YouVersion Logo
Search Icon

ရှင်လုကာခရစ်ဝင် 3

3
ခရစ်တော်၏ရှေ့တော်ပြေး
1တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊ 2အန္နတ်​နှင့်​ကယာဖ​တို့​သည် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​စဉ် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် တော​ကန္တာရ​၌ ဇာခရိ​၏​သား​ယောဟန်​ထံသို့​ရောက်လာ​၏။ 3ထိုအခါ ယောဟန်​သည် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​သို့​သွား​၍ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို​ဟောပြော​လေ​၏။ 4ဤသည်ကား “တော​ကန္တာရ​၌​ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့။ 5ချိုင့်ဝှမ်း​လျှိုမြောင်​ရှိသမျှ​တို့​ကို​ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်တန်း​စေ​၍ ကြမ်းတမ်း​သော​လမ်း​များ​ကို ချောမွေ့​စေ​ရ​မည်။ 6ထိုအခါ လူသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်”#ဟေရှာ 40:3-5။​ဟု ပရောဖက်​ဟေရှာယ​ဟောပြော​ထား​သော​ကျမ်း​တွင်​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
7ယောဟန်​သည် သူ့​ထံ၌ ဗတ္တိဇံ​ခံ​ရန်​ရောက်လာ​ကြ​သော လူထု​ပရိသတ်​တို့​အား “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် သင်​တို့​ကို​မည်သူ​သတိပေး​ခဲ့​သနည်း။ 8သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်​ဟူ၍ သင်​တို့​စိတ်​ထဲ၌​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ​ပေါ်ထွန်း​စေ​နိုင်​သည်။ 9ပုဆိန်​ကို​လည်း သစ်ပင်​တို့​၏​အမြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​လေ​၏။ 10လူထု​ပရိသတ်​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် 11ယောဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေမျှ​ပေး​စေ။ စားစရာ​ရှိ​သော​သူ​သည်​လည်း ထိုနည်းတူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။
12အခွန်​ကောက်ခံ​သူ​တို့​သည်​လည်း ဗတ္တိဇံ​ခံ​ရန်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် 13ယောဟန်​က “သင်​တို့​ကို​ညွှန်ကြား​ထား​သည်​ထက် ပို၍​မ​ကောက်ခံ​ကြ​နှင့်”​ဟု ပြန်ပြော​လေ​၏။ 14စစ်မှုထမ်း​များ​သည်​လည်း “အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “သူတစ်ပါး​ထံမှ ငွေ​ညှစ်ယူ​ခြင်း၊ မတရား​တောင်းခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိမိ​တို့​ရ​သော​လခ​နှင့် ရောင့်ရဲ​ကြ​လော့”​ဟု ပြန်ပြော​လေ​၏။
15လူ​တို့​သည် စောင့်မျှော်​လျက်​နေ​ကြ​သဖြင့် လူ​တိုင်း ယောဟန်​နှင့်​ပတ်သက်​၍ “သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်လော”​ဟု မိမိ​တို့​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​နေ​ကြ​၏။ 16ယောဟန်​က​လည်း “ငါ​သည် သင်​တို့​အား ရေ​၌​ဗတ္တိဇံ​ကို​ပေး​၏။ သို့သော် ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။ 17မိမိ​၏​ကောက်နယ်​တလင်း​ကို​လည်း အကုန်အစင်​ရှင်းလင်း​ပြီး ဂျုံ​ဆန်​ကို မိမိ​၏​ကျီ​၌​စုသိမ်း​ရန် လက်​တော်​၌ ဆန်ကော​ကို​ကိုင်​ထား​တော်မူ​၏။ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့် ရှို့​တော်မူ​လိမ့်မည်”​ဟု လူ​အပေါင်း​တို့​အား​ပြန်ပြော​လေ​၏။ 18ထိုသို့ ယောဟန်​သည် အခြား​သော​အကြောင်းအရာ​အမျိုးမျိုး​တို့​ဖြင့် တိုက်တွန်း​နှိုးဆော်​ကာ လူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။
