YouVersion Logo
Search Icon

ယေရမိမြည်တမ်းစကား 1

1
ဂျေရုဆလင်မြို့အတွက် ညည်းတွားမြည်တမ်းခြင်း
1လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။
2သူ​သည် တစ်ညလုံး ခါးသီး​စွာ​ငိုကြွေး​နေ​ရ​ပြီ​။ သူ့​ပါးပြင်​ပေါ်တွင် မျက်ရည်​များ စိုရွှဲ​နေ​ပြီ​။ သူ့​ချစ်သူ​တို့​လည်း သူ့​ကို မ​နှစ်သိမ့်​ကြ​။ သူ့​မိတ်ဆွေ​အပေါင်း​တို့​က​လည်း သူ့​ကို​သစ္စာဖောက်​ပြီး ရန်သူ​ဖြစ်သွား​ကြ​ပြီ​။
3ယုဒ​အမျိုး​သည် အနှိပ်စက်​ခံရ​ပြီ​။ ကြမ်းကြမ်းတမ်းတမ်း​ကျွန်ပြု​ခံရ​ပြီ​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီ​။ လူမျိုးခြား​တို့​တွင် နေထိုင်​ရ​ပြီ​။ နားခို​ရာ​ကို​မ​တွေ့​။ သူ့​ကို​လိုက်​သော​သူ​အပေါင်း​တို့​သည် လမ်းဆုံး​၌ သူ့​ကို​မီ​ကြ​လေ​ပြီ​။
4ပွဲတော်​သို့​လာ​သော​သူ​မ​ရှိ​တော့​ပြီ​ဖြစ်၍ ဇိအုန်​မြို့​လမ်း​တို့ ငိုကြွေးမြည်တမ်း​ကြ​လေ​ပြီ​။ မြို့​တံခါး​အားလုံး ဆိတ်ညံ​လေ​ပြီ​။ ယဇ်ပုရောဟိတ်​တို့​လည်း ညည်းတွား​ကြ​လေ​ပြီ​။ အပျိုကညာ​တို့​လည်း ဝမ်းနည်းကြေကွဲ​လျက် ခါးသီး​စွာ​ခံစား​နေ​ကြ​ရ​လေ​ပြီ​။
5သူ​၏​ရန်သူ​တို့​သည် သူ့​သခင်​ဖြစ်​လျက် ကောင်းစား​ကြ​လေ​ပြီ​။ သူ​ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့် ထာဝရဘုရား​သည် သူ့​ကို ဝမ်းနည်းကြေကွဲ​စေ​တော်မူ​ပြီ​။ သူ​၏​သားသမီး​တို့​ကို သုံ့ပန်း​အဖြစ် ရန်သူ​တို့​ခေါ်သွား​လေ​ပြီ​။
6ဇိအုန်​သမီး​၏​ခန့်ညားထည်ဝါမှု​သည် သူ့​ကို စွန့်ပစ်​လေ​ပြီ​။ သူ​၏​အကြီးအကဲ​တို့​သည် စားကျက်မြေ​ကို​ရှာ​မ​တွေ့​သော သမင်​များ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ လိုက်​သော​သူ​တို့​ရှေ့​၌ အားအင်ချည့်နဲ့​စွာ​ဖြင့် ပြေး​ကြ​ရ​လေ​ပြီ​။
7ဂျေရုဆလင်​မြို့​သည် အနှိပ်စက်​ခံရ​ချိန်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​တွင် ယခင်က​စည်းစိမ်​ခံစား​ခဲ့​ရ​သည်​ကို ပြန်လည်​အောက်မေ့​လေ​၏​။ သူ​၏​လူ​များ ရန်သူ့​လက်​သို့​ကျရောက်​ချိန်​တွင် ကယ်​မည့်​သူ​မ​ရှိ​။ သူ​ပြိုလဲ​သွား​သည်​ကို​ကြည့်​၍ ရန်သူ​တို့ ရယ်မော​ကြ​၏​။
8ဂျေရုဆလင်​မြို့​သည် အပြစ်​ကျူးလွန်​လေ​ပြီ​။ ထို့ကြောင့် ရွံရှာဖွယ်​ဖြစ်​လေ​ပြီ​။ သူ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ရှိသမျှ​တို့​သည် သူ​၌​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို​မြင်​သဖြင့် သူ့​ကို​စက်ဆုပ်ရွံရှာ​ကြ​လေ​ပြီ​။ သူ​သည်​လည်း ညည်းတွား​လျက် လှည့်ထွက်​သွား​လေ​ပြီ​။
9သူ​၏​အညစ်အကြေး​သည် သူ့​အဝတ်​၌​စွန်း​နေ​ပြီ​။ သူ​၏​နိဂုံး​ကို သူ​မ​ဆင်ခြင်​မိ​ခဲ့​။ သူ​သည် အံ့ဩဖွယ်​ပြိုလဲ​သွား​လေ​ပြီ​။ သူ့​ကို နှစ်သိမ့်​ပေး​မည့်​သူ​လည်း​မ​ရှိ​။ အို ထာဝရဘုရား​၊ ရန်သူ​တို့​သည် အကျွန်ုပ်​ကို အောင်နိုင်​ကြ​ပြီ​။ အကျွန်ုပ်​ခံရ​သော ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​ပါ​။
10ရန်သူ​တို့​သည် သူ​၏​အဖိုးတန်​ပစ္စည်း​အားလုံး​ကို လက်ဝါးကြီး​အုပ်​လေ​ပြီ​။ လူမျိုးခြား​တို့​သည် ကိုယ်တော်​၏​လူအစုအဝေး​ထဲသို့​မ​ဝင်​ရ​ဟု ကိုယ်တော်​မိန့်မှာ​တော်မူ​ခဲ့​သော်လည်း သန့်ရှင်းရာဌာန​တော်​အထိ​ပင် သူ​တို့​ဝင်ရောက်​ကြ​သည်​ကို သူ​တွေ့မြင်​ရ​လေ​ပြီ​။
11သူ့​လူ​အပေါင်း​တို့​သည် ညည်းတွား​လျက် စားစရာ​ကို​ရှာဖွေ​နေ​ကြ​ရ​ပြီ​။ သူ​တို့​သည် အသက်​ရှင်သန်​နိုင်​ရန် သူ​တို့​၏​အဖိုးတန်​ပစ္စည်း​များ​ကို စားစရာ​နှင့်​လဲလှယ်​ကြ​ရ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ် မထီမဲ့မြင်ပြု​ခြင်း​ခံရ​သည်​ကို ကြည့်​တော်မူ​ပါ​။ မြင်​တော်မူ​ပါ​။
12လမ်းသွားလမ်းလာ​အပေါင်း​တို့​၊ သင်​တို့​နှင့်​ဘာမျှ​မ​ဆိုင်​သလော​။ ထာဝရဘုရား​ပြင်းစွာ​အမျက်​ထွက်​တော်မူ​သော​နေ့​၌ ငါ့​ကို ခံစား​စေ​တော်မူ​သော ဒုက္ခဝေဒနာ​မျိုး မချိတင်ကဲ​ခံရ​ဖူး​သူ​ရှိ​သလော​၊ ကြည့်​လှည့်​ပါ​၊ မြင်လှည့်​ပါ​။
13ကိုယ်တော်​သည် ကောင်းကင်​မှ​မီး​ကို စေလွှတ်​၍ ငါ့​အရိုး​များ​ကို လောင်ကျွမ်း​စေ​တော်မူ​ပြီ​။ ငါ့​ခြေ​ရှေ့​၌ ပိုက်ကွန်​ကို​ဖြန့်​ထား​ပြီ​။ ငါ့​ကို​နောက်​သို့​ပြန်လှည့်​စေ​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​၍ ငါ​သည် တစ်နေ့လုံး ညှိုးငယ်​လျက်​နေ​ရ​ပါ​ပြီ​။
14ဘုရားသခင်​သည် လက်​တော်​ဖြင့် ငါ့