YouVersion Logo
Search Icon

ရှင်မာကုခရစ်ဝင် 6

6
နာဇရက်မြို့၌ငြင်းပယ်ခံရခြင်း
1ထို့နောက် ယေရှု​သည် ထို​နေရာ​မှ​ထွက်ခွာ​၍ မိမိ​၏​နေရင်း​မြို့​သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ 2ဥပုသ်နေ့​ရောက်​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ သွန်သင်​တော်မူ​ရာ ကြားနာ​သူ​များစွာ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​အရာ​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​ရ​သည့်​ဉာဏ်ပညာ​နှင့် သူ့​လက်​ဖြင့်​ပြု​သော တန်ခိုး​လက္ခဏာ​များ​ကား မည်သို့​နည်း။ 3သူ​သည် လက်သမား​မ​ဟုတ်​လော။ မာရိ​၏​သား​ဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒ​နှင့်​ရှိမုန်​တို့​၏​အစ်ကို​မ​ဟုတ်​လော။ သူ​၏​နှမ​များ​သည်​လည်း ငါ​တို့​နှင့်အတူ ဤ​အရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကာ ကိုယ်တော်​အပေါ်​ဘဝင်မကျ​ဖြစ်​ကြ​၏။ 4ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့၊ မိမိ​၏​ဆွေမျိုး​များ​ကြား​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ 5ကိုယ်တော်​သည် မ​ကျန်းမာ​သော​သူ​အနည်းငယ်​တို့​အပေါ် လက်​တော်​တင်​လျက် ကျန်းမာ​စေ​ခဲ့​ခြင်း​မှတစ်ပါး ထို​နေရာ​၌ မည်သည့်​တန်ခိုး​လက္ခဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။
6ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။
တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို စေလွှတ်တော်မူခြင်း
7ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ​စေလွှတ်​ကာ သူ​တို့​အား ညစ်ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အခွင့်​အာဏာ​ကို​ပေး​တော်မူ​၏။ 8ထို့ပြင် လမ်း​ခရီး​အတွက် တောင်ဝှေး​တစ်​ချောင်း​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အစားအစာ​၊ လွယ်အိတ်၊ ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါးပန်း​၌​မ​ထည့်​သွား​ဘဲ 9ဖိနပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်မှာ​တော်မူ​၏။ 10တစ်ဖန် သူ​တို့​အား“မည်သည့်​အရပ်​တွင်​မဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ​ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။ 11မည်သည့်​အရပ်​၌​မဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အရပ်​မှ​ထွက်ခွာ​ကြ​စဉ် သူ​တို့​တစ်ဖက်၌ သက်သေ​ဖြစ်​စေရန် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
12ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ လူ​တို့​နောင်တရ​ကြ​မည့်​အကြောင်း ဟောပြော​ကြ​၏။ 13သူ​တို့​သည် များစွာ​သော​နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကာ မ​ကျန်းမာ​သော​သူ​များစွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်းမာ​စေ​ကြ​၏။
ဗတ္တိဇံဆရာယောဟန်၏သေဆုံးခြင်း
14ကိုယ်တော်​၏​နာမ​တော်​သည် ထင်ပေါ်​ကျော်ကြား​လာ​သဖြင့် ဟေရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အချို့​တို့​က “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌ တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​ကြ​၏။ 15အချို့​တို့​က​လည်း “သူ​သည် ဧလိယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အချို့​တို့​က​လည်း “ရှေး​ပရောဖက်​များ​တစ်ပါးပါး​ကဲ့သို့သော​ပရောဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။ 16ဟေရုဒ်​သည်​ကြား​လျှင် “ငါ​ခေါင်းဖြတ်​ကွပ်မျက်​ခဲ့​သော​ယောဟန်​သည် ထမြောက်​လေ​ပြီ”​ဟု ဆို​၏။
