသခင်​၊ လူ​တစ်​ယောက်​၏​ပြစ်မှားမှု​ကြောင့် လူထု​အပေါင်း​ကို အမျက်ထွက်​တော်မူ​မည်လော​”​ဟု လျှောက်​ကြ​၏​။
23ထာဝရဘုရား​က​လည်း မောရှေ​အား
24“​ကောရ​၊ ဒါသန်​၊ အဘိရံ​တို့​၏​တဲ​နှင့် ဝေးဝေးနေ​ကြ​ရန် လူထု​တို့​အား ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
25မောရှေ​သည်​လည်း ဒါသန်​နှင့်​အဘိရံ​တို့​ထံသို့ ထ​သွား​သဖြင့် အစ္စရေး​သက်ကြီးဝါကြီး​တို့​သည် သူ့​နောက်သို့​လိုက်သွား​ကြ​၏​။ 26မောရှေ​က လူထု​တို့​အား “​ဤ​ဆိုးယုတ်​သော​သူ​တို့​၏​တဲ​များ​မှ ဖယ်ခွာ​ကြ​လော့​။ သူ​တို့​ပိုင်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ထိ​ကြ​နှင့်​။ ထိမိ​လျှင် သူ​တို့​အပြစ်​များ​ကြောင့် သင်​တို့​ပါ ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​လျှင် 27လူ​တို့​သည် ကောရ​၊ ဒါသန်​၊ အဘိရံ​တို့​၏​တဲ​နှင့် ဝေးဝေးနေ​ကြ​လေ​၏​။ ဒါသန်​နှင့်​အဘိရံ​သည်​လည်း မိမိ​တို့​၏​သား​မယား​များ​နှင့် ကလေးငယ်​များ​ပါ​ထွက်လာ​၍ တဲ​အဝင်ဝ​၌ ရပ်​နေ​ကြ​၏​။
28မောရှေ​က သူ​တို့​အား “​ဤ​အမှု​အားလုံး​ကို ငါ့​စိတ်သဘော​အတိုင်း ငါ​ပြု​သည်​မ​ဟုတ်​၊ ထာဝရဘုရား​သည် ငါ့​ကို စေလွှတ်​တော်မူ​၍ ငါ​ပြု​ခြင်း​ဖြစ်ကြောင်း ဤနည်းဖြင့် သင်​တို့ သိ​ကြ​ရ​မည်​။ 29ဤ​လူ​တို့​သည် လူ​တိုင်း​သေ​သကဲ့သို့ပင် သေ​ရ​ကြ​လျှင်​၊ လူ​တိုင်း​တွေ့ကြုံ​ရ​သကဲ့သို့​ပင် တွေ့ကြုံ​ရ​ကြ​လျှင် ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်​။ 30ထာဝရဘုရား​သည် မဖြစ်ဖူးသေး​သော​အမှု​ကို​ပြု​တော်မူ​သဖြင့် မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် သူ​တို့​နှင့် သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​၍ အရှင်လတ်လတ် မရဏာနိုင်ငံ​သို့ ဆင်းသွား​ရ​လျှင် သူ​တို့​သည် ထာဝရဘုရား​ကို​မထီလေးစား​ပြု​ခြင်း​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။
31ထို​စကား​အားလုံး​ကို မောရှေ​ပြော​ပြီး​သည်​နှင့် ထို​သူ​တို့​နင်း​ထား​သော​မြေ​သည် အက်ကွဲ​လေ​၏​။ 32မြေကြီး​သည် မိမိ​ခံတွင်း​ကို ဖွင့်​၍ သူ​တို့​နှင့်​သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ ကောရ​နှင့်ဆိုင်သော​သူ​ရှိသမျှ​၊ သူ​တို့​၏​ဥစ္စာ​ရှိသမျှ​တို့​ကို မျို​လေ​၏​။ 33ထို​သူ​တို့​သည် သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​နှင့်အတူ မရဏာနိုင်ငံ​သို့ အရှင်လတ်လတ်​ဆင်းသွား​ကြ​ရ​၏​။ မြေကြီး​သည် ပြန်ပိတ်​သွား​လေ​၏​။ သူ​တို့​သည် လူအစုအဝေး​ထဲမှ ပျောက်ကွယ်​သွား​လေ​၏​။ 34ထို​သူ​တို့​၏​အော်သံ​ကို သူ​တို့​ပတ်ပတ်လည်​၌​ရှိ​သော အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြား​၍ “​ငါ​တို့​ကို​လည်း မြေ​မျို​လိမ့်မည်​”​ဟု ဆို​လျက် ထွက်ပြေး​ကြ​၏​။ 35ထာဝရဘုရား​ထံ​တော်​မှ​လည်း မီး​ထွက်လာ​၍ နံ့သာပေါင်း​ပူဇော်​နေ​သော လူ​အယောက်​နှစ်ရာ့​ငါးဆယ်​တို့​ကို လောင်ကျွမ်း​လေ​၏​။
36တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
