YouVersion Logo
Search Icon

ရှင်မာကုခရစ်ဝင် 14

14
ယေရှုကိုသတ်ရန်ကြံစည်ကြခြင်း
1ပသခါ​ပွဲတော်​နှင့် တဆေးမဲ့​မုန့်​ပွဲတော်​များ​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ယေရှု​ကို ပရိယာယ်​အားဖြင့် မည်ကဲ့သို့​ဖမ်းဆီး​သတ်ဖြတ်​ရ​မည်​ကို ရှာကြံ​နေ​ကြ​၏။ 2သို့သော် သူ​တို့​က “လူ​တို့​ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။
ဗေသနိရွာတွင် ခေါင်းတော်ပေါ်၌ ဆီမွှေးသွန်းလောင်းခြင်း
3ယေရှု​သည် ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​ထဲ၌​ထိုင်​၍ စားသောက်​နေ​တော်မူ​စဉ် အမျိုးသမီး​တစ်​ဦး​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ကို​ယူဆောင်​လာ​၍ ထို​ကျောက်ဖြူ​ဘူး​ကို​ခွဲ​ပြီးလျှင် ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ဆီမွှေး​ကို သွန်းလောင်း​လေ​၏။ 4ထိုအခါ လူ​အချို့​တို့​သည် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဖြုန်းတီး​ရ​သနည်း။ 5ဤ​ဆီမွှေး​ကို ဒေနာရိ​သုံးရာ​ကျော်​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု အချင်းချင်း​ပြောဆို​ကာ ထို​အမျိုးသမီး​ကို​အပြစ်တင်​ကြ​၏။
6သို့သော် ယေရှု​က“သူ​ပြု​လို​ရာ​ပြု​ပါစေ။ သူ့​ကို အဘယ်ကြောင့်​နှောင့်ယှက်​ကြ​သနည်း။ သူ​သည် ငါ​၌​ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။ 7အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​၌ အစဉ်​ရှိ​ကြ​သည်​ဖြစ်၍ သင်​တို့​အလိုရှိ​သည့်​အခါ သူ​တို့​ကို​ကျေးဇူးပြု​နိုင်​၏။ ငါ​မူကား သင်​တို့​၌ အစဉ်​ရှိ​သည်​မ​ဟုတ်။ 8သူ​သည် တတ်နိုင်​သမျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အမှု​အတွက် ငါ​၏​ကိုယ်ခန္ဓာ​ကို ကြိုတင်​၍​ဆီမွှေး​လိမ်း​ပြီ။ 9သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သည့်​နေရာ​တိုင်း​၌ ဤ​အမျိုးသမီး​ပြု​ခဲ့​သော​အမှုအရာ​ကို​လည်း သူ​၏​အမှတ်တရ​အဖြစ် ပြောကြား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
10ထို့နောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ​တစ်​ပါး​ဖြစ်​သော ယုဒ​ဣရှကာရုတ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​လက်​သို့ ကိုယ်တော်​ကို​အပ်နှံ​ရန် သူ​တို့​ထံသို့​သွား​လေ​၏။ 11သူ​တို့​သည်​ကြား​လျှင် ဝမ်းမြောက်​၍ သူ့​ကို​ငွေ​ပေး​မည်​ဟု ကတိ​ပေး​ကြ​၏။ သူ​သည်​လည်း သင့်လျော်​သော​အချိန်​၌ ကိုယ်တော်​ကို​အပ်နှံ​နိုင်​ရန် နည်းလမ်း​ကို​ရှာကြံ​လျက်​နေ​၏။
ပသခါပွဲတော်ညစာစားပွဲ
12တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​တွင် တပည့်​တော်​တို့​က “ပသခါ​ပွဲတော်​ညစာ​ကို​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​သို့​သွား​၍ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။
13ကိုယ်တော်​က​လည်း တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍“မြို့​ထဲသို့​သွား​ကြ​လော့။ ထိုအခါ ရေ​အိုး​ထမ်း​သော​သူ​တစ်​ဦး​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်။ ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​ပြီး 14သူ​ဝင်​သွား​သော​အိမ်​၏​အိမ်ရှင်​အား ‘ဆရာ​က ငါ​၏​တပည့်​များ​နှင့်အတူ ပသခါ​ပွဲတော်​ညစာ​ကို​စား​မည့် ငါ့​အခန်း​သည် အဘယ်မှာ​ရှိ​သနည်း​ဟု မေး​လိုက်​ပါ​၏’​ဟူ၍ ပြော​ကြ​လော့။ 15ထိုအခါ သူ​သည် အဆင်သင့်​ခင်းကျင်း​ထား​သော​အပေါ်ထပ်​ခန်းမ​ကို သင်​တို့​အား ပြ​လိမ့်မည်။ ထို​နေရာ​၌ ငါ​တို့​အတွက် ပြင်ဆင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။
16တပည့်​တော်​တို့​သည်​လည်း ထွက်သွား​၍ မြို့​ထဲသို့​ဝင်​ကြ​ရာ သူ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို ပြင်ဆင်​ကြ​၏။
17ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ကြွလာ​တော်မူ​၏။ 18ထို့နောက် သူ​တို့​သည် စားပွဲ​၌​ထိုင်​လျက် စားသောက်​နေ​ကြ​စဉ် ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ငါ​နှင့်အတူ​စား​နေ​သော သင်​တို့​အထဲမှ​တစ်​ဦး​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
19သူ​တို့​သည် စိတ်မကောင်း​ဖြစ်​လျက် “အကျွန်ုပ်​လော”​ဟု ကိုယ်တော်​အား တစ်ယောက်​ပြီး​တစ်ယောက်​မေးလျှောက်​ကြ​၏။
20ကိုယ်တော်​က​လည်း“တစ်ဆယ့်နှစ်​ပါး​သော​သူ​တို့​ထဲမှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။ 21လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍​ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ပထမဆုံးပွဲတော်မင်္ဂလာ
22ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
23ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား ပေး​တော်မူ​ရာ သူ​တို့​အားလုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။
24ကိုယ်တော်​က​လည်း“ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။ 25သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။
26ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။
ပေတရုငြင်းပယ်မည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
27ထိုအခါ ယေရှု​က“ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​တို့​သည် ကွဲလွင့်​သွား​ကြ​ရ​လိမ့်မည်’#ဇာ 13:7။ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ သင်​တို့​အားလုံး​သည် စိတ်ပျက်​ကြ​လိမ့်မည်။ 28သို့သော် ငါ​သည်​ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက်​အလျင်​ဦးစွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်မူ​၏။ 29ထိုအခါ ပေတရု​က “အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။ 30ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ယနေ့၊ ဤ​ည​တွင်​ပင် ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
31သို့သော် ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​အတွက်​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို​လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု အခိုင်အမာ​လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။
ဂေသရှေမန်ဥယျာဉ်၌ဆုတောင်းတော်မူခြင်း
32ထို့နောက် သူ​တို့​သည် ဂေသရှေမန်​အမည်​ရှိ​သော​အရပ်​သို့ ရောက်​ကြ​၏။ ကိုယ်တော်​က“ငါ​ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​ပြီးလျှင် 33ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် 34“ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။
35ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး မြေ​ပေါ်၌​ပျပ်ဝပ်​လျက် ဖြစ်နိုင်​လျှင် ဤ​အချိန်​နာရီ​ကို မိမိ​ထံမှ​လွန်​သွား​စေ​မည့်​အကြောင်း ဆုတောင်း​ကာ 36“အို အဖ​ခမည်းတော်၊ ကိုယ်တော်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​ပါ​၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်​စေ​တော်မူ​ပါ”​ဟု တောင်းလျှောက်​တော်မူ​၏။
37ထို့နောက် ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“ရှိမုန်၊ သင်​သည် အိပ်ပျော်​နေ​သလော။ တစ်​နာရီ​မျှ သတိ​နှင့်​မ​စောင့်​နိုင်​သလော။ 38ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။
39တစ်ဖန် ထွက်သွား​၍ အထက်​က​တောင်းလျှောက်​ခဲ့​သည့်​အတိုင်း ဆုတောင်း​ပြီးမှ 40နောက်တစ်ဖန် ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​အား မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။
41ထို့နောက် ကိုယ်တော်​သည် တတိယ​အကြိမ်​ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ တော်လောက်​ပေ​၏။ အချိန်​ရောက်လာ​ပြီ။ ကြည့်ရှု​လော့။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ 42ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။
ယုဒ၏အနမ်း
43ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ်​၌​ပင် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​က​စေလွှတ်​လိုက်​သော လူ​အစုအဝေး​တို့​သည်​လည်း တုတ်​၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။
44ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ယေရှု​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​၍ လုံခြုံ​စွာ​ခေါ်ဆောင်​သွား​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။ 45ထို့ကြောင့် သူ​သည် ရောက်လာ​သည်​နှင့် ကိုယ်တော်​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။ 46ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။ 47ထိုစဉ် အနီး​၌​ရပ်​နေ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် ဓား​ကို​ဆွဲ​ထုတ်​လျက် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။ 48ယေရှု​က ထို​သူ​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ 49ငါ​သည် နေ့တိုင်း သင်​တို့​နှင့်အတူ​ရှိ​လျက် ဗိမာန်​တော်​၌​သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ 50ထိုအခါ တပည့်​တော်​အားလုံး​သည် ကိုယ်တော်​ကို​ထားခဲ့​၍ ထွက်ပြေး​ကြ​၏။
51လူငယ်​တစ်​ဦး​သည် မိမိ​ကိုယ်​ပေါ်တွင် ပိတ်ချော​ထည်​ကို​သာ​ခြုံ​လျက် ကိုယ်တော်​၏​နောက်​သို့​လိုက်​သွား​ရာ လူ​တို့​သည် သူ့​ကို​ဖမ်းဆီး​ကြ​၏။ 52သို့သော် သူ​သည် ပိတ်ချော​ထည်​ကို​ထား​ခဲ့​၍ အဝတ်မပါ​ဘဲ​ထွက်ပြေး​သွား​လေ​၏။
တရားလွှတ်တော်သို့ရောက်တော်မူခြင်း
53ထို့နောက် သူ​တို့​သည် ယေရှု​ကို ယဇ်ပုရောဟိတ်​မင်း​ထံသို့ ခေါ်ဆောင်​သွား​ကြ​ရာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့်​ကျမ်းပြု​ဆရာ​များ​အားလုံး​သည် စုဝေး​လာ​ကြ​၏။ 54ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အတွင်း​ထဲ​အထိ ကိုယ်တော့်​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​လျက် မီး​လှုံ​နေ​၏။
55ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့်​သက်သေ​ကို ရှာ​ကြ​သော်လည်း မ​တွေ့​ကြ။ 56အကြောင်းမူကား လူ​များစွာ​တို့​သည် ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​ကြ​သော်လည်း သူတို့​၏​သက်သေခံ​ချက်​များ​သည် ကိုက်ညီ​မှု​မ​ရှိ​ကြ​ပေ။ 57ထိုအခါ လူ​အချို့​တို့​သည်​ထ​၍ ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​လျက် 58“ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော ဤ​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်ဆောက်​သော အခြား​ဗိမာန်​တော်​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်’​ဟု ပြောဆို​သည်​ကို အကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။ 59သို့သော် သူ​တို့​၏​သက်သေခံ​ချက်​သည်​လည်း အလားတူပင်​ကိုက်ညီ​မှု​မ​ရှိ​ပေ။
60ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် သူ​တို့​ရှေ့၌​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ယေရှု​အား​မေး​လေ​၏။ 61သို့သော် ကိုယ်တော်​သည် တစ်ခွန်းမျှ​မ​ဖြေကြား​ဘဲ တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ တစ်ဖန် ယဇ်ပုရောဟိတ်​မင်း​က “သင်​သည် မင်္ဂလာရှိ​သော​အရှင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​သလော”​ဟု မေး​လေ​၏။ 62ယေရှု​က​လည်း“ငါ​ဖြစ်​၏။ လူ့သား​သည် တန်ခိုး​တော်​၏​လက်ယာ​ဘက်​၌​ထိုင်​လျက် ကောင်းကင်​မိုးတိမ်​များ​ဖြင့်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”#ဒံ 7:13။​ဟု မိန့်​တော်မူ​၏။
63ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ 64ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို သေဒဏ်​ခံထိုက်​သည်​ဟု စီရင်​ကြ​၏။ 65ထို့နောက် အချို့​တို့​သည် ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​လျက် မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် ကိုယ်တော်​ကို​ထိုးနှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အစောင့်​တပ်သား​များ​သည်​လည်း ကိုယ်တော်​ကို​ခေါ်​သွား​၍ ရိုက်ပုတ်​ကြ​၏။
ယေရှုကိုပေတရုငြင်းပယ်ခြင်း
66ပေတရု​သည် ခြံဝင်း​အောက်​ဘက်​၌​ရှိ​စဉ် ယဇ်ပုရောဟိတ်​မင်း​၏​အစေခံ​မိန်းမ​တစ်​ဦး​သည်​လာ​၍ 67မီးလှုံ​နေ​သော​ပေတရု​ကို​တွေ့​လျှင် သူ့​ကို​စူးစိုက်​ကြည့်​လျက် “သင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ 68သို့သော် ပေတရု​သည် “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်းဆို​လျက် ခြံ​အဝင်​ဝ​ဘက်သို့​ထွက်သွား​ရာ ကြက်​တွန်​လေ​၏။
69ထို့နောက် ထို​အစေခံ​မိန်းမ​သည် ပေတရု​ကို နောက်တစ်ဖန်​တွေ့​သဖြင့် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲက​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။ 70သို့သော် ပေတရု​သည် တစ်ဖန်​ငြင်းဆို​လေ​၏။
ထို့နောက် ခဏ​ကြာ​လျှင် အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အမှန်ပင် သူ​တို့​အထဲမှ​တစ်​ဦး​ဖြစ်​၏။ အကြောင်းမူကား သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​၏”​ဟု ထပ်၍ ပေတရု​အား​ဆို​ကြ​၏။ 71ပေတရု​က​လည်း “သင်​တို့​ပြော​နေ​သည့်​လူ​ကို ငါ​မ​သိ”​ဟု တိုင်တည်​၍​ကျိန်ဆို​လေ​၏။
72ထို​ခဏချင်း​တွင် ဒုတိယ​အကြိမ် ကြက်​တွန်​လေ​၏။ ထိုအခါ ပေတရု​သည်“ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သော​စကား​ကို သတိရ​သဖြင့် ချုံးပွဲချ​ငိုကြွေး​လေ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in