ရှင်လုကာခရစ်ဝင် 11
11
ပတ္ထနာတော်
1တစ်ခါက ကိုယ်တော်သည် တစ်နေရာ၌ ဆုတောင်းလျက်နေတော်မူ၏။ ဆုတောင်းပြီးသောအခါ တပည့်တော်တစ်ပါးက “သခင်ဘုရား၊ ယောဟန်သည် သူ၏တပည့်များကိုသင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ”ဟု လျှောက်လေ၏။ 2ကိုယ်တော်ကလည်း“သင်တို့ဆုတောင်းကြသောအခါ ‘အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။ နိုင်ငံတော်ပေါ်ထွန်းပါစေသော။ 3အကျွန်ုပ်တို့အတွက် တစ်နေ့တာလိုအပ်သောအစာကို နေ့စဉ်ပေးသနားတော်မူပါ။ 4အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူအားလုံးတို့ကို အကျွန်ုပ်တို့ခွင့်လွှတ်သည်ဖြစ်၍ အကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ အကျွန်ုပ်တို့ကို ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေပါနှင့်’ဟူ၍ မြွက်ဆိုကြလော့”ဟု မိန့်တော်မူ၏။
တောင်းလော့၊ ရှာလော့၊ တံခါးကိုခေါက်လော့
5ထို့နောက် ကိုယ်တော်က“သင်တို့ထဲမှတစ်စုံတစ်ယောက်တွင် မိတ်ဆွေတစ်ဦးရှိသည်ဆိုပါစို့။ သူသည် သန်းခေါင်အချိန်၌ ထိုမိတ်ဆွေထံသွား၍ ‘အဆွေ၊ 6အကျွန်ုပ်၏မိတ်ဆွေတစ်ဦးသည် ခရီးသွားရာမှ အကျွန်ုပ်ထံသို့ရောက်လာ၏။ အကျွန်ုပ်၌ သူ့ကိုကျွေးရန် မည်သည့်အရာမျှမရှိသောကြောင့် အကျွန်ုပ်အား မုန့်သုံးလုံးချေးပေးပါ’ဟု ဆိုသော်လည်း 7ထိုသူက ‘ငါ့ကိုအနှောင့်အယှက်မပေးပါနှင့်။ တံခါးပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူအိပ်ရာဝင်ကြပြီ။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှမပေးနိုင်ပါ’ဟု အိမ်တွင်းမှ ပြန်ပြောလိမ့်မည်။ 8သင်တို့အား ငါဆိုမည်။ ထိုသူသည် မိမိမိတ်ဆွေဖြစ်သည်ကိုထောက်၍ မည်သည့်အရာကိုမျှ ထ၍မပေးသော်လည်း အားမလျှော့ဘဲတောင်းဆိုသည်ကိုထောက်၍ လိုသမျှကို ထ၍ပေးလိမ့်မည်။ 9ထို့ကြောင့် သင်တို့အား ငါဆိုမည်။ တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် သင်တို့ကို ဖွင့်ပေးလိမ့်မည်။ 10အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်းတွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
11 သင်တို့တွင် မည်သည့်ဖခင်သည် သားက ငါးကိုတောင်းသောအခါ ငါးအစားမြွေကိုပေးမည်နည်း၊ 12သို့မဟုတ် ကြက်ဥကိုတောင်းသောအခါ ကင်းမြီးကောက်ကိုပေးမည်နည်း။ 13သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
ယေရှုနှင့်ဗေလဇေဗုလ
14တစ်ခါက ကိုယ်တော်သည် ဆွံ့အသောနတ်ဆိုးကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးထွက်သွားသောအခါ ဆွံ့အသောသူသည် စကားပြောသဖြင့် လူထုပရိသတ်တို့သည်အံ့သြကြ၏။ 15သို့သော် ထိုသူတို့ထဲမှ အချို့တို့က “သူသည် နတ်ဆိုးတို့၏အကြီးအကဲ ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟု ပြောဆိုကြ၏။ 16အချို့တို့သည်လည်း ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
17သို့သော် ကိုယ်တော်သည် သူတို့၏စိတ်သဘောများကို သိမြင်တော်မူသဖြင့်“မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွားမည်။ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောအိမ်သည်လည်း ပြိုလဲသွားမည်။ 18စာတန်သည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲနိုင်မည်နည်း။ ဤသို့ဆိုခြင်းမှာ ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုကြသောကြောင့်ဖြစ်၏။ 19ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သူများဖြစ်ကြလိမ့်မည်။ 20သို့ရာတွင် ငါသည် ဘုရားသခင်၏လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
21 ခွန်အားကြီးသောသူသည် လက်နက်အပြည့်အစုံဖြင့် မိမိခြံဝင်းကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာပစ္စည်းများသည်လုံခြုံမှုရှိ၏။ 22သို့သော် သူ့ထက်ခွန်အားကြီးသောသူသည်ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်နိုင်သောအခါ သူအားကိုးခဲ့သည့် လက်နက်စုံကိုသိမ်းယူ၍ သိမ်းပိုက်ရရှိသည့်ပစ္စည်းများကို ခွဲဝေလိမ့်မည်။
23 ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
ပြန်လာသည့်ညစ်ညူးသောနတ်
24 ညစ်ညူးသောနတ်သည် လူ့အထဲမှထွက်သွားသောအခါ ခြောက်သွေ့သောအရပ်ဒေသများသို့လျှောက်သွားကာ ခိုနားရာကိုရှာတတ်၏။ သို့သော် ရှာ၍မတွေ့သဖြင့် ‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက် 25ပြန်လာရာ ထိုနေရာမှာ လှဲကျင်း၍သပ်ရပ်စွာပြင်ဆင်ထားသည်ကို တွေ့လေ၏။ 26ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကိုခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏”ဟု မိန့်တော်မူ၏။
စစ်မှန်သောမင်္ဂလာ
27ဤအကြောင်းအရာများကို ကိုယ်တော်မိန့်တော်မူစဉ် လူထုပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုကျယ်စွာပြု၍ “ကိုယ်တော်ကိုလွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်တို့သည် မင်္ဂလာရှိပါ၏”ဟု လျှောက်လေ၏။ 28သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ယောန၏နိမိတ်လက္ခဏာ
29လူထုပရိသတ်များစုရုံးလာကြစဉ် ကိုယ်တော်က“ဤမျိုးဆက်သည် ဆိုးညစ်သောမျိုးဆက်ဖြစ်၏။ သူတို့သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အားပြလိမ့်မည်မဟုတ်။ 30အကြောင်းမူကား ယောနသည် နိနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူ့သားသည်လည်း ဤမျိုးဆက်အတွက် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ 31တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်လူတို့နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကိုနားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက်ကြီးမြတ်သောသူရှိ၏။ 32တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက်ကြီးမြတ်သောသူရှိ၏။
ကိုယ်ခန္ဓာ၏ဆီမီး
33 ဆီမီးကိုထွန်း၍ ကွယ်ရာ၌ထားသောသူ၊ သို့မဟုတ် တောင်းအောက်၌ထားသောသူ တစ်စုံတစ်ဦးမျှမရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာထားတတ်ကြ၏။ 34သင်၏မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ သင်၏မျက်စိကောင်းသောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်းတောက်ပနေလိမ့်မည်။ သို့သော် မျက်စိမကောင်းသောအခါ သင်၏ကိုယ်ခန္ဓာသည်လည်း မှောင်မိုက်နေလိမ့်မည်။ 35သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် အမှောင်မဖြစ်စေရန် သတိပြုလော့။ 36ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် ဆီမီးအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သောသူတို့ကို ရှုတ်ချတော်မူခြင်း
37ထိုသို့မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်တော်မူရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် သူ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။ 38သို့သော် အစာမသုံးဆောင်မီ ဦးစွာဆေးကြောခြင်းပြုတော်မမူသည်ကို ထိုဖာရိရှဲသည်မြင်၍ အံ့သြလေ၏။ 39သခင်ဘုရားကလည်း“သင်တို့ဖာရိရှဲများသည် ခွက်နှင့်လင်ပန်းတို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း သင်တို့အတွင်း၌ကား မတရားလုယူခြင်းနှင့်ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ 40မိုက်မဲသောသူတို့၊ အပြင်ဘက်ကိုဖန်ဆင်းတော်မူသောအရှင်သည် အတွင်းဘက်ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ 41သို့ဖြစ်၍ အတွင်း၌ရှိသောအရာများကို ပေးကမ်းစွန့်ကြဲကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည် သင်တို့အတွက် စင်ကြယ်ကြလိမ့်မည်။
42 သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။
43 ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
44 သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မထင်ရှားသော သင်္ချိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းအပေါ်မှာ မသိဘဲ သွားလာတတ်ကြ၏”ဟု မိန့်တော်မူ၏။
45ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်အား “ဆရာ၊ ဤသို့ပြောဆိုခြင်းသည် အကျွန်ုပ်တို့ကိုလည်း ရှုတ်ချရာရောက်ပါ၏”ဟု ပြန်လျှောက်သော် 46ကိုယ်တော်က“ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထမ်းရခက်သောဝန်များကို လူတို့အားထမ်းစေကြ၏။ သင်တို့ကိုယ်တိုင်ကမူ ၎င်းတို့ကို သင်တို့လက်ဖျားနှင့်မျှမတို့ကြ။
47 သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့ဘိုးဘေးများသတ်ခဲ့သော ပရောဖက်တို့၏သင်္ချိုင်းဂူများကို တည်ဆောက်ကြ၏။ 48ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးများပြုသောအမှုတို့ကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကိုသတ်၍ သင်တို့သည် သင်္ချိုင်းဂူများကိုတည်ဆောက်ကြ၏။ 49သို့ဖြစ်၍ ဘုရားသခင်၏ဉာဏ်ပညာတော်က ‘ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ ငါစေလွှတ်မည်။ ထိုအခါ သူတို့သည် ထိုသူတို့ထဲမှ အချို့တို့ကိုညှဉ်းဆဲ၍ သတ်ကြလိမ့်မည်’ဟု မြွက်ဆိုထား၏။ 50ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။ 51မှန်ပေ၏။ ဤမျိုးဆက်ထံမှ ထိုသွေးကြွေးကိုတောင်းယူလိမ့်မည်ဟု ငါဆို၏။
52 ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အသိပညာသော့ကိုသိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏”ဟု မိန့်တော်မူ၏။
53ထိုနေရာမှ ကိုယ်တော်ထွက်ကြွတော်မူသောအခါ ကျမ်းပြုဆရာများနှင့်ဖာရိရှဲတို့သည် ကိုယ်တော်အပေါ် ကြီးစွာရန်ငြိုးထားလျက် အကြောင်းအရာအမျိုးမျိုးတို့ကို တရစပ်မေးမြန်းကာ 54နှုတ်တော်ထွက်စကားတစ်စုံတစ်ခုဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။
Currently Selected:
ရှင်လုကာခရစ်ဝင် 11: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative