YouVersion Logo
Search Icon

ဝတ်ပြုရာကျမ်း 25

25
ဥပုသ်နှစ်၊ မင်္ဂလာရတုနှစ်
1တစ်ဖန် သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​က မောရှေ​အား 2“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘သင်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​သောအခါ ထို​ပြည်​သည် ထာဝရဘုရား​အဖို့ ဥပုသ်​စောင့်​ရ​မည်​။ 3ခြောက်​နှစ်​ပတ်လုံး သင်​၏​လယ်ယာ​၌ မျိုးကြဲ​ရ​မည်​။ ခြောက်​နှစ်​ပတ်လုံး သင်​၏​စပျစ်ခြံ​ကို ရှင်းလင်းပြုစု​ရ​မည်​။ ပြီးမှ အသီးအနှံ​ကို​စုသိမ်း​ရ​မည်​။ 4သတ္တမ​နှစ်​သည် မြေကြီး ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်​နှစ်​၊ ထာဝရဘုရား​၏​ဥပုသ်​နှစ်​ဖြစ်​၏​။ သင်​၏​လယ်ယာ​၌ မျိုး​မ​ကြဲ​ရ​။ သင်​၏​စပျစ်ခြံ​ကို​လည်း ရှင်းလင်းပြုစု​ခြင်း​မ​ပြု​ရ​။ 5အလေ့ကျ​ပေါက်​သော​အပင်​မှ​သီးနှံ​ကို မ​ရိတ်သိမ်း​ရ​။ မပြုစု​ထား​သော​စပျစ်ပင်​မှ​စပျစ်သီး​ကို​လည်း မ​ဆွတ်ခူး​ရ​။ ထို​နှစ်​သည် မြေ​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​နှစ်​ဖြစ်​ရ​မည်​။ 6ဥပုသ်​နှစ်​၌ မြေ​သည် သင်​တို့​အဖို့ စားစရာ​ဖြစ်ထွန်း​စေ​လိမ့်မည်​။ သင်​နှင့် သင်​၏​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ သင်​၏​သူရင်းငှား​၊ သင့်​ထံ၌​တည်းခိုနေထိုင်​သော​ဧည့်သည်​၊ 7သင်​၏​တိရစ္ဆာန်​၊ သင့်​ပြည်​၌​ရှိ​သော​တောရိုင်းတိရစ္ဆာန် စသည်​တို့ စား​ဖို့​ဖြစ်​၏​။
8သင်​သည် ဥပုသ်​နှစ် ခုနစ်​နှစ်​ကို မိမိဘာသာမိမိ ခုနစ်​နှစ် ခုနစ်​လီ ရေတွက်​ရ​မည်​။ ဥပုသ်​နှစ် ခုနစ်​နှစ် ခုနစ်​လီ​၏​ကာလ​သည် လေးဆယ့်​ကိုး​နှစ်​ဖြစ်​၏​။ 9သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ သင်​သည် တံပိုး​ကို ကျယ်လောင်​စွာ​မှုတ်​ရ​မည်​။ အပြစ်ဖြေလွှတ်​ခြင်း​နေ့​၌ သင်​တို့​သည် တစ်ပြည်လုံး​အနှံ့ တံပိုး​ကို မှုတ်​ရ​မည်​။ 10သင်​တို့​သည် ငါးဆယ်​မြောက်​နှစ်​ကို သန့်ရှင်း​စေ​၍ ထို​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့ လွတ်လပ်ခွင့်​ရ​ကြောင်း တစ်ပြည်လုံး​ကြေညာ​ရ​မည်​။ ထို​နှစ်​သည် သင်​တို့​အဖို့ မင်္ဂလာရတု​နှစ်​ဖြစ်​၍ သင်​တို့​အသီးသီး မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့​လည်းကောင်း​၊ မိမိ​မျိုးနွယ်စု​ထံသို့​လည်းကောင်း ပြန်​ရ​မည်​။ 11ငါးဆယ်​မြောက်​နှစ်​သည် သင်​တို့​အဖို့ မင်္ဂလာရတု​နှစ်​ဖြစ်​ရ​မည်​။ ထို​နှစ်​တွင် မျိုး​မ​ကြဲ​ရ​။ အလေ့ကျ​ပေါက်​သော​အပင်​မှ​သီးနှံ​ကို မ​ရိတ်သိမ်း​ရ​။ မပြုစု​ထား​သော​စပျစ်ပင်​မှ​စပျစ်သီး​ကို​လည်း မ​ဆွတ်ခူး​ရ​။ 12အကြောင်းမူကား ထို​မင်္ဂလာရတု​နှစ်​သည် သင်​တို့​အဖို့ သန့်ရှင်း​ရ​မည်​။ သင်​တို့​သည် လယ်ယာ​မှ​အလေ့ကျပေါက်သောအပင်​၏​အသီးအနှံ​ကို​သာ စား​ရ​မည်​။
13ထို​မင်္ဂလာရတု​နှစ်​တွင် သင်​တို့​အသီးသီး မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့ ပြန်​ရ​မည်​။ 14သင်​တို့​သည် မိမိ​၏​အိမ်နီးချင်း​အား တစ်စုံတစ်ရာ​ကို ရောင်း​သည်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​ထံမှ ဝယ်​သည်​ဖြစ်စေ တစ်ယောက်​ကို​တစ်ယောက် နိုင်ထက်စီးနင်း​မ​ပြု​ရ​။ 15သင့်​အိမ်နီးချင်း​ထံမှ လယ်ယာ​ကို သင်​ဝယ်​သောအခါ မင်္ဂလာရတု​နှစ်​ပြီး​၍​ကျန်ရှိ​သော​နှစ်​အရေအတွက်​နှင့်အညီ ဝယ်​ရ​မည်​။ သူ​သည်​လည်း သီးနှံရိတ်သိမ်း​နိုင်​မည့်​နှစ်​အရေအတွက်​နှင့်အညီ သင့်​အား ရောင်း​ရ​မည်​။ 16ဖြစ်ထွန်း​သော​သီးနှံ​အရေအတွက်​နှင့်အညီ သင့်​အား ရောင်း​ရ​ခြင်း​ဖြစ်​သောကြောင့် နှစ်​အရေအတွက်​များ​လျှင် တန်ဖိုး​ကို​တိုး​၍ နှစ်​အရေအတွက်​နည်း​လျှင် တန်ဖိုး​ကို​လျှော့​ရ​မည်​။ 17အချင်းချင်း နိုင်ထက်စီးနင်း​မ​ပြု​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။
18သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာ​ရ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပြုကျင့်​ရ​မည်​။ သို့ပြုလျှင် သင်​တို့​သည် ငါ​ပေး​သော​ပြည်​၌ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။ 19ထို​ပြည်​၌ အသီးအနှံ​ဖြစ်ထွန်း​၍ သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။ 20သင်​တို့​က “​အကျွန်ုပ်​တို့​သည် မျိုး​မ​ကြဲ​ရ​၊ ကိုယ့်​အသီးအနှံ​ကို​လည်း မ​စုသိမ်း​ရ​လျှင် သတ္တမ​နှစ်​၌ မည်သည့်​အရာ​ကို​စား​ရ​မည်နည်း​”​ဟု မေး​ကြ​လိမ့်မည်​။ 21ငါ​သည် ဆဋ္ဌမ​နှစ်​၌ သင်​တို့​အပေါ်​သို့ ငါ​၏​ကောင်းချီးမင်္ဂလာ​ကို သက်ရောက်​စေ​မည်​။ ထို​နှစ်​၌ သုံး​နှစ်​စာ​အသီးအနှံ ထွက်​လိမ့်မည်​။ 22သင်​တို့​သည် အဋ္ဌမ​နှစ်​မျိုးကြဲ​ချိန်​၌ သီးနှံ​အဟောင်း​ကို စား​ကြ​ရ​မည်​။ အသီးအနှံ​ထွက်​သည့်​နဝမ​နှစ်​တိုင်အောင် အဟောင်း​ကို​စား​ကြ​ရ​မည်​။
23မြေ​သည် ငါ့​အပိုင်​ဖြစ်​၏​။ သင်​တို့​သည် ငါ့​ထံ၌​တည်းခို​သော တိုင်းတစ်ပါးသား​များ​၊ ဧည့်သည်​များ​ဖြစ်​သောကြောင့် မြေ​ကို​အပြီးအပိုင်​မ​ရောင်း​ရ​။ 24သင်​တို့​ပိုင်ဆိုင်​ရာ​မြေ​အားလုံး​ကို သင်​တို့​ရွေးနုတ်ခွင့်​ပေး​ရ​မည်​။ 25သင်​၏​အမျိုးသားချင်း​တစ်ဦး​သည် ဆင်းရဲ​သွား​၍ သူ့​လက်ဝယ်ရှိမြေ​အချို့​ကို ရောင်း​လျှင် ရွေးနုတ်​ခွင့်​ရှိ​သော သူ​၏​ဆွေမျိုးသားချင်း​သည်​လာ​၍ သူ​ရောင်း​သော​မြေ​ကို ရွေးနုတ်​ရ​မည်​။ 26ထို​သူ​၌ ရွေးနုတ်​ပေး​မည့်​သူ မ​ရှိ​ဘဲ သူ​သည် ကြီးပွား​လာ​၍ သူ့​မြေ​ကို ပြန်​ရွေးနုတ်​ရန် ငွေ​အလုံအလောက်​ရှိ​လျှင် 27သူ​သည် မိမိ​ရောင်း​ထား​သော​နှစ်​ကို​တွက်​၍ လို​ငွေ​ကို ဝယ်​သူ​အား ပေး​ပြီးမှ မိမိ​ပိုင်​သော​မြေ​သို့ ပြန်သွား​ခွင့်​ရှိ​မည်​။ 28သူ​သည် ပြန်ပေး​ရန် ငွေ​အလုံအလောက်​မ​ရှိ​လျှင် သူ​ရောင်း​ထား​သော​မြေ​သည် မင်္ဂလာရတု​နှစ်​အထိ ဝယ်​သူ​၏​လက်​ထဲ၌ ရှိ​နေ​ရ​မည်​။ မင်္ဂလာရတု​နှစ်​၌ သူ​သည် မြေ​ကို​ပြန်ရ​သဖြင့် သူ​သည်​မိမိ​ပိုင်​သော​မြေ​သို့ ပြန်သွား​ခွင့်​ရှိ​မည်​။
29တစ်စုံတစ်ယောက်​သည် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ နေ​အိမ်​ကို ရောင်း​လျှင် ရောင်း​သော​နေ့​မှ တစ်​နှစ်​အတွင်း ရွေးနုတ်ခွင့်​ရှိ​၏​။ ထို​အချိန်​အတွင်း ရွေးနုတ်​ရ​မည်​။ 30သူ​သည် တစ်​နှစ်​ပြည့်​သွား​သည်​အထိ မ​ရွေးနုတ်​လျှင် တံတိုင်း​ခတ်​ထား​သော​မြို့​ထဲ​ရှိ အိမ်​ကို​ဝယ်​သူ​သည် မျိုးဆက်​အစဉ်အဆက် အမြဲ​ပိုင်​ရ​မည်​။ မင်္ဂလာရတု​နှစ်​ရောက်​သော်လည်း အိမ်​ကို ပြန်ပေး​ရ​မည်​မ​ဟုတ်​။ 31သို့သော် တံတိုင်း​မ​ခတ်​ထား​သော​ရွာ​ရှိ နေအိမ်​များ​ကို လယ်ယာ​ကဲ့သို့​သတ်မှတ်​ရ​မည်​။ သူ​သည် နေအိမ်​ကို ရွေးနုတ်ခွင့်​ရှိ​၏​။ မင်္ဂလာရတု​နှစ်​ရောက်​သောအခါ သူ​သည် အိမ်​ကို ပြန်လည်​ရရှိ​မည်​။
32လေဝိ​အမျိုး​တို့​ပိုင်​သော​မြို့​များ​ရှိ သူ​တို့​၏​အိမ်​များ​ကို​ကား လေဝိ​အမျိုး​တို့​သည် ရွေးနုတ်ခွင့်​အစဉ်အမြဲ​ရှိ​၏​။ 33တစ်စုံတစ်ယောက်​သည် လေဝိ​အမျိုး​တို့​ထံမှ​အိမ်​ကို​ဝယ်ယူ​လျှင် လေဝိ​အမျိုး​တို့​ပိုင်ဆိုင်​ရာ​မြို့​ရှိ ထို​ရောင်း​ထား​သော​အိမ်​ကို မင်္ဂလာရတု​နှစ်​ရောက်​သောအခါ ပြန်ပေး​ရ​မည်​။ အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့​တွင် လေဝိ​အမျိုး​တို့​ပိုင်​သော​မြို့​များ​ရှိ အိမ်​များ​သည် သူ​တို့​၏​အပိုင်​ဖြစ်​၏​။ 34သူ​တို့​၏​မြို့​များ​ရှိ​စားကျက်မြေ​သည် သူ​တို့​အစဉ်အမြဲ​ပိုင်​သော​မြေ​ဖြစ်​သောကြောင့် မ​ရောင်း​ရ​။