37“​မီးကျီးခံဗန်း​တို့​သည် သန့်ရှင်း​သည်​ဖြစ်၍ အာရုန်​၏​သား ယဇ်ပုရောဟိတ်​ဧလာဇာ​အား မီးလောင်​နေ​သော​နေရာ​ထဲ​မှ ထို​မီးကျီးခံဗန်း​တို့​ကို ထုတ်ယူ​မည့်​အကြောင်း ဆင့်ဆို​လော့​။ မီးခဲ​ကို​ကား အဝေး​သို့​သွန်ပစ်​စေ​လော့​။ 38အသက်​ဆုံးရှုံး​သွား​သော ထို​အပြစ်သား​တို့​၏​မီးကျီးခံဗန်း​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ပြီး​ဖြစ်၍ သန့်ရှင်း​သောကြောင့် အပြား​ခတ်​ပြီး ယဇ်ပလ္လင်​ကို​အုပ်​ထား​ရ​မည်​။ ၎င်း​သည် အစ္စရေး​အမျိုးသား​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ်​ရှိ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
39မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ယဇ်ပုရောဟိတ်​ဧလာဇာ​သည်​လည်း မီးလောင်​ခြင်း​ခံရ​သော​သူ​တို့​ပူဇော်​သည့် ကြေးနီ​မီးကျီးခံဗန်း​တို့​ကို​ယူ​၍ ယဇ်ပလ္လင်​ကို​ဖုံး​ရန် အပြား​ခတ်​ကြ​၏​။ 40ဤသည်ကား ကောရ​နှင့်​သူ​၏​အပေါင်းပါ​တို့​ကဲ့သို့​မ​ဖြစ်​မည့်​အကြောင်း ထာဝရဘုရား​ရှေ့​တော်​၌ နံ့သာပေါင်း​မီးရှို့​ဖို့ အာရုန်​၏​သားစဉ်မြေးဆက်​မ​ဟုတ်​သည့်​သာမန်လူ​တစ်စုံတစ်ယောက်​မျှ​မ​ချဉ်းကပ်​မိ​စေရန် အစ္စရေး​အမျိုးသား​တို့ အမှတ်ရစရာ​ဖြစ်​၏​။
41နောက်တစ်နေ့​တွင် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ထာဝရဘုရား​၏​လူ​တို့​ကို သတ်​ကြ​ပြီ​”​ဟု အပြစ်တင်​ပြောဆို​ကြ​၏​။ 42ထိုသို့ လူထုပရိသတ်​တို့​သည်​စုရုံး​၍ မောရှေ​နှင့်​အာရုန်​ကို​ဆန့်ကျင်​စဉ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဘက်​သို့​လှည့်ကြည့်​ရာ မိုးတိမ်​သည် တဲ​တော်​ကို​ဖုံးလွှမ်း​၍ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ထင်ရှား​သည်​ကို မြင်​ကြ​လေ​၏​။
43မောရှေ​နှင့်​အာရုန်​သည်​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှေ့​သို့ လာ​ကြ​၏​။ 44ထိုအခါ ထာဝရဘုရား​က မောရှေ​အား 45“​ဤ​လူထု​ထံ​မှ ထွက်သွား​လော့​။ သူ​တို့​ကို ယခုချက်ချင်း ငါ​ဖျက်ဆီး​ပစ်​မည်​”​ဟု မိန့်​တော်မူ​လျှင် သူ​တို့​သည် ပျပ်ဝပ်​လျက်​နေ​ကြ​၏​။
46ထို့နောက် မောရှေ​က အာရုန်​အား “​မီးကျီးခံဗန်း​ကို​ယူ​၍ ယဇ်ပလ္လင်​ပေါ်ရှိ​မီး​ကို ထို​ဗန်း​ထဲသို့​ထည့်​ပြီးလျှင် နံ့သာပေါင်း​ကို​တင်​လော့​။ လူထု​ထံသို့​အလျင်အမြန်​ယူသွား​၍ သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ပေး​လော့​။ ထာဝရဘုရား​ထံ​မှ အမျက်​တော်​ထွက်​သဖြင့် ဘေးဒဏ်​ကျရောက်စပြု​လေ​ပြီ​”​ဟု ဆို​၏​။ 47အာရုန်​လည်း မောရှေ​ပြော​သည့်​အတိုင်း ယူ​၍​လူအစုအဝေး​အလယ်​သို့ ပြေးသွား​လေ​၏​။ ထို​အချိန်​၌ လူ​တို့​အလယ်​တွင် ဘေးဒဏ်​ကျရောက်စပြု​လေ​ပြီ​။ အာရုန်​သည်​လည်း နံ့သာပေါင်း​ကို ပူဇော်​၍ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး 48သေ​သူ​နှင့် ရှင်​သူ​တို့​ကြား ရပ်​နေ​၏​။ ဘေးဒဏ်​လည်း​ငြိမ်း​လေ​၏​။ 49ကောရ​ကြောင့် သေဆုံး​သူ​တို့​အပြင် ဘေးဒဏ်​ကြောင့် သေဆုံး​သူ တစ်သောင်းလေးထောင့်​ခုနစ်​ရာ ရှိ​၏​။ 50ဘေးဒဏ်​ငြိမ်း​သောအခါ အာရုန်​သည် မောရှေ​ရှိ​ရာ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ ပြန်လာ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in