YouVersion Logo
Search Icon

ရှင်လုကာခရစ်ဝင် 5

5
ပထမဦးဆုံးတပည့်တော်များ
1တစ်နေ့သ၌ ယေရှု​သည် ဂင်နေသရက်​အိုင်​နား​တွင် ရပ်​လျက်​နေ​တော်မူ​စဉ် လူထု​ပရိသတ်​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြားနာ​ရန် ကိုယ်တော်​ထံသို့​တိုးဝှေ့​လာ​ကြ​၏။ 2ကိုယ်တော်​သည် ကမ်းနား​တွင်​ဆိုက်​ထား​သော​လှေ​နှစ်​စင်း​ကို မြင်​တော်မူ​၏။ တံငါသည်​တို့​သည် ထို​လှေ​များ​ပေါ်မှ​ဆင်း​၍ ပိုက်ကွန်​များ​ကို​ဆေးကြော​နေ​ကြ​၏။ 3ကိုယ်တော်​သည် ထို​လှေ​တို့​အနက် ရှိမုန်​၏​လှေ​ပေါ်သို့​တက်​၍ လှေ​ကို ကမ်း​မှ​အနည်းငယ်​ခွာ​ရန် သူ့​အား မိန့်​တော်မူ​၏။ ထို့နောက် ထိုင်​၍ လူထု​ပရိသတ်​တို့​အား လှေ​ပေါ်မှ သွန်သင်​တော်မူ​၏။ 4ဟောပြော​သွန်သင်​ပြီး​သောအခါ ကိုယ်တော်​သည် ရှိမုန်​အား“ရေ​နက်​ရာ​သို့​ရွှေ့​လော့။ သင်​တို့​၏​ပိုက်ကွန်​များ​ကို​ချ​၍ ငါး​ဖမ်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ 5ရှိမုန်​က​လည်း “သခင်၊ အကျွန်ုပ်​တို့​သည် တစ်ညလုံး​ကြိုးစား​ဖမ်း​ကြ​သော်လည်း တစ်​ကောင်​ကို​မျှ​မ​ရ​ကြ​ပါ။ သို့သော် ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သည်​ဖြစ်၍ ပိုက်ကွန်​များ​ကို​ချ​ပါ​မည်”​ဟု လျှောက်​ပြီးနောက် 6ထို​အတိုင်း​ပြု​လေ​ရာ ငါး​အမြောက်အမြား​ကို​ဖမ်းမိ​သဖြင့် သူ​တို့​ပိုက်ကွန်​များ​စုတ်​လုမတတ်​ဖြစ်​လေ​၏။ 7ထိုအခါ သူ​တို့​သည် အခြား​သော​လှေ​ပေါ်တွင်​ရှိ​သော​အပေါင်းအဖော်​တို့​အား လာ​၍ မိမိ​တို့​ကို​ကူညီ​ကြ​ရန် အချက်ပြ​သဖြင့် ထို​သူ​တို့​သည်​လာ​၍ လှေ​နှစ်စင်းစလုံး​တွင် ငါး​ကို​အပြည့်​ထည့်​လိုက်​ရာ လှေ​သည်​နစ်​လုမတတ်​ဖြစ်​လေ​၏။
8ရှိမုန်​ပေတရု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် ယေရှု​၏​ခြေ​တော်​ရင်း​၌ ပျပ်ဝပ်​လျက် “သခင်၊ အကျွန်ုပ်​သည် အပြစ်​များ​သော​သူ​ဖြစ်၍ အကျွန်ုပ်​ထံမှ ကြွသွား​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 9ဤသို့​လျှောက်​သည်​မှာ ဖမ်းမိ​သော​ငါး​များပြား​သဖြင့် ရှိမုန်​နှင့် သူ​၏​အပေါင်းအဖော်​အားလုံး​သည် အံ့အားသင့်​ကြ​သောကြောင့်​ဖြစ်​၏။ 10ရှိမုန်​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​ယောဟန်​တို့​သည်​လည်း အံ့အားသင့်​ကြ​၏။ ယေရှု​က​လည်း“မ​ကြောက်​နှင့်။ သင်​သည် ယခု​မှစ၍ လူ​ကို​ဖမ်း​လိမ့်မည်”​ဟု ရှိမုန်​အား မိန့်​တော်မူ​၏။ 11ထိုအခါ သူ​တို့​သည် လှေ​ကို ကုန်း​ပေါ်​တင်​ပြီးလျှင် ရှိသမျှ​ကို​စွန့်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။
အနာကြီးရောဂါသည်ကိုစင်ကြယ်စေတော်မူခြင်း
12ကိုယ်တော်​သည် မြို့​တစ်​မြို့​၌​ရှိ​တော်မူ​စဉ် တစ်ကိုယ်လုံး​အနာကြီး​ရောဂါ​စွဲကပ်​နေ​သူ​တစ်​ဦး​သည် ယေရှု​ကို​မြင်​လျှင် ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလို​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လေ​၏။ 13ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည် ပျောက်ကင်း​သွား​လေ​၏။ 14ထိုအခါ ကိုယ်တော်​သည် မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ့​အား​မိန့်မှာ​လျက်“ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ထား​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု မိန့်​တော်မူ​၏။
15သို့ရာတွင် ကိုယ်တော်​၏​သတင်း​သည် ပို၍​ပျံ့နှံ့​သွား​သဖြင့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​၏​အနာရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် စုဝေး​လာ​ကြ​၏။ 16သို့သော် ကိုယ်တော်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့​သွား​၍ ဆုတောင်း​လေ့​ရှိ​တော်မူ​၏။
အပြစ်များခွင့်လွှတ်ပိုင်ခွင့်
17တစ်​နေ့​သ၌ ကိုယ်တော်​သည် သွန်သင်​လျက်​နေ​တော်မူ​စဉ် ဂါလိလဲ​နယ်​နှင့် ယုဒ​နယ်​ရှိ ကျေးရွာ​အပေါင်း​တို့​မှ​လည်းကောင်း၊ ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ရောက်လာ​ကြ​သော ဖာရိရှဲ​နှင့်​ကျမ်းတတ်​ဆရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အနာရောဂါ​ငြိမ်း​စေရန် ထာဝရ​ဘုရား​၏​တန်ခိုး​တော်​သည် ကိုယ်တော်​၌​ရှိ​၏။ 18ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ပြီး သူ့​ကို​အထဲသို့​သွင်း​၍ ကိုယ်တော်​ရှေ့​၌​ချ​ထား​ရန် ကြိုးစား​ကြ​၏။ 19သို့ရာတွင် လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သဖြင့် လေသာဆောင်​အပေါ်သို့​တက်​ကာ အုတ်ကြွပ်​ကို​ခွာ​၍ လူနာ​ကို ပရိသတ်​အလယ် ယေရှု​၏​ရှေ့​တော်​သို့ အိပ်ရာ​နှင့်တကွ​လျှောချ​ကြ​၏။ 20ကိုယ်တော်​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင်“အချင်း​လူ၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။ 21ထိုအခါ ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့​က “ဘုရားသခင်​ကို​စော်ကား​ပြောဆို​သော​ဤ​သူ​ကား မည်သူ​နည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု တွေးတော​ဆင်ခြင်​ကြ​၏။
22ယေရှု​သည် သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။ 23‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ 24သို့သော် လူ့သား​သည် မြေကြီး​ပေါ်တွင် အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု သူ​တို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား“သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ 25ထိုအခါ လေဖြတ်​သော​သူ​သည် လူ​တို့​ရှေ့​တွင် ချက်ချင်း​ထ​၍ မိမိ​လဲလျောင်း​ခဲ့​သော​အိပ်ရာ​ကို ဆောင်ယူ​ပြီးလျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် မိမိ​အိမ်​သို့​ပြန်သွား​လေ​၏။ 26လူ​အပေါင်း​တို့​သည် မိန်းမော​တွေဝေ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ယနေ့ ငါ​တို့​သည် အံ့ဖွယ်​သော​အမှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အလွန်​ထိတ်လန့်​အံ့ဩ​သော​စိတ်​ဖြင့်​ပြောဆို​ကြ​၏။
လေဝိကိုခေါ်ယူတော်မူခြင်း
27ထို့နောက် ကိုယ်တော်​သည် ထွက်ခွာ​သွား​၍ အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် လေဝိ​အမည်​ရှိ အခွန်​ကောက်ခံ​သူ​တစ်​ဦး​ကို​မြင်​သဖြင့်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် 28သူ​သည် ရှိသမျှ​တို့​ကို​စွန့်​ပြီး ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။
29လေဝိ​သည် မိမိ​၏​အိမ်​၌ ကိုယ်တော်​အတွက် ဧည့်ခံပွဲ​ကြီး​ကို​ကျင်းပ​လေ​ရာ အခွန်​ကောက်ခံ​သူ​အစုအဝေး​နှင့်​အခြား​သော​သူ​များစွာ​တို့​သည် သူ​တို့​နှင့်အတူ​ထိုင်​၍ စား​သောက်​နေ​ကြ​၏။ 30ထိုအခါ ဖာရိရှဲ​တို့​နှင့် သူ​တို့​ထဲမှ​ကျမ်းပြု​ဆရာ​တို့​က “သင်​တို့​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​ကြ​သနည်း”​ဟု တပည့်​တော်​တို့​အား မကျေမနပ်​ပြောဆို​ကြ​၏။ 31ယေရှု​က​လည်း“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ 32ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို နောင်တ​သို့​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။
အစာရှောင်ခြင်းနှင့်ဆိုင်သောမေးခွန်း
33လူ​အချို့​တို့​က “ယောဟန်​၏​တပည့်​များ​သည် မကြာခဏ အစာရှောင်​၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​ကြ​သည်။ ဖာရိရှဲ​တို့​၏​တပည့်​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​သည်။ ကိုယ်တော်​၏​တပည့်​တော်​တို့​မူကား စား​သောက်​လျက်​နေ​ကြ​ပါ​သည်​တကား”​ဟု လျှောက်​ကြ​၏။ 34ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် သူ​တို့​ကို အစာရှောင်​စေ​နိုင်​မည်လော။ 35သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​များ​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 36ထို့နောက် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“မည်သူ​မျှ အဝတ်​အသစ်​မှ​ပိတ်စ​ကို​ဆုတ်ဖြဲ​၍ အဝတ်​အဟောင်း​ကို ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အဝတ်​အသစ်​ကို ဆုတ်ဖြဲ​ရ​သည်​သာမက ဖာ​ထား​သော​ပိတ်စ​အသစ်​သည်​လည်း အဝတ်​အဟောင်း​နှင့် လိုက်ဖက်​မည်​မ​ဟုတ်။ 37ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌ ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​အသစ်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။ 38စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ရ​၏။ 39စပျစ်​ဝိုင်​အဟောင်း​ကို သောက်​ပြီး​သော​သူ​သည်​လည်း ‘စပျစ်​ဝိုင်​အဟောင်း​သည် ကောင်း​၏’​ဟု ဆို​လျက် စပျစ်​ဝိုင်​အသစ်​ကို သောက်​လို​စိတ်​မ​ရှိ​တတ်”​ဟု မိန့်​တော်မူ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in