35သင်​၏​အမျိုးသားချင်း​တစ်​ဦး​သည် ဆင်းရဲ​သွား​၍ သင့်​အား မှီခို​နေ​ရ​လျှင် သူ့​အား တိုင်းတစ်ပါးသား​၊ သို့မဟုတ် ဧည့်သည်​ကဲ့သို့ ထောက်မ​ရ​မည်​။ သင်​နှင့်အတူ နေထိုင်​ခွင့်​ပေး​ရ​မည်​။ 36သူ့​ထံမှ အတိုး​အမြတ် မ​ယူ​ရ​။ သင်​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ပြီး သင်​၏​ညီအစ်ကို​ကို သင်​နှင့်အတူ​နေထိုင်​ခွင့်​ပြု​ရ​မည်​။ 37သင်​၏​ငွေ​ကို သူ့​အား အတိုး​ဖြင့် မ​ချေး​ရ​။ သင်​၏​အစားအစာ​ကို​လည်း သူ့​အား အမြတ်​ဖြင့် မ​ရောင်း​ရ​။ 38ငါ​သည် သင်​တို့​အား ခါနာန်​ပြည်​ကို​ပေး​၍ သင်​တို့​၏​ဘုရား​ဖြစ်​ဖို့​အတွက် အီဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။
39သင်​၏​အမျိုးသားချင်း​တစ်​ဦး​သည် ဆင်းရဲ​သွား​၍ သင့်​ထံ၌ သူ့ကိုယ်သူ​ရောင်း​လျှင် သင်​သည် သူ့​အား ကျွန်​ကဲ့သို့ မ​စေခိုင်း​ရ​။ 40သူ​သည် သင့်​ထံ၌ သူရင်းငှား​ကဲ့သို့​လည်းကောင်း​၊ ဧည့်သည်​ကဲ့သို့​လည်းကောင်း နေ​၍ မင်္ဂလာရတု​နှစ်​အထိ သင့်​ထံ၌ အလုပ်​လုပ်​ရ​မည်​။ 41ထို့နောက်တွင် သူ​သည် မိမိ​သားသမီး​များ​နှင့်တကွ သင့်​ထံ​မှ​ထွက်သွား​၍ မိမိ​မျိုးနွယ်စု​ရှိ​ရာ​သို့​ပြန်သွား​ရ​မည်​။ မိမိ​ဘိုးဘေး​တို့​ပိုင်ဆိုင်​ရာ​မြေ​သို့ ပြန်သွား​ရ​မည်​။ 42အကြောင်းမူကား သူ​တို့​သည် အီဂျစ်​ပြည်​မှ​ငါ​ထုတ်ဆောင်​ခဲ့​သော ငါ​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။ သူ​တို့​ကို ကျွန်​အဖြစ်​မ​ရောင်း​ရ​။ 43သူ့​အပေါ် ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ 44သင်​ပိုင်​သော ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​သည် သင်​တို့​ဝန်းကျင်​၌​ရှိ​သော​လူမျိုးခြား​တို့​ထဲမှ​ဖြစ်​ရ​မည်​။ ထို​သူ​တို့​ထဲမှ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို သင်​တို့ ဝယ်ယူ​ရ​မည်​။ 45ထို့ပြင် သင်​တို့​ထံ၌ တည်းခိုနေထိုင်​သော​ဧည့်သည်​တို့​၏​သားသမီး​များ​ထဲမှ​လည်းကောင်း​၊ သင်​တို့​ပြည်​၌​မွေးဖွား​၍ သင်​တို့​နှင့်အတူ​နေထိုင်​သည့် သူ​တို့​၏​မျိုးနွယ်စု​ထဲမှ​လည်းကောင်း သင်​တို့​ဝယ်ယူ​ခွင့်​ရှိ​၏​။ ထို​သူ​တို့​သည် သင်​တို့​၏​အပိုင်​ဖြစ်​ရ​မည်​။ 46သင်​တို့​သည် ထို​သူ​တို့​ကို နောင်လာမည့်​သင်​တို့​၏​သားမြေး​တို့ ပိုင်ဆိုင်​သော​အမွေ​အဖြစ် ချန်ထား​ခဲ့​နိုင်​၏​။ ထို​သူ​တို့​ကို တစ်သက်လုံး​ကျွန်ပြု​ခွင့်​ရှိ​၏​။ သို့သော် သင်​တို့​၏​အမျိုးသားချင်း​ဖြစ်​သော အစ္စရေး​အမျိုးသား​တို့​သည် အချင်းချင်း​တစ်ဦး​အပေါ်​တစ်ဦး ရက်စက်ကြမ်းတမ်း​စွာ​မ​အုပ်စိုး​ရ​။
