YouVersion Logo
Search Icon

ရှင်လုကာခရစ်ဝင် 9

9
တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို စေလွှတ်တော်မူခြင်း
1ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား နတ်ဆိုး​အပေါင်း​တို့​ကို​နိုင်​၍ ရောဂါ​များ​ကို​ငြိမ်း​စေ​နိုင်​သော တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို​ပေး​တော်မူ​၏။ 2ထို့နောက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​ရန်​နှင့် နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေရန် သူ​တို့​ကို​စေလွှတ်​တော်မူ​၍ 3“လမ်း​ခရီး​အတွက် မည်သည့်​အရာ​ကို​မျှ မ​ယူ​သွား​ကြ​နှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာ​နှင့် ငွေ​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အင်္ကျီ​ကို​လည်း အပို​မ​ဆောင်​ကြ​နှင့်။ 4မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။ 5မည်သူ​မျှ သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​မှ​ထွက်သွား​ကြ​စဉ် သူ​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​စေရန် သင်​တို့​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 6သူ​တို့​သည်​လည်း ထွက်သွား​ပြီးလျှင် တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ အရပ်ရပ်​တို့​တွင် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။
ယေရှုကိုတွေ့လိုသောဟေရုဒ်၏ဆန္ဒ
7နယ်စား​ဟေရုဒ်​သည် ဖြစ်ပျက်​နေ​သော​အရာ​အားလုံး​ကို​ကြား​ရ​သောအခါ ဝေခွဲမရ​ဖြစ်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် လူ​အချို့​တို့​က “ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ 8အချို့​တို့​က “ဧလိယ​ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ အချို့​တို့​က​လည်း “ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။ 9ဟေရုဒ်​က​လည်း “ယောဟန်​၏​ဦးခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့ရာတွင် ဤမျှလောက် ငါ​သတင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်သူ​နည်း”​ဟု ဆို​လျက် ကိုယ်တော်​ကို​တွေ့မြင်​ရ​ရန် ရှာကြံ​လေ​၏။
လူငါးထောင်ကိုကျွေးမွေးတော်မူခြင်း
10တမန်တော်​တို့​သည် ပြန်လာ​၍ သူ​တို့​ပြု​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား ကြားလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်ဇဲဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​၏။ 11သို့သော် လူထု​ပရိသတ်​များ​သည် သိ​ကြ​သဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ကြိုဆို​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။ ကျန်းမာ​ခြင်း​လိုအပ်​သော​သူ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။
12ညနေစောင်း​သောအခါ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​သောကြောင့် လူထု​ပရိသတ်​တို့​သည် ဝန်းကျင်​ရှိ ကျေးလက်​တောရွာ​များ​သို့​သွား​၍ တည်းခို​နိုင်​ရန်​နှင့် အစားအစာ​များ​ရရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ 13သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အားလုံး​အတွက် အစားအစာ​များ​ကို အကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​လျှင် အကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ 14(ထိုသို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါးထောင်​ခန့်မျှ​ရှိ​သောကြောင့်​ဖြစ်​၏။) ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​ကို ငါးဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 15တပည့်​တော်​တို့​သည်​လည်း အမိန့်​တော်​အတိုင်း​ဆောင်ရွက်​ကြ​လျက် လူ​အားလုံး​တို့​ကို​ထိုင်​စေ​ကြ​၏။ 16ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူထု​ပရိသတ်​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ 17လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​ရ​ကြ​၏။
ယေရှုသည်ခရစ်တော်ဖြစ်ကြောင်း ပေတရုဝန်ခံခြင်း
18တစ်နေ့သ၌ ကိုယ်တော်​သည် တစ်ပါးတည်း​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“လူထု​ပရိသတ်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ သူ​တို့​အား မေး​တော်မူ​၏။ 19သူ​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆိုကြ​၍ အချို့​တို့​က​လည်း ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်လျှောက်​ကြ​၏။ 20ယေရှု​က​လည်း“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ဘုရားသခင်​၏​ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်လျှောက်​လေ​၏။
