YouVersion Logo
Search Icon

ရှင်မဿဲခရစ်ဝင် 21

21
ဩဘာပေးခြင်းခံရလျက် ဂျေရုဆလင်မြို့သို့ကြွဝင်တော်မူခြင်း
1သူ​တို့​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ 2“သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ထိုအခါ ချည်​ထား​သော​မြည်းမ​နှင့် သူ​၏​အနား​တွင်​ရှိ​သော​မြည်း​ကလေး​ကို သင်​တို့​ချက်ချင်း​တွေ့​ကြ​လိမ့်မည်။ မြည်း​ကြိုး​ဖြေ​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ကြ​လော့။ 3တစ်စုံတစ်ယောက်​က သင်​တို့​အား တစ်စုံတစ်ခု​ပြော​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့။ ထိုသို့​ပြော​လျှင် ၎င်း​တို့​ကို ချက်ချင်း​ပို့​ပေး​လိမ့်မည်”​ဟူ၍ မိန့်​တော်မူ​၏။
4-5ဤ​အမှုအရာ​ဖြစ်ပျက်​ခဲ့​ခြင်း​မှာ “ ‘ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်းမ​နှင့်​မြည်း​၏​သား​တည်းဟူသော မြည်း​ကလေး​ကို​စီး​လျက် နူးညံ့​သိမ်မွေ့​စွာ​ဖြင့် သင့်​ထံသို့​ကြွလာ​တော်မူ​၏’​ဟူ၍ ဇိအုန်​သမီး​အား ပြောကြား​ကြ​လော့”​ဟု ပရောဖက်​အားဖြင့်​မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။
6တပည့်​တော်​တို့​သည်​လည်း သွား​၍ သူ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​၏။ 7သူ​တို့​သည် မြည်းမ​နှင့်​မြည်း​ကလေး​ကို ခေါ်ဆောင်​လာ​ပြီးလျှင် ထို​မြည်း​တို့​အပေါ်၌ အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ၎င်း​တို့​အပေါ်​ထိုင်​တော်မူ​၏။ 8အလွန်​များပြား​သော​လူထု​ပရိသတ်​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား သစ်ပင်​တို့​မှ အကိုင်းအခက်​များ​ကို​ခုတ်​လာ​၍ လမ်း​ပေါ်၌​ခင်း​ကြ​၏။ 9ကိုယ်တော်​၏​ရှေ့​မှ​သွား​သော​လူထု​ပရိသတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူထု​ပရိသတ်​များ​သည် “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း။ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။#ဆာ 118:26။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။
10ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​တော်မူ​ရာ တစ်​မြို့​လုံး​ရုတ်ရုတ်ရက်ရက်​ဖြစ်​သဖြင့် “ဤ​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။ 11လူထု​ပရိသတ်​များ​က​လည်း “ဤ​သူ​သည် ဂါလိလဲ​နယ် နာဇရက်​မြို့​မှ ပရောဖက်​ယေရှု​ဖြစ်​သည်”​ဟု ဆို​ကြ​၏။
ဗိမာန်တော်ကိုသန့်ရှင်းစေတော်မူခြင်း
12ယေရှု​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​အပေါင်း​တို့​ကို နှင်ထုတ်​ပြီး ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​နေ​သော​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​ကာ 13ထို​သူ​တို့​အား“ ‘ငါ့​အိမ်​သည် ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်’​ဟု ကျမ်းစာ​၌​ရေး​ထား​သော်လည်း သင်​တို့​သည် ၎င်း​ကို ဓားပြ​တို့​ခိုအောင်း​ရာ ဖြစ်​စေ​ကြ​ပြီ​တကား”#မာ 11:17၊ လု 19:46၊ ဟေရှာ 56:7၊ ယေ 7:11။​ဟု မိန့်​တော်မူ​၏။
ကလေးများယေရှုကိုဩဘာပေးကြခြင်း
14ထို့နောက် ဗိမာန်​တော်​၌ မျက်မမြင်​များ​နှင့်​ခြေ​မသန်စွမ်း​သူ​များ​သည် အထံ​တော်​သို့​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို အကောင်းပကတိ​ဖြစ်​စေ​တော်မူ​၏။ 15သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ကျမ်းပြု​ဆရာ​များ​သည် ကိုယ်တော်​ပြု​တော်မူ​သော အံ့သြဖွယ်​အမှု​တို့​ကို​လည်းကောင်း၊ “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ဗိမာန်​တော်​၌ ကလေး​များ​ကြွေးကြော်​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​လျှင် အမျက်​ထွက်​ကြ​၍ 16“ဤ​ကလေး​တို့​ပြောဆို​နေ​သော​အရာ​ကို ကြား​သလော”​ဟု မေးမြန်း​ကြ​၏။ ယေရှု​က​လည်း“ငါ​ကြား​၏။ ‘ကလေး​သူငယ်​များ​နှင့် နို့စို့​ကလေး​ငယ်​များ​၏​နှုတ်​ထဲမှ ချီးမွမ်း​ခြင်း​ကို ကိုယ်တော်​ပြင်ဆင်​တော်မူ​၏’#ဆာ 8:2။ဟူသော ရေးထား​ချက်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။
17ထို့နောက် ကိုယ်တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲမှ​ထွက်ခွာ​လျက် ဗေသနိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​ကုန်လွန်​စေ​တော်မူ​၏။
အသီးမသီးသောသဖန်းပင်
18နံနက်​စောစော မြို့​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။ 19ထိုစဉ် လမ်း​၌ သဖန်းပင်​တစ်​ပင်​ကို​မြင်​၍ ထို​အပင်​ရှိရာ​သို့​ကြွ​တော်မူ​ရာ ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​မ​တွေ့​သဖြင့် ထို​အပင်​အား“ယခု​မှစ၍ ကာလ​အစဉ်အဆက် သင်​၌​အသီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သဖန်းပင်​သည် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။
20တပည့်​တော်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် အံ့သြ​လျက် “သဖန်းပင်​သည် မည်သို့​သော​အားဖြင့် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​သနည်း”​ဟု ဆို​ကြ​၏။ 21ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ယုံကြည်​ခြင်း​ရှိ​လျက် သံသယ​ကင်းမဲ့​ကြ​လျှင် ဤ​သဖန်းပင်​၌ ပြု​ခဲ့​သည့်​အမှု​မျိုး​ကို​ပြု​နိုင်​သည်​သာမက ဤ​တောင်​အား ‘ရွေ့​သွား​၍ ပင်လယ်​ထဲသို့​ကျ​လော့’​ဟု ဆို​လျှင်​ပင် ထို​အတိုင်း​ဖြစ်​လိမ့်မည်။ 22သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း ယုံကြည်​ခြင်း​ဖြင့် တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို သင်​တို့​ရ​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
ယေရှု၏အခွင့်အာဏာကိုမေးမြန်းခြင်း
23ထို့နောက် ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း။ ထို​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။
24ယေရှု​က​လည်း“ငါ​သည်​လည်း သင်​တို့​ကို မေးခွန်း​တစ်​ခု​မေး​ဦး​မည်။ သင်​တို့ ငါ့​ကို​ဖြေကြား​လျှင် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့် ငါ​ပြု​ကြောင်း သင်​တို့​အား ငါ​ပြော​မည်။ 25ယောဟန်​၏​ဗတ္တိဇံ​သည် အဘယ်က​ဖြစ်​သနည်း။ ကောင်းကင်​မှ​ဖြစ်​သလော​၊ သို့မဟုတ် လူ​တို့​ထံမှ​ဖြစ်​သလော”​ဟု မေး​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “ ‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။ 26‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူထု​ပရိသတ်​ကို​ကြောက်​ရ​၏။ အကြောင်းမူကား သူ​တို့​အားလုံး​သည် ယောဟန်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​၏”​ဟု ပြောဆို​ကြ​၏။ 27ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ငါ​သည်​လည်း ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော။
သားနှစ်ယောက်ပုံဥပမာ
28 သင်​တို့​သည် မည်သို့​ထင်​ကြ​သနည်း။ လူ​တစ်​ဦး​တွင် သား​နှစ်​ယောက်​ရှိ​၏။ သူ​သည် ပထမ​သား​ထံသို့​သွား​၍ ‘ငါ့​သား၊ ယနေ့ စပျစ်ခြံ​သို့​သွား​၍ အလုပ်​လုပ်​လော့’​ဟု ပြော​လေ​၏။ 29ထို​သား​သည် ‘အကျွန်ုပ်​မ​သွား​လို​ပါ’​ဟု ပြန်ဖြေ​သော်လည်း နောက်မှ​စိတ်​ပြောင်းလဲ​သဖြင့် သွား​လေ​၏။ 30ဖခင်​သည် အခြား​သော​သား​ထံသို့​သွား​၍ ထိုနည်းတူ​ပြော​လေ​၏။ ထို​သား​က ‘ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ်​သွား​ပါ​မည်’​ဟု ပြန်ဖြေ​သော်လည်း မ​သွား​ဘဲ​နေ​၏။ 31ထို​သား​နှစ်​ယောက်​တို့​တွင် မည်သူ​သည် ဖခင်​၏​အလို​ကို​ဆောင်ရွက်​ခဲ့​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​သည် သင်​တို့​ထက်​အလျင်​ဦးစွာ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ကြ​၏။ 32အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​ခြင်း​တရား​လမ်း​ဖြင့် သင်​တို့​ထံသို့​လာ​သော်လည်း သင်​တို့​သည် သူ့​ကို​မ​ယုံကြည်​ကြ။ အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​မူကား သူ့​ကို​ယုံကြည်​ကြ​၏။ သင်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျက်​ပင် နောက်မှ​စိတ်​ပြောင်းလဲ​၍ သူ့​ကို​ယုံကြည်​လာ​ခြင်း​မ​ရှိ​ကြ။
စပျစ်ခြံပိုင်ရှင်ပုံဥပမာ
33 အခြား​သော​ပုံ​ဥပမာ​ကို နားထောင်​ကြ​လော့။ ခြံ​ပိုင်ရှင်​တစ်​ဦး​ရှိ​၏။ သူ​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံစည်းရိုး​ခတ်​လျက် ခြံ​ထဲတွင် စပျစ်သီး​နယ်ရာ​ကျင်း​ကို​တူး​ကာ မျှော်စင်​ကို​ဆောက်​လေ​၏။ ထို့နောက် ထို​ခြံ​ကို ခြံသမား​တို့​အား​ငှားရမ်း​၍ ခရီးထွက်​လေ​၏။ 34အသီး​ပေါ်​ချိန်​နီးကပ်​လာ​သောအခါ စပျစ်ခြံ​ထွက်​အသီး​များ​ကို​ရယူ​ရန် မိမိ​၏​အစေအပါး​တို့​ကို ခြံသမား​တို့​ထံသို့ စေလွှတ်​လေ​၏။
35 ထိုအခါ ခြံသမား​တို့​သည် ထို​သူ​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​၍ တစ်​ဦး​ကို​ရိုက်နှက်​ကာ အခြား​တစ်​ဦး​ကို​သတ်ဖြတ်​လျက် တစ်​ဦး​ကို​မူ ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။ 36နောက်တစ်ဖန် ယခင်​ထက် ပို၍​များပြား​သော အခြား​အစေအပါး​တို့​ကို စေလွှတ်​လိုက်​ရာ ခြံသမား​တို့​သည် သူ​တို့​ကို​လည်း ထိုနည်းတူ​ပြု​ကြ​၏။ 37ခြံ​ပိုင်ရှင်​က​လည်း ‘သူ​တို့​သည် ငါ့​သား​ကို ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​လျက် နောက်ဆုံး​တွင် မိမိ​၏​သား​ကို သူ​တို့​ထံသို့​စေလွှတ်​လေ​၏။
38 သို့သော် ခြံသမား​တို့​သည် ထို​သား​ကို​မြင်​သောအခါ ‘ဤ​သူ​သည်​အမွေခံ​ဖြစ်​၏။ လာ​ကြ၊ သူ့​ကို​သတ်​၍ သူ​၏​အမွေ​ကို​ရယူ​ကြ​စို့’​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင် 39သူ့​ကို​ဖမ်းဆီး​၍ စပျစ်ခြံ​အပြင်​သို့ ဆွဲ​ထုတ်​ကာ သတ်​ပစ်​ကြ​၏။
40 သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​ပြန်လာ​သောအခါ ထို​ခြံသမား​တို့​ကို မည်သို့​ပြု​မည်နည်း”​ဟု မေး​တော်မူ​၏။
41သူ​တို့​က “ထို​ဆိုးယုတ်​သော​သူ​တို့​ကို ရက်စက်​စွာ​အဆုံးစီရင်​၍ အသီး​ပေါ်​ချိန်​တွင် သူ့​ကို​အသီး​ပေး​မည့် အခြား​ခြံသမား​တို့​အား စပျစ်ခြံ​ကို ငှားရမ်း​ပါ​လိမ့်မည်”​ဟု ဖြေကြား​ကြ​၏။ 42ယေရှု​က​လည်း“ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏။ ဤ​အမှု​သည် ထာဝရ​ဘုရား​အားဖြင့်​ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့ဩဖွယ်​ဖြစ်​၏’#မာ 12:10-11၊ လု 20:17၊ တ 4:11၊ ၁ပေ 2:7၊ ဆာ 118:22-23။ဟု ကျမ်းစာ​ထဲ၌ မ​ဖတ်​ဖူး​ကြ​သလော။
43 ထို့ကြောင့် သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​ကို သင်​တို့​ထံမှ​သိမ်းယူ​၍ ထို​နိုင်ငံ​တော်​၏​အသီး​ကို​သီး​မည့်​လူမျိုး​ထံ ပေး​တော်မူ​လိမ့်မည်။ 44[ထို​ကျောက်​ပေါ်သို့​ကျ​သော​သူ​သည် အပိုင်းပိုင်း​ကျိုး​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့​ကျ​လျှင် ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်]”​ဟု မိန့်​တော်မူ​၏။
45ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ကိုယ်တော်​၏​ပုံ​ဥပမာ​ကို​ကြား​လျှင် မိမိ​တို့​အကြောင်း​မိန့်​တော်မူ​သည်​ကို သိ​ကြ​သဖြင့် 46ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ရှာကြံ​ကြ​၏။ သို့သော် လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို ပရောဖက်​တစ်​ပါး​အဖြစ် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူ​တို့​ကို ကြောက်​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in