YouVersion Logo
Search Icon

နေဟမိမှတ်စာ 13

13
လုပ်ငန်းတာဝန်များကို နေဟမိပြန်လည်စီမံခန့်ခွဲခြင်း
1ထို​နေ့​၌ မောရှေ​၏​ပညတ္တိကျမ်း​ကို​လူ​တို့ ကြားသိ​အောင် ဖတ်ပြ​ရာ​တွင် “အမ္မုန်​လူမျိုး​နှင့် မောဘ​လူမျိုး​တို့​သည် ဘုရားသခင်​၏​လူမျိုး​တော်​စာရင်း​တွင် ဘယ်သောအခါ​မျှ​ဝင်​ခွင့်​မ​ရှိ​စေ​ရ”​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ရ​၏​။ 2အကြောင်းမှာ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို အစာ​ရေစာ​ဖြင့်​ဧည့်​မ​ခံ​ဘဲ ဗာလမ်​ကို​ငှားရမ်း​၍ ကျိန်ဆဲ​စေ​ခဲ့​၏​။ သို့သော် ငါ​တို့​၏​ဘုရားသခင်​သည် ကျိန်ဆဲ​ခြင်း​ကို ကောင်းချီးမင်္ဂလာ​ဖြစ်​စေ​တော်မူ​၏​။ 3ထို​ပညတ်ချက်​ကို ကြား​ကြ​သောအခါ အစ္စရေး​လူမျိုး​တို့​ထဲရှိ အမျိုး​မ​စစ်​သော​သူ​အားလုံး​ကို ဖယ်ထုတ်​ကြ​၏​။
4ယခင်က ယဇ်ပုရောဟိတ်​ဧလျာရှိပ်​သည် ငါ​တို့​ဘုရားသခင်​အိမ်​တော်​ခန်း​ကို ကွပ်ကဲ​သူ​ဖြစ်​၏​။ သူ​သည် တောဘိ​နှင့်​ဆွေမျိုး​တော်စပ်​သည်​ဖြစ်၍ 5သူ့​အား အခန်း​ကြီး​တစ်ခန်း​ကို ပေး​ထား​၏​။ ထို​အခန်း​သည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ​၊ နံ့သာပေါင်း​၊ အသုံးအဆောင်​ပစ္စည်း​များ​နှင့်တကွ လေဝိ​အမျိုး​များ​၊ တံခါးစောင့်​များ​၊ သီချင်းသည်​များ​ကို ပညတ်တော်​အတိုင်း​ပေး​ရ​သော ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​နှင့် ယဇ်ပုရောဟိတ်​တို့​အတွက် အလှူပစ္စည်း​တို့​ကို သိုထား​သော​အခန်း​ဖြစ်​၏​။
6ဘေဘီလုံ​ဘုရင်​အာတဇေရဇ်​မင်းကြီး​နန်းစံ သုံးဆယ့်​နှစ်​နှစ်​တွင် ငါ​သည် ဘုရင့်​ထံသို့​ပြန်သွား​ရ​သည်​ဖြစ်​၍ ထိုစဉ်က ဂျေရုဆလင်​မြို့​တွင် ငါ​မ​ရှိ​။ အချိန်​အတော်ကြာ​မှ ငါ​သည် ဘုရင့်​ထံ​ခွင့်ပန်​၍ 7ဂျေရုဆလင်​မြို့​သို့​ပြန်လာ​၏​။ ထိုအခါ ဧလျာရှိပ်​သည် ဘုရားသခင်​၏​အိမ်​တော်​ဝင်း​အတွင်း​ရှိ​အခန်း​ကို တောဘိ​အား ပေး​လိုက်​သည်​ဟူသော ဧလျာရှိပ်​ပြု​သည့် မကောင်းမှု​ကို ငါ​ကြား​ရ​၏​။ 8ထို့ကြောင့် ငါ​သည် အလွန်​စိတ်ဆိုး​၍ တောဘိ​၏​အိမ်သုံး​ပစ္စည်း​အားလုံး​ကို အခန်း​အပြင်​သို့​လွှင့်ပစ်​ပြီး 