မိမိအသေခံ၍ထမြောက်မည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
21ထိုအခါ ကိုယ်တော်​သည် သူ​တို့​အား သတိပေး​လျက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် အမိန့်​ပေး​တော်မူ​ပြီးလျှင် 22“လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​လျက် သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၍ အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလော့
23ထို့နောက် လူ​အပေါင်း​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို နေ့စဉ်​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။ 24အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို​ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။ 25လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း သူကိုယ်တိုင်​ပျက်စီး​လျှင်​၊ သို့မဟုတ် ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ 26မည်သူမဆို ငါ​နှင့်​ငါ့​တရား​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း မိမိ​၏​ဘုန်း​အသရေ၊ ခမည်းတော်​၏​ဘုန်း​အသရေ​နှင့် သန့်ရှင်း​သော​ကောင်းကင်တမန်​များ​၏​ဘုန်း​အသရေ​တို့​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်။ 27သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။
အဆင်းသဏ္ဌာန်ပြောင်းလဲတော်မူခြင်း
28ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီးနောက် ရှစ်​ရက်​ခန့်​ကြာ​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယောဟန်​နှင့် ယာကုပ်​တို့​ကို​ခေါ်​၍ ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​သွား​တော်မူ​၏။ 29ကိုယ်တော်​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် မျက်နှာ​တော်​၏​အဆင်း​သဏ္ဌာန်​သည် ထူးခြား​လာ​၍ အဝတ်​တော်​သည် ဖြူဖွေး​တောက်ပ​လာ​၏။ 30ထို​အချိန်​တွင် လူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​နေ​ကြ​၏။ ထို​သူ​တို့​မှာ မောရှေ​နှင့်​ဧလိယ​တို့​ဖြစ်​ကြ​၏။ 31သူ​တို့​သည် ဘုန်း​အသရေ​နှင့်တကွ​ပေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင်​ပြည့်စုံ​တော့မည့် ကိုယ်တော်​၏​အသေ​ခံ​တော်မူ​ခြင်း​အကြောင်း​ကို ပြောဆို​နေ​ကြ​၏။ 32ပေတရု​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် မျက်စိ​လေး​၍ အိပ်မောကျ​နေ​ကြ​၏။ သို့သော် ကောင်းစွာ​နိုး​လာ​သောအခါ ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​နှင့်အတူ​ရပ်​နေ​သူ​နှစ်​ဦး​တို့​ကို​လည်းကောင်း မြင်​ကြ​၏။ 33ထို​သူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​ထံမှ ထွက်ခွာ​သွား​ကြ​စဉ် ပေတရု​က “သခင်၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု မိမိ​မည်သည့်​အရာ​ပြောဆို​နေ​သည်​ကို​မ​သိ​ဘဲ ယေရှု​အား လျှောက်ထား​လေ​၏။
34ထိုသို့ ပေတရု​လျှောက်ထား​စဉ် မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိုးတိမ်​ထဲသို့ ရောက်​သွား​စဉ် ကြောက်ရွံ့​ကြ​၏။ 35ထိုအခါ မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၍ “ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​သား​ပေတည်း။ သူ​၏​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။#မ 17:5၊ မာ 9:7၊ ၂ပေ 1:17၊ ဆာ 2:7၊ ဟေရှာ 42:1။ 36ထို​အသံ​တော်​ထွက်ပေါ်​လာ​ပြီး​သည့်​နောက် ယေရှု​တစ်ပါးတည်း​ကို​သာ​တွေ့မြင်​ရ​တော့​၏။ တပည့်​တော်​တို့​သည် မိမိ​တို့​တွေ့မြင်​ရ​သည့်​အရာ​ကို ထို​နေ့ရက်​များ​၌ မည်သူ့​ကို​မျှ​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏။
နတ်ဆိုးကိုအောင်သောယုံကြည်ခြင်းတန်ခိုး
37နောက်တစ်နေ့​တွင် သူ​တို့​သည် တောင်​ပေါ်မှ​ဆင်း​လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။ 38ထိုအခါ လူထု​ပရိသတ်​ထဲမှ လူ​တစ်​ဦး​က “ဆရာ၊ အကျွန်ုပ်​၏​သား​ကို​ကြည့်ရှု​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​၏။ အကြောင်းမူကား သူ​သည် အကျွန်ုပ်​၏​တစ်ဦးတည်း​သော​သား​ဖြစ်​ပါ​၏။ 39နတ်​သည် သူ့​ကို​ဝင်​ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်​တတ်​ပါ​၏။ ထို့နောက် သူ့​ကို​တက်​စေ​လျက် သူ့​ပါးစပ်​မှ​အမြှုပ်​များ​ထွက်​စေ​ကာ သူ့​ကို​ပွန်းပဲ့​နာကျင်​စေ​ပြီးလျှင် သူ့​အထဲမှ​ထွက်​ခဲ​လှ​ပါ​၏။ 40သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန်​တောင်းပန်​သော်လည်း သူ​တို့​သည် မ​တတ်နိုင်​ကြ​ပါ”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။ 41ယေရှု​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ၊ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​၍ သင်​တို့​ကို​သည်းခံ​ရ​မည်နည်း။ သင်​၏​သား​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ 42သူငယ်​လာ​နေ​စဉ်တွင် နတ်ဆိုး​သည် သူ့​ကို​လှဲချ​ကာ တက်​စေ​၏။ ယေရှု​သည် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​၍ သူငယ်​ကို​ကျန်းမာ​စေ​ပြီးလျှင် သူ့​ကို ဖခင်​ထံ ပြန်အပ်​တော်မူ​၏။