17ထိုသို့​ဆို​သည့်​အကြောင်းမှာ ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်တိုင်​လူ​လွှတ်​၍ ယောဟန်​ကို​ဖမ်းဆီး​ကာ ထောင်​ထဲ၌ ချုပ်နှောင်​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ဟေရုဒ်​သည် ထို​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သဖြင့် 18ယောဟန်​က “သင်​သည် အစ်ကို​၏​ဇနီး​ကို​သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ 19ဟေရောဒိ​သည် ယောဟန်​ကို​ရန်ငြိုး​ထား​လျက် သတ်​လို​သော်လည်း အခွင့်​မ​ရ​ခဲ့​ချေ။ 20အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။
21သို့သော် အခွင့်ကောင်း​ရောက်လာ​လေ​၏။ ဟေရုဒ်​သည် မိမိ​၏​မွေးနေ့​၌ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ​နှင့် ဂါလိလဲ​နယ်​၏​ခေါင်းဆောင်​များ​အတွက် ညစာ​စားပွဲ​ကျင်းပ​သောအခါ 22ဟေရောဒိ​၏​သမီး​သည် ထို​စားပွဲ​သို့​ဝင်လာ​၍ က​ပြ​လျက် ဟေရုဒ်​မှစ၍ သူ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​ကို နှစ်သက်​စေ​၏။ ဟေရုဒ်​က “လိုချင်​သမျှ​သော​အရာ​ကို​တောင်း​လော့။ သင့်​ကို ငါ​ပေး​မည်”​ဟု မိန်းကလေး​အား​ဆို​ပြီးမှ 23တစ်ဖန် “ငါ့​ကို​သင်​တောင်း​သမျှ ငါ့​နိုင်ငံ​တစ်ဝက်​တိုင်အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်တည်​ပြောဆို​လေ​၏။ 24ထိုအခါ မိန်းကလေး​သည်​ထွက်သွား​၍ “မည်သည့်​အရာ​ကို တောင်း​ရ​ပါ​မည်နည်း”​ဟု မိမိ​၏​မိခင်​အား​မေး​လေ​ရာ မိခင်​က “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း”​ဟု ဆို​၏။
25သူ​သည်​လည်း ချက်ချင်း​ပင် မင်းကြီး​ထံ​အလျင်အမြန်​ဝင်​၍ “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယခုပင် ကျွန်မ​အား​ပေး​စေ​လို​ပါ​သည်”​ဟု တောင်းလျှောက်​လေ​၏။
26မင်းကြီး​သည် အလွန်​စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ သူ့​ကို မ​ငြင်းဆန်​လို​သဖြင့် 27အာဏာပါးကွက်သား​တစ်​ဦး​ကို ချက်ချင်း​စေလွှတ်​ကာ ယောဟန်​၏​ဦးခေါင်း​ကို​ယူဆောင်​ခဲ့​ရန် အမိန့်​ပေး​လေ​၏။ ထို​သူ​သည်​လည်း​သွား​၍ ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲ၌ ဖြတ်​ပြီးလျှင် 28ထို​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​၏။ မိန်းကလေး​သည်​လည်း ၎င်း​ကို မိမိ​၏​မိခင်​အား​ပေး​လေ​၏။ 29ယောဟန်​၏​တပည့်​တို့​သည် ထို​သတင်း​ကို​ကြားသိ​ကြ​သောအခါ လာ​၍ သူ​၏​အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် ဂူသွင်း​သင်္ဂြိုဟ်​ကြ​၏။
လူငါးထောင်ကိုကျွေးမွေးတော်မူခြင်း
30တမန်တော်​တို့​သည် ယေရှု​ထံ ပြန်လည်​စုဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သမျှ​နှင့် သွန်သင်​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ 31ကိုယ်တော်​က​လည်း“သင်​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သင်​တို့​ချည်းသာ​လာ​၍ ခေတ္တ​အနားယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သဖြင့် သူ​တို့​သည် အစာ​စား​ရန်​ပင် အချိန်​မ​ရ​ကြ​သောကြောင့်​ဖြစ်​၏။
32ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။ 33သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။ 34ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။
35အချိန်​နောက်ကျ​နေ​ပြီ​ဖြစ်​၍ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း​နောက်ကျ​နေ​ပါ​ပြီ။ 36လူ​တို့​သည် ဝန်းကျင်​ရှိ​ကျေးလက်​တောရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စား​စရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ 37သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဒေနာရိ​နှစ်ရာ​ဖြင့် မုန့်​များ​သွား​ဝယ်​၍ သူ​တို့​စား​ရန် ပေး​ရ​ပါမည်လော”​ဟု ပြန်လျှောက်​ကြ​၏။ 38ကိုယ်တော်​က​လည်း“သင်​တို့​၌ မုန့်​မည်မျှ​ရှိ​သနည်း။ သွား​၍​ကြည့်​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သိရှိ​ပြီးမှ “မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။
39ထို့နောက် ကိုယ်တော်​သည် လူ​အပေါင်း​တို့​ကို စိမ်းလန်း​သော​မြက်​ခင်း​ပေါ်၌ အစုလိုက်​ထိုင်​စေရန် တပည့်​တော်​တို့​အား အမိန့်​ပေး​တော်မူ​၏။ 40လူ​တို့​သည်​လည်း တစ်ရာ​စီ၊ ငါးဆယ်​စီ အစုလိုက်​ထိုင်​ကြ​၏။ 41ထိုအခါ ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ လူ​တို့​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အပေါင်း​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ 42လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ 43ထို့နောက် မုန့်​အကျိုးအပဲ့​နှင့် ငါး​၏​အကြွင်းအကျန်​တို့​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ 44မုန့်​ကို​စား​သော​ယောက်ျား​ဦးရေ​မှာ ငါးထောင်​ရှိ​၏။
ရေပေါ်၌လမ်းလျှောက်တော်မူခြင်း
45ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​ရှိ ဗက်ဇဲဒ​မြို့​သို့ အလျင်​ဦးစွာ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ 46လူ​တို့​ကို​နှုတ်ဆက်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​တော်မူ​၏။
47ညနေချမ်း​အချိန်​ရောက်​သောအခါ လှေ​သည် ပင်လယ်​အလယ်​၌​ရှိ​၏။ ကိုယ်တော်​မူကား ကုန်း​ပေါ်၌ တစ်ပါးတည်း​ရှိ​တော်မူ​၏။ 48လေ​ဆန်​သောကြောင့် လှော်ခတ်​၍ ပင်ပန်း​နေ​ကြ​သော​တပည့်​တော်​တို့​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် မိုးသောက်ယံ​အချိန်​ဝန်းကျင်​၌ ပင်လယ်​ပေါ်တွင်​လမ်းလျှောက်​လျက် သူ​တို့​ထံသို့​ကြွ​တော်မူ​ပြီး သူ​တို့​ကို​ကျော်ဖြတ်​သွား​မည်​ပြု​လေ​၏။ 49တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တစ္ဆေ​ဖြစ်​သည်​ဟု​ထင်မှတ်​လျက် အော်ဟစ်​ကြ​၏။ 50သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​တွေ့မြင်​၍ တုန်လှုပ်​ချောက်ချား​ကြ​သောကြောင့်​ဖြစ်​၏။ သို့သော် ကိုယ်တော်​သည် ချက်ချင်း​ပင် သူတို့​နှင့်​စကား​ပြော​လျက်“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။ 51ထို့နောက် သူ​တို့​ရှိရာ လှေ​ပေါ်သို့​တက်​တော်မူ​သော် လေ​သည်​ငြိမ်​သွား​လေ​၏။ သူ​တို့​သည် အလွန်​အမင်း​အံ့သြ​ငေးမော​ကြ​၏။ 52အကြောင်းမူကား သူ​တို့​သည် မုန့်​နှင့်ပတ်သက်​သော​ဖြစ်ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်နှလုံး​မာကျော​လျက်​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။
ဂင်နေသရက်မြို့၌ အနာရောဂါပျောက်ကင်းစေတော်မူခြင်း
53ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​သဖြင့် လှေ​ကို​ဆိုက်ကပ်​ကြ​၏။ 54လှေ​ပေါ်မှ သူ​တို့​ဆင်း​ကြ​ရာ လူ​တို့​သည် ကိုယ်တော်​ကို​ချက်ချင်း​မှတ်မိ​ကြ​သဖြင့် 55ထို​အရပ်​ဒေသ​တစ်ဝန်းလုံး​သို့​ပြေး​သွား​ကာ ကိုယ်တော်​ရှိ​တော်မူ​သည်​ဟု သူ​တို့​ကြား​ရ​သည့်​နေရာ​သို့ နာမကျန်း​ဖြစ်​သူ​တို့​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ကြ​၏။ 56ကိုယ်တော်​ကြွ​တော်မူ​သော မြို့​၌​ဖြစ်စေ၊ ကျေးလက်​တောရွာ​၌​ဖြစ်စေ၊ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​တို့​ကို ဈေး​အရပ်​၌​ချ​ထား​ကာ သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ ကိုယ်တော်​ကို တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in