9အခန်း​များ​ကို သန့်ရှင်း​စေ​ပြီးမှ ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် နံ့သာပေါင်း တို့​ကို ပြန်ထား​စေ​၏​။ 10လေဝိ​အမျိုး​တို့​၏​ဝေစု​ကို မ​ပေး​ကြ​သဖြင့် အမှု​တော်​ထမ်း​သော​လေဝိ​အမျိုး​နှင့်​သီချင်းသည်​တို့​သည် မိမိ​တို့​လယ်ယာမြေ​အသီးသီး​သို့ ပြန်သွား​ကြ​ရ​သည်​ကို​လည်း ငါ​သိ​ရ​၏​။ 11ငါ​သည် ကြီးကြပ်​သူ​တို့​အား “​ဘုရားသခင်​၏​အိမ်​တော်​ကို အဘယ်ကြောင့်​ပစ်ပယ်​ထား​ကြ​သနည်း​”​ဟု အပြစ်တင်​ပြောဆို​ပြီး လေဝိ​အမျိုး​တို့​ကို စုဝေး​စေ​၍ သူ့​နေရာ​နှင့်​သူ ပြန်​ခန့်ထား​၏​။ 12ထိုအခါ ယုဒ​လူ​အပေါင်း​တို့​သည် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သိုလှောင်ခန်း​သို့​ယူဆောင်​လာ​ကြ​၏​။ 13ငါ​သည် ယဇ်ပုရောဟိတ်​ရှေလမိ​၊ ကျမ်းပြုဆရာ​ဇာဒုတ်​၊ လေဝိ​အမျိုး​ပေဒါယ​တို့​ကို သိုလှောင်တိုက်​တာဝန်ခံ​အဖြစ်​ခန့်ထား​၍ မတ္တနိ​၏​မြေး​၊ ဇက္ကုရ​၏​သား ဟာနန်​ကို သူ​တို့​၏​လက်ထောက်​အဖြစ် ခန့်ထား​၏​။ အကြောင်းမှာ သူ​တို့​သည် သစ္စာရှိ​သော​သူ​များ​ဖြစ်​၏​။ သူ​တို့​သည် ညီအစ်ကို​များ​ကို ဝေစုခွဲဝေ​ပေး​ရ​၏​။
14အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ ဘုရားသခင်​၏​အိမ်​တော်​နှင့်​အမှု​တော်​အတွက် အကျွန်ုပ်​ကောင်း​စွာ​လုပ်ဆောင်​ခဲ့​သည်​ကို လျစ်လျူရှု​တော်​မ​မူ​ပါ​နှင့်​။
15ထို​နေ့​များ​တွင် ယုဒ​ပြည်​၌ ဥပုသ်နေ့​တွင် စပျစ်သီးနင်းနယ်​သူ​များ​၊ ကောက်နှံစည်း​များ​ကို သယ်​နေ​သူ​များ​၊ မြည်း​များ​ပေါ်တွင် စပျစ်ဝိုင်​၊ စပျစ်သီး​၊ သဖန်းသီး​နှင့် အထုပ်အပိုး​များ​ကို​တင်​၍ ဂျေရုဆလင်​မြို့​တွင်း​သို့ ယူဆောင်​လာ​သူ​များ​ကို အကျွန်ုပ်​တွေ့​ရ​၏​။ ဥပုသ်နေ့​၌ အစားအစာ​ရောင်းဝယ်​ဖောက်ကား​နေ​ကြ​သည်​ကို​လည်း သူ​တို့​အား အကျွန်ုပ်​သတိပေး​၏​။ 16ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​တိုင်ရာ​မြို့သား​တို့​သည်​လည်း ငါး​နှင့်​ကုန်စည်​အမျိုးမျိုး​ကို​ယူဆောင်​လာ​၍ ဥပုသ်နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ ယုဒ​လူ​တို့​အား ရောင်းချ​ကြ​၏​။