မိမိအသေခံမည့်အကြောင်း ဒုတိယအကြိမ်ကြိုတင်မိန့်တော်မူခြင်း
43ထိုအခါ လူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ ကိုယ်တော်​ပြု​တော်မူ​သော​အရာ​အားလုံး​ကို လူ​အပေါင်း​တို့​အံ့သြ​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား 44“ဤ​စကား​များ​ကို သင်​တို့​နား​ထဲ၌ စွဲမြဲ​စေ​ကြ​လော့။ လူ့သား​သည် လူ​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်”​ဟု မိန့်​တော်မူ​၏။ 45သို့သော် ထို​စကား​ကို တပည့်​တော်​တို့​နား​မ​လည်​စေရန် ဖုံးကွယ်​ထား​သဖြင့် သူ​တို့​သည် နား​မ​လည်​ကြ​ချေ။ ထို​စကား​နှင့်​ပတ်သက်၍ ကိုယ်တော်​အား​မေး​ရန်​လည်း သူ​တို့​ကြောက်​ကြ​၏။
မည်သူသည်အကြီးမြတ်ဆုံးဖြစ်သနည်း
46ထို့နောက် တပည့်​တော်​တို့​သည် မိမိ​တို့​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု အချင်းချင်း​ငြင်းခုံ​ကြ​၏။ 47ယေရှု​သည် သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​ကို သိ​တော်မူ​လျက် သူငယ်​တစ်​ဦး​ကို​ခေါ်​၍ မိမိ​အနား​တွင်​ရပ်​စေ​ပြီးလျှင် 48“ဤ​သူငယ်​တစ်​ဦး​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​တွင် အငယ်ဆုံး​သော​သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
သင်တို့ဘက်သားဖြစ်သူ
49ထိုအခါ ယောဟန်​က “သခင်၊ သခင်​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။ 50သို့သော် ယေရှု​က“မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် သင်​တို့​ဘက်သား​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
ဂျေရုဆလင်သို့ကြွတော်မူခြင်း
51ကိုယ်တော်​သည် ကောင်းကင်ဘုံ​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​မည့်​နေ့ရက် နီးကပ်​လာ​သောအခါ ဂျေရုဆလင်​မြို့​သို့​ကြွ​ရန် ရှေးရှု​လျက် 52စေတမန်​တို့​ကို မိမိ​ရှေ့​မှ​စေလွှတ်​တော်မူ​၏။ သူ​တို့​သည်​သွား​၍ ကိုယ်တော်​အတွက်​ပြင်ဆင်​ထား​ရန် ရှမာရိ​နယ်သား​တို့​၏​ရွာ​တစ်​ရွာ​သို့​ဝင်​ကြ​၏။ 53သို့သော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​သို့​ဦးတည်​လျက် ခရီး​သွား​နေ​သည်​ဖြစ်​သောကြောင့် ထို​ရွာသား​တို့​သည် ကိုယ်တော်​ကို​လက်​မ​ခံ​ကြ။ 54တပည့်​တော်​ယာကုပ်​နှင့်​ယောဟန်​တို့​သည် ထို​အဖြစ်​ကို​မြင်​လျှင် “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မိုး​ကောင်းကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်ကျွမ်း​စေရန်#၄ရာ 1:10-12။ ကိုယ်တော်​အလိုရှိ​ပါ​သလော”​ဟု မေးလျှောက်​ကြ​၏။ 55သို့သော် ကိုယ်တော်​သည်​လှည့်​၍ သူ​တို့​ကို​ဆုံးမ​တော်မူ​၏။ 56ထို့နောက် သူ​တို့​သည် အခြား​သော​ရွာ​သို့​သွား​ကြ​၏။
ယေရှုနောက်တော်သို့လိုက်ခြင်း
57သူ​တို့​သည် လမ်း​၌​ခရီး​သွား​ကြ​စဉ် လူ​တစ်​ဦး​က “ကိုယ်တော်​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။ 58ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​များ​ရှိ​ကြ​၏။ လူ့သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။
59ကိုယ်တော်​သည် အခြား​သော​သူ​တစ်​ဦး​အား“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​သူ​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 60ကိုယ်တော်​က​လည်း“လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ။ သင်​မူကား သွား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​လော့”​ဟု မိန့်​တော်မူ​၏။
61အခြား​သော​သူ​တစ်​ဦး​က​လည်း “သခင်​ဘုရား၊ အကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့သော် အကျွန်ုပ်​၏​အိမ်သူအိမ်သား​များ​ကို ဦးစွာ​သွား​၍ နှုတ်ဆက်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 62ယေရှု​က​လည်း“ထွန်ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်ကြည့်​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​မ​ထိုက်တန်”​ဟု မိန့်​တော်မူ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in