19သို့ရာတွင် နယ်စား​ဟေရုဒ်​သည် မိမိ​အစ်ကို​၏​ဇနီး ဟေရောဒိ​နှင့်​ပတ်သက်၍​လည်းကောင်း၊ မိမိ​ကျူးလွန်​ခဲ့​သော မကောင်းမှု​အလုံးစုံ​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ယောဟန်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ 20ယောဟန်​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​၏​။ ဤသို့ဖြင့် သူ​၏​မကောင်း​မှု​အလုံးစုံ​တို့​အပေါ် မကောင်းမှု​ကို ထပ်ဆင့်​ပြု​လေ​၏။
ယေရှုဗတ္တိဇံခံတော်မူခြင်း
21လူ​အပေါင်း​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သောအခါ ယေရှု​သည်​လည်း ဗတ္တိဇံ​ခံ​တော်မူ​ပြီး ဆုတောင်း​လျက်​နေ​စဉ် ကောင်းကင်​သည်​ပွင့်​၍ 22သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့သော​အဆင်း​သဏ္ဌာန်​ဖြင့် ကိုယ်တော်​အပေါ်သို့ ဆင်းသက်​တော်မူ​၏။ ကောင်းကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေတည်း။ သင့်​ကို ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။#မ 3:17၊ မာ 1:11၊ ဆာ 2:7၊ ဟေရှာ 42:1။
ယေရှု၏ဘိုးစဉ်ဘောင်ဆက်
23ယေရှု​သည် အမှု​တော်​စတင်​ဆောင်ရွက်​သောအခါ သက်​တော်​သုံးဆယ်​ခန့်​ရှိ​တော်မူ​၏။ လူ​တို့​၏​ထင်မြင်​ချက်​အရ ကိုယ်တော်​သည် ယောသပ်​၏​သား​ဖြစ်​၏။ ယောသပ်​သည် ဧလိ​၏​သား၊
24ဧလိ​သည် မဿတ်​၏​သား၊ မဿတ်​သည် လေဝိ​၏​သား၊ လေဝိ​သည် မေလခိ​၏​သား၊ မေလခိ​သည် ယန္န​၏​သား၊ ယန္န​သည် ယောသပ်​၏​သား၊
25ယောသပ်​သည် မတ္တသိ​၏​သား၊ မတ္တသိ​သည် အာမုတ်​၏​သား၊ အာမုတ်​သည် နာဟုံ​၏​သား၊ နာဟုံ​သည် ဧသလိ​၏​သား၊ ဧသလိ​သည် နဂ္ဂဲ​၏​သား၊
26နဂ္ဂဲ​သည် မာအတ်​၏​သား၊ မာအတ်​သည် မတ္တသိ​၏​သား၊ မတ္တသိ​သည် ရှေမိ​၏​သား၊ ရှေမိ​သည် ယောသပ်​၏​သား၊ ယောသပ်​သည် ယုဒ​၏​သား၊
27ယုဒ​သည် ယောဟန္န​၏​သား၊ ယောဟန္န​သည် ရေသ​၏​သား၊ ရေသ​သည် ဇေရုဗဗေလ​၏​သား၊ ဇေရုဗဗေလ​သည် ရှာလသေလ​၏​သား၊ ရှာလသေလ​သည် နေရိ​၏​သား၊
28နေရိ​သည် မေလခိ​၏​သား၊ မေလခိ​သည် အဒ္ဒိ​၏​သား၊ အဒ္ဒိ​သည် ကောသံ​၏​သား၊ ကောသံ​သည် ဧလမောဒံ​၏​သား၊ ဧလမောဒံ​သည် ဧရ​၏​သား၊
29ဧရ​သည် ယောသေ​၏​သား၊ ယောသေ​သည် ဧလျေဇာ​၏​သား၊ ဧလျေဇာ​သည် ယောရိမ်​၏​သား၊ ယောရိမ်​သည် မဿတ်​၏​သား၊ မဿတ်​သည် လေဝိ​၏​သား၊
30လေဝိ​သည် ရှိမောင်​၏​သား၊ ရှိမောင်​သည် ယုဒ​၏​သား၊ ယုဒ​သည် ယောသပ်​၏​သား၊ ယောသပ်​သည် ယောနန်​၏​သား၊ ယောနန်​သည် ဧလျာကိမ်​၏​သား၊
31ဧလျာကိမ်​သည် မေလေ​၏​သား၊ မေလေ​သည် မဲနန်​၏​သား၊ မဲနန်​သည် မတ္တသ​၏​သား၊ မတ္တသ​သည် နာသန်​၏​သား၊ နာသန်​သည် ဒါဝိဒ်​၏​သား၊
32ဒါဝိဒ်​သည် ယေရှဲ​၏​သား၊ ယေရှဲ​သည် ဩဗက်​၏​သား၊ ဩဗက်​သည် ဗောဇ​၏​သား၊ ဗောဇ​သည် စာလမုန်​၏​သား၊ စာလမုန်​သည် နာရှုန်​၏​သား၊
33နာရှုန်​သည် အမိနဒပ်​၏​သား၊ အမိနဒပ်​သည် အဒ်မိန်​၏​သား၊ အဒ်မိန်​သည် အာရံ​၏​သား၊ အာရံ​သည် ဟေဇရုံ​၏​သား၊ ဟေဇရုံ​သည် ဖာရက်​၏​သား၊ ဖာရက်​သည် ယုဒ​၏​သား၊
34ယုဒ​သည် ယာကုပ်​၏​သား၊ ယာကုပ်​သည် ဣဇက်​၏​သား၊ ဣဇက်​သည် အာဗြဟံ​၏​သား၊ အာဗြဟံ​သည် တေရ​၏​သား၊ တေရ​သည် နာခေါ်​၏​သား၊
35နာခေါ်​သည် စေရောက်​၏​သား၊ စေရောက်​သည် ရာဂေါ​၏​သား၊ ရာဂေါ​သည် ဖာလက်​၏​သား၊ ဖာလက်​သည် ဧဗာ​၏​သား၊ ဧဗာ​သည် ရှာလ​၏​သား၊
36ရှာလ​သည် ကာဣနန်​၏​သား၊ ကာဣနန်​သည် အာဖာဇဒ်​၏​သား၊ အာဖာဇဒ်​သည် ရှေမ​၏​သား၊ ရှေမ​သည် နောဧ​၏​သား၊ နောဧ​သည် လာမက်​၏​သား၊
37လာမက်​သည် မသုရှလ​၏​သား၊ မသုရှလ​သည် ဧနောက်​၏​သား၊ ဧနောက်​သည် ယာရက်​၏​သား၊ ယာရက်​သည် မဟာလေလေလ​၏​သား၊ မဟာလေလေလ​သည် ကာဣနန်​၏​သား၊
38ကာဣနန်​သည် ဧနုတ်​၏​သား၊ ဧနုတ်​သည် ရှေသ​၏​သား၊ ရှေသ​သည် အာဒံ​၏​သား၊ အာဒံ​သည် ဘုရားသခင်​၏​သား​ပေတည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in