17ထို့ကြောင့် အကျွန်ုပ်​သည် ယုဒ​ခေါင်းဆောင်​တို့​အား “​သင်​တို့​ပြု​သော ဤ​ဆိုးညစ်မှု​ကား မည်သို့​နည်း​။ သင်​တို့​သည် ဥပုသ်နေ့​ကို ညစ်ညူး​စေ​ကြ​ပြီ​။ 18သင်​တို့​၏​ဘိုးဘေး​တို့​သည် ထိုသို့​ပြု​ခဲ့​သဖြင့် ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့် ဤ​မြို့​ကို ဘေးအန္တရာယ်​အပေါင်း​တို့​နှင့် ကြုံတွေ့​စေ​ခဲ့​ပြီ မ​ဟုတ်​လော​။ ယခုမှာ​လည်း အစ္စရေး​လူမျိုး​တို့ ထပ်၍​အမျက်​တော်​ခံရ​အောင် သင်​တို့​သည် ဥပုသ်နေ့​ကို​ညစ်ညူး​စေ​ကြ​ပြီ​”​ဟု ဆူပူကြိမ်းမောင်း​၏​။
19ဂျေရုဆလင်​မြို့​တံခါး​များ​ကို ဥပုသ်နေ့​မတိုင်မီ​တစ်​ရက် မှောင်ရီပျိုး​အချိန်​မှစ၍ ပိတ်​ထား​ရ​မည်​။ ထို​တံခါး​တို့​ကို ဥပုသ်နေ့​ကုန်​မှ​ပြန်​ဖွင့်​ရ​မည်​ဟု ငါ​မှာထား​၏​။ ဥပုသ်နေ့​တွင် အထုပ်အပိုး​များ မ​သယ်ဆောင်​လာ​ရန် မြို့​တံခါး​များ​တွင် ငါ့​လူ​အချို့​ကို အစောင့်​ချထား​၏​။ 20သို့ဖြစ်၍ ကုန်သည်​များ​၊ ကုန်ပစ္စည်း​မျိုးစုံ​ရောင်းချ​သူ​များ​သည် ဂျေရုဆလင်​မြို့​အပြင်ဘက်​၌ တစ်ခါ​နှစ်ခါ ညအိပ်​စောင့်​ကြ​သေး​၏​။ 21ထို့ကြောင့် ငါ​က သူ​တို့​အား “​သင်​တို့​သည် အဘယ်ကြောင့် မြို့ရိုး​ရှေ့​တွင် ညအိပ်​ကြ​သနည်း​။ ထိုသို့ ထပ်၍​ပြု​လျှင် သင်​တို့​ကို ဖမ်း​မည်​”ဟု သတိပေး​၏​။ ထို​အချိန်​မှစ၍ ဥပုသ်နေ့​တွင် သူ​တို့​မ​လာ​တော့​ချေ​။ 22လေဝိ​အမျိုး​တို့​ကို​လည်း ဥပုသ်နေ့​သန့်ရှင်း​အောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်​စေ​ပြီး မြို့​တံခါး​တို့​တွင် သွား​၍​စောင့်ကြပ်​ကြ​လော့​ဟု ငါ​မှာကြား​၏​။
အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ မေတ္တာကရုဏာ​ကြွယ်ဝ​သည့်​အတိုင်း အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။
23ထို​ကာလ​တွင် အာဇုတ်​အမျိုးသမီး​၊ အမ္မုန်​အမျိုးသမီး​၊ မောဘ​အမျိုးသမီး​တို့​နှင့်​စုံဖက်​သော ဂျူး​လူမျိုး​တို့​ကို​လည်း ငါ​တွေ့​ရ​၏​။ 24သူ​တို့​၏​သားသမီး​တစ်ဝက်​သည် အာဇုတ်​ဘာသာစကား​ကို​ပြော​၏​။ သူ​တို့​သည် ယုဒ​ဘာသာစကား​ကို​ကား မ​ပြော​တတ်​ကြ​ပေ​။ အခြား​သော​လူမျိုး​တစ်မျိုးမျိုး​၏​ဘာသာစကား​ကို​သာ ပြော​တတ်​ကြ​၏​။ 25သို့ဖြစ်၍ ငါ​သည် သူ​တို့​ကို ဆူပူကြိမ်းမောင်း​ပြီး ကျိန်ဆဲ​၏​။ အချို့​ကို​ရိုက်နှက်ဆုံးမ​၏​။ ဆံပင်​ကို​ဆွဲနုတ်​၏​။ ဘုရားသခင်​ရှေ့​၌​ကျိန်ဆို​စေ​ပြီးလျှင် သူ​တို့​အား “​သင်​တို့​၏​သမီး​များ​ကို သူ​တို့​၏​သား​များ​နှင့်​မ​ပေးစား​ရ​၊ သင်​တို့​နှင့် သင်​တို့​၏​သား​များ​သည်​လည်း သူ​တို့​၏​သမီး​များ​ကို မ​ယူ​ရ​။ 26အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​သည်​လည်း ဤနည်းဖြင့် အပြစ်ပြု​ခဲ့​သည်​မ​ဟုတ်​လော​။ တိုင်းနိုင်ငံ​များ​တွင် သူ​နှင့်​တူ​သော​ဘုရင်​မ​ရှိ​။ ဘုရားသခင်​သည် သူ့​ကို​ချစ်​တော်မူ​၍ အစ္စရေး​လူမျိုး​အားလုံး​တို့​၏​ဘုရင်​အဖြစ် သူ့​ကို​ခန့်ထား​တော်မူ​၏​။ သို့သော် သူ​သည် တစ်ပါးအမျိုးသား​မိန်းမပျို​တို့​အားဖြင့် အပြစ်​ကျူးလွန်​ခဲ့​၏​။ 27ယခု​လည်း သင်​တို့​ပြု​သော ဤ​မကောင်းမှု​ကြီး​ကို ငါ​တို့​လက်ခံ​ရ​မည်လော​။ ဘုရားသခင်​အပေါ် သစ္စာမဲ့​၍ တစ်ပါးအမျိုးသား​မိန်းမပျို​တို့​နှင့်​စုံဖက်​သည်​ကို ငါ​တို့​လက်ခံ​ရ​မည်လော​”​ဟု ငါ​ပြော​၏​။
28ထို့ပြင် ယဇ်ပုရောဟိတ်​မင်း​ဧလျာရှိပ်​၏​မြေး ယောယဒ​၏​သား​တစ်​ယောက်​သည် ဟောရနိ​လူမျိုး သမ္ဘာလတ်​၏​သမက်​ဖြစ်​သောကြောင့် သူ့​ကို ငါ​နှင်ထုတ်​ပစ်​၏​။
29အို အကျွန်ုပ်​၏​ဘုရားသခင်​၊ သူ​တို့​သည် ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရှုတ်ချ​၍ ယဇ်ပုရောဟိတ်​အရိုက်အရာ​နှင့် လေဝိ​အမျိုး​တို့​၏​ပဋိညာဉ်​ကို ဖောက်ဖျက်​သောကြောင့် သူ​တို့​ကို မှတ်​တော်မူ​ပါ​။
30ငါ​သည် သူ​တို့​ကို တိုင်းတစ်ပါးသား​အပေါင်း​တို့​နှင့်​ကင်းကင်းရှင်းရှင်း​နေ​စေ​ပြီးမှ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​အား သူ​တို့​လုပ်​ရ​မည့်​အလုပ်​အသီးသီး​ကို ပြန်လည်​ချမှတ်​ပေး​၍ 31သတ်မှတ်​ထား​သော​အချိန်​တွင် လှူ​ရ​မည့်​ထင်း​နှင့် အဦးဆုံးသီးနှံ​များ​ကို စီမံ​ပေး​၏​။
အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ ကျေးဇူး​ပြု​တော်မူ​ပါ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in