YouVersion Logo
Search Icon

နေဟမိမှတ်စာ 11

11
ဂျေရုဆလင်မြို့၌ ပြန်လည်နေထိုင်ကြခြင်း
1လူထု​အကြီးအကဲ​တို့​သည် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​၏​။ ကျန်​သော​သူ​တို့​မူကား မဲချ​ဆုံးဖြတ်​သည့်​အတိုင်း လူ​ဆယ်​ယောက်​တွင် တစ်​ယောက်​သည် သန့်ရှင်း​ရာ​အရပ်​ဂျေရုဆလင်​မြို့​တွင် နေထိုင်​ရ​မည်​ဖြစ်​ပြီး ကျန်​ကိုး​ယောက်​ကား အခြား​သော​မြို့ရွာ​များ​တွင် နေထိုင်​ရ​မည်​ဖြစ်​သည်​။ 2မိမိ​တို့​ဆန္ဒ​အလျောက် ဂျေရုဆလင်​မြို့​၌​နေထိုင်​လို​သော​သူ​အပေါင်း​တို့​ကို လူ​တို့​သည် ကောင်းချီးပေး​ကြ​၏​။
3ဤသို့ဖြင့် နယ်မြေ​ခေါင်းဆောင်​များ​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ကြ​ပြီး အစ္စရေး​လူထု​များ​၊ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ​သည် ယုဒ​ပြည်​ရှိ ကိုယ့်​နေရင်း​မြို့ရွာ​များ​တွင် နေထိုင်​ကြ​၏​။ 4ဂျေရုဆလင်​မြို့​တွင် ယုဒ​အမျိုးသား​အချို့​နှင့် ဗင်္ယာမိန်​အမျိုးသား​အချို့​တို့ နေထိုင်​ကြ​၏​။ ထို​သူ​တို့​မှာ ယုဒ​အမျိုးသား​တွင် ဖာရက်​သားမြေး​မှ​ဆင်းသက်​လာ​သော​မဟာလေလ​၏​တွတ်​၊ ရှေဖတိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဇာခရိ​၏​မြေး​၊ ဩဇိ​၏​သား​အသာယ​နှင့် 5ရှိလော​သားမြေး​မှ​ဆင်းသက်​လာ​သော ရှိလော​၏​ဆက်​၊ ဇာခရိ​၏​ကျွတ်​၊ ယောယရိပ်​၏​တွတ်​၊ အဒါယ​၏​တီ​၊ ဟဇာယ​၏​မြစ်​၊ ကောလဟောဇ​၏​မြေး​၊ ဗာရုတ်​၏​သား မာသေယ တို့​ဖြစ်​ကြ​၏​။ 6ဂျေရုဆလင်​မြို့​၌​နေထိုင်​သော ဖာရက်​သားမြေး​မှာ စုစုပေါင်း​လေး​ရာ​ခြောက်ဆယ့်​ရှစ်​ယောက် ဖြစ်​၏​။ သူ​တို့​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​များ ဖြစ်​၏​။ 7ဗင်္ယာမိန်​အမျိုးအနွယ်​တွင် ယေရှာယ​၏​ဆက်​၊ ဣသေလ​၏​ကျွတ်​၊ မာသေယ​၏​တွတ်​၊ ကောလာယ​၏​တီ​၊ ပေဒါယ​၏​မြစ်​၊ ယောဒ​၏​မြေး​၊ မေရှုလံ​၏​သား သလ္လု​နှင့် 8သူ့​နောက်မှ​ရောက်လာ​သော ဂဗ္ဗဲ​အမျိုး​၊ သလ္လဲ​အမျိုး တို့​အပါအဝင် စုစုပေါင်း ကိုး​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​ဖြစ်​၏​။ 9ထို​သူ​တို့​ကို ဇိခရိ​၏​သား ယောလ​က ကြီးကြပ်​၍ ဟာသေနွာ​၏​သား ယုဒ​က မြို့​ကို​ကြီးကြပ်သူ​၏​လက်ထောက်​ဖြစ်​၏​။ 10ယဇ်ပုရောဟိတ်​တို့​တွင် ယောယရိပ်​၏​သား ယေဒါယ​၊ ယာခိန်​၊ 11အဟိတုပ်​၏​တွတ်​၊ မေရာယုတ်​၏​တီ​၊ ဇာဒုတ်​၏​မြစ်​၊ မေရှုလံ​၏​မြေး​၊ ဟိလခိ​၏​သား ဘုရားသခင်​၏​အိမ်တော်အုပ်​စရာယ​၊ 12အိမ်​တော်​အမှု​ကို​ထမ်းဆောင်​သော သူ​တို့​၏​ညီအစ်ကို​ရှစ်​ရာ​နှစ်ဆယ့်​နှစ်​ယောက်​အပါအဝင် မာလခိယ​၏​ကျွတ်​၊ ပါရှုရ​၏​တွတ်​၊ ဇာခရိ​၏​တီ​၊ အံဇိ​၏​မြစ်​၊ ပေလလိ​၏​မြေး​၊ ယေရောဟံ​၏​သား အဒါယ​နှင့် 13သူ​၏​ညီအစ်ကို​ဖြစ်​သော​ဘိုးဘေး​ခေါင်းဆောင်​ပေါင်း နှစ်ရာ​လေးဆယ့်​နှစ်​ယောက်​အပါအဝင် ဣမေရ​၏​တီ​၊ မေရှိလမုတ်​၏​မြစ်​၊ အဟာသဲ​၏​မြေး​၊ အာဇရေလ​၏​သား အာမရှဲ​နှင့် 14သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော​စစ်သူရဲ​တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက် ဖြစ်​၏​။ သူ​တို့​ကို​ကြီးကြပ်သူ​မှာ ဟဂဒေါလိမ်​၏​သား ဇာဗဒေလ ဖြစ်​၏​။ 15လေဝိ​အမျိုး​တို့​တွင် ဗုန္နိ​၏​တီ​၊ ဟာရှဘိ​၏​မြစ်​၊ အာဇရိကံ​၏​မြေး​၊ ဟာရှုပ်​၏​သား ရှေမာယ​၊ 16ဘုရားသခင်​၏​အိမ်​တော်​အပြင်ဘက်​အမှုထမ်း​ရ​သူ လေဝိ​အမျိုး အကြီးအမှူး ရှဗ္ဗေသဲ​၊ ယောဇဗဒ်​၊ 17အာသပ်​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ မိက္ခာ​၏​သား​ဖြစ်​သည့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​၊ ဆုတောင်း​ခြင်း​တို့​၌ ပထမ​ခေါင်းဆောင် မတ္တနိ​နှင့် ညီအစ်ကို​များ​တွင် လက်ထောက်​ဖြစ်​သည့် ဗာကဗုကိ​အပါအဝင် ယေဒုသုန်​၏​မြစ်​၊ ဂလာလ​၏​မြေး​၊ ရှမွာ​၏​သား အာဗဒ​နှင့် 18သန့်ရှင်း​သော​မြို့​တွင်​နေထိုင်​သော​လေဝိ​အမျိုး​ပေါင်း နှစ်ရာ​ရှစ်ဆယ့်​လေး​ယောက်​ဖြစ်​၏​။ 19တံခါးစောင့်​များ​တွင် တံခါးစောင့်​အက္ကုပ်​၊ တာလမုန်​နှင့် သူ​တို့​၏​ညီအစ်ကို​ပေါင်း တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​ဖြစ်​၏​။ 20ကျန်​သော​အစ္စရေး​လူထု​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​များ​သည် ယုဒ​ပြည်​ရှိ ကိုယ့်​နေရင်း​မြို့ရွာ​များ​တွင် နေထိုင်​ကြ​၏​။ 21ဗိမာန်တော်​အစေအပါး​တို့​သည် ဩဖေလ​အရပ်​၌​နေထိုင်​ကြ​၏​။ ထို​ဗိမာန်တော်​အစေအပါး​တို့​ကို ဇိဟ​နှင့်​ဂိသပ​တို့​က အုပ်ချုပ်​၏​။
လေဝိအမျိုးနှင့်ယဇ်ပုရောဟိတ်များ
22ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို​စီမံ​ရ​သော သီချင်းသည်​များ​ဖြစ်​သည့် အာသပ်​သားမြေး​မှ​ဆင်းသက်​သော မိက္ခာ​၏​တီ​၊ မတ္တနိ​၏​မြစ်​၊ ဟာရှဘိ​၏​မြေး​၊ ဗာနိ​၏​သား ဩဇိ​သည် ဂျေရုဆလင်​မြို့​ရှိ လေဝိ​အမျိုး​ကို အုပ်ချုပ်​၏​။ 23ရှင်ဘုရင်​သည် သီချင်းသည်​များ​နေ့စဉ်နေ့တိုင်း​ပုံမှန်​ပြု​ရ​မည့်​အမှု​ကို စီရင်ချမှတ်​ထား​၏​။ 24ယုဒ​၏​သား ဇေရ​သားမြေး​မှ ဆင်းသက်​လာ​သော​မေရှဇဗေလ​၏​သား ပေသဟိ​သည် ပြည်သူပြည်သား​တို့​၏​အမှုကိစ္စ​အားလုံး​ကို စီမံ​ရ​သော ရှင်ဘုရင်​၏​လက်ရုံး​ဖြစ်​၏​။
25ယုဒ​အမျိုးအနွယ်​အချို့​သည် ကိရယအာဘ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ဒိဘုန်​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ ယေကပ်ဇေလ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​တွင် မိမိ​တို့​အပိုင်​မြို့ရွာ​လယ်မြေ​များ​အဖြစ် အခြေချ​နေထိုင်​ကြ​၏​။
26ထို့ပြင် ယေရွှာ​မြို့​၊ မောလဒါ​မြို့​၊ ဗက်ပါလက်​မြို့​၊
27ဟာဇာရွာလ​မြို့​၊ ဗေရရှေဘ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊
28ဇိကလတ်​မြို့​၊ မေကောန​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊
29အင်ရိမ္မုန်​မြို့​၊ ဇောရာ​မြို့​၊ ယာမုတ်​မြို့​၊
30ဇာနော​မြို့​၊ အဒုလံ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ လာခိရှ​မြို့​နှင့် လယ်ယာမြေ​များ​၊ အဇေကာ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​စသည်​ဖြင့် ဗေရရှေဘ​မြို့​မှ ဟိန္နုံ​ချိုင့်ဝှမ်း​တိုင်အောင် နေထိုင်​ကြ​၏​။
31ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မူကား ဂေဗ​မြို့​မှ​မိတ်မတ်​မြို့​၊ အာဣ​မြို့​၊ ဗေသလ​မြို့​နှင့် ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊
32အာနသုတ်​မြို့​၊ နောဗ​မြို့​၊ အာနနိ​မြို့​၊
33ဟာဇော်​မြို့​၊ ရာမ​မြို့​၊ ဂိတ္တိမ်​မြို့​၊
34ဟာဒိဒ်​မြို့​၊ ဇေဘိုင်​မြို့​၊ နေဗလ္လတ်​မြို့​၊
35လောဒ​မြို့​၊ ဩနော​မြို့​နှင့် လက်မှုပညာသည်​ချိုင့်ဝှမ်း​တို့​၌​လည်း နေထိုင်​ကြ​၏​။
36ယုဒ​ပြည်​ရှိ လေဝိ​အမျိုး​အချို့​တို့​သည် ဗင်္ယာမိန်​ပြည်​၌ နေထိုင်​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in