47အကယ်၍ သင်​နှင့်အတူ​နေထိုင်​သည့် တိုင်းတစ်ပါးသား​ဧည့်သည်​သည် ကြီးပွား​၍ သူ​နှင့်အတူ​နေထိုင်​သည့် သင်​၏​အမျိုးသားချင်း​သည် ဆင်းရဲ​သွား​သဖြင့် သူ​သည် သင်​နှင့်အတူ​နေထိုင်​သည့်​တိုင်းတစ်ပါးသား​ဧည့်သည်​ထံ၌​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​၏​မျိုးနွယ်စုဝင်​ထံ၌​ဖြစ်စေ သူ့ကိုယ်သူ​ရောင်း​လျှင် 48ရောင်း​ပြီးနောက် သူ့​ကို ရွေးနုတ်ခွင့်​ရှိ​ရ​မည်​။ သူ​၏​ညီအစ်ကို​များ​ထဲမှ တစ်စုံတစ်ယောက်​က သူ့​ကို ရွေးနုတ်​ရ​မည်​။ 49သူ​၏​ဘကြီး​ဖြစ်စေ​၊ သူ့​ဘကြီး​၏​သား​ဖြစ်စေ သူ့​ကို ရွေးနုတ်​ရ​မည်​။ သို့မဟုတ် သူ​၏​မျိုးနွယ်စု​ထဲမှ သူ​နှင့်​သွေးသားတော်စပ်သူ​တစ်ယောက်ယောက်​က သူ့​ကို ရွေးနုတ်​ရ​မည်​။ သို့မဟုတ် သူ​ကိုယ်တိုင်​ကြီးပွား​သောအခါ သူ့ကိုယ်သူ ရွေးနုတ်​ရ​မည်​။ 50သူ​သည် သူ့ကိုယ်သူ ရောင်း​သော​နှစ်​မှစ၍ မင်္ဂလာရတု​နှစ်​အထိ နှစ်ပေါင်း​ကို ဝယ်သူ​နှင့်အတူ ရေတွက်​ရ​မည်​။ သူ့ကိုယ်သူ​ရောင်း​သော​တန်ဖိုး​သည် ရေတွက်​သော​နှစ်​အလိုက်​ဖြစ်​ရ​မည်​။ ဝယ်​သူ​နှင့်​နေ​ရ​သော​ကာလ​သည် သူရင်းငှား​တစ်​ယောက်​နေ​ရ​သော​ကာလ​အတိုင်း ဖြစ်​ရ​မည်​။ 51သူ့ကိုယ်သူ ရွေးနုတ်​သောအခါ နှစ်​များစွာ​ကျန်​သေး​လျှင် ထို​နှစ်​တို့​၏​အရေအတွက်​နှင့်အညီ သူ့​ကို​ဝယ်​သော​ငွေ​မှ​နုတ်​၍ ပြန်အမ်း​ရ​မည်​။ 52မင်္ဂလာရတု​နှစ်​ရောက်​ရန် နှစ်​အနည်းငယ်​သာ​ကျန်​လျှင် မိမိဘာသာမိမိ​ရေတွက်​၍ ထို​နှစ်​တို့​၏​အရေအတွက်​နှင့်အညီ မိမိ​၏​ရွေးနုတ်ခ​ကို ပြန်အမ်း​ရ​မည်​။ 53သူ​သည် ဝယ်​သူ​ထံ၌ တစ်နှစ်ပြီးတစ်နှစ် သူရင်းငှား​ကဲ့သို့ နေ​ရ​မည်​။ သင့်​မျက်မှောက်​တွင် ဝယ်သူ​က သူ့​ကို ရက်စက်ကြမ်းတမ်း​စွာ မ​အုပ်စိုး​စေ​နှင့်​။ 54ထိုသို့သော​နည်း​တို့​ဖြင့် သူ့ကိုယ်သူ မ​ရွေးနုတ်​နိုင်​လျှင်​လည်း မင်္ဂလာရတု​နှစ်​ရောက်​သောအခါ သူ​နှင့် သူ​၏​သားသမီး​တို့​သည် လွတ်မြောက်​ခွင့်​ရရှိ​မည်​။ 55အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့​သည် ငါ​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။ အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​သော ငါ​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in