YouVersion Logo
Search Icon

ရှင်မဿဲခရစ်ဝင် 7

7
သူတစ်ပါးကိုမစီရင်နှင့်
1 သင်​တို့​သည် စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သူတစ်ပါး​ကို မ​စီရင်​ကြ​နှင့်။ 2အကြောင်းမူကား သင်​တို့​စီရင်​သည့်​နည်းလမ်း​အတိုင်း သင်​တို့​သည် စီရင်​ခြင်း​ခံရ​၍ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​လိမ့်မည်။ 3သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။ 4သင်​သည် မိမိ​မျက်စိ​၌​သစ်တုံး​ရှိ​လျက်​ပင် သင့်​ညီအစ်ကို​အား ‘သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်​ပေး​ပါရစေ’​ဟု မည်သို့​ပြော​နိုင်​မည်နည်း။ 5သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်​ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်​ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။ 6သန့်ရှင်း​သော​အရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပုလဲ​များ​ကို​လည်း ဝက်​တို့​ရှေ့၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အရာ​များ​ကို မိမိ​တို့​ခြေ​ဖြင့်​နင်းချေ​ပြီးလျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်ဖြတ်​ကြ​မည်​ကို​စိုးရိမ်​ရ​၏။
တောင်းလော့၊ ရှာလော့၊ ခေါက်လော့
7 တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။ 8အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။ 9သင်​တို့​တွင် မည်သူ​သည် မိမိ​၏​သား​က မုန့်​ကို​တောင်း​သောအခါ ကျောက်ခဲ​ကို​ပေး​မည်နည်း၊ 10သို့မဟုတ် ငါး​ကို​တောင်း​သောအခါ မြွေ​ကို​ပေး​မည်နည်း။ 11သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် မိမိ​တို့​၏​သားသမီး​များ​အား ကောင်း​သော​လက်ဆောင်​များ​ပေး​ရ​မည်​ကို သိ​ကြ​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​၏​အဖ​သည် မိမိ​ထံ​တောင်းလျှောက်​သော​သူ​များ​အား ကောင်း​သည့်​အရာ​များ​ကို သာ၍​ပင်​ပေး​တော်မူ​မည်​မ​ဟုတ်​လော။ 12သို့ဖြစ်၍ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သမျှ​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။ ဤသည်ကား ပညတ်​တရား​ကျမ်း​နှင့်​ပရောဖက်​ကျမ်း​များ​၏​အချုပ်​ဖြစ်​၏။
ကျဉ်းသောတံခါးနှင့်ကျယ်သောတံခါး
13 ကျဉ်း​သော​တံခါး​မှ​ဝင်​ကြ​လော့။ အကြောင်းမူကား ပျက်စီး​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျယ်ဝန်း​၍ လမ်း​သည်​ပြန့်ပြူး​၏။ ထို​တံခါး​မှ​ဝင်​သော​သူ​တို့​သည်​လည်း များပြား​လှ​၏။ 14အသက်ရှင်​ခြင်း​သို့​ရောက်​သော​တံခါး​သည် ကျဉ်း​၍ လမ်း​သည်​ကြမ်းတမ်း​၏။ ထို​တံခါး​ကို​တွေ့ရှိ​သော​သူ​တို့​သည်​လည်း နည်း​လှ​၏။
15 ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။ 16သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ဆူးပင်​မှ စပျစ်သီး​ကို​လည်းကောင်း၊ ဆူးလေပင်​မှ သဖန်းသီး​ကို​လည်းကောင်း ဆွတ်ခူး​ရ​လေ့​ရှိ​သလော။ 17ထိုနည်းတူ ကောင်း​သော​အပင်​တိုင်း​သည် ကောင်း​သော​အသီး​ကို​သီး​တတ်​၏။ မကောင်း​သော​အပင်​မူကား မကောင်း​သော​အသီး​ကို​သီး​တတ်​၏။ 18ကောင်း​သော​အပင်​သည် မကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ မကောင်း​သော​အပင်​သည်​လည်း ကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ 19ကောင်း​သော​အသီး​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။ 20သို့ဖြစ်၍ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။
21 ‘သခင်​ဘုရား၊ သခင်​ဘုရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို ဆောင်ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်မည်။ 22ထို​နေ့ရက်​တွင် များစွာ​သော​သူ​တို့​သည် ‘သခင်​ဘုရား၊ သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ပရောဖက်ပြု​ဟောပြော​လျက် ကိုယ်တော်​၏​နာမ​တော်​အားဖြင့် နတ်ဆိုး​များ​ကို​နှင်ထုတ်​ကာ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် တန်ခိုး​လက္ခဏာ​များစွာ​တို့​ကို ပြု​ခဲ့​ကြ​သည်​မ​ဟုတ်​လော’​ဟု ငါ့​အား လျှောက်​ကြ​လိမ့်မည်။ 23ထိုအခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံးဝ​မ​သိ။ တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံမှ ထွက်သွား​ကြ​လော့’​ဟု အတိအလင်း​ပြော​မည်။
အုတ်မြစ်နှစ်မျိုး
24 သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။ 25မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သော်လည်း ကျောက်​ပေါ်၌​အုတ်မြစ်​ချ​ထား​သောကြောင့် ထို​အိမ်​သည် မ​ပြိုလဲ​ပေ။ 26ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ မ​ကျင့်သုံး​သော​သူ​တိုင်း​သည် သဲ​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် မိုက်မဲ​သော​သူ​နှင့်​တူ​၏။ 27မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည်​ပြိုလဲ​သွား​၏။ ၎င်း​၏​ပြိုလဲ​ခြင်း​သည်​လည်း ဆိုးရွား​လှ​ပေ​၏။”
28ဤ​တရား​စကား​တို့​ကို ယေရှု​သွန်သင်​တော်မူ​ပြီး​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ 29အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​၏​ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သွန်သင်​တော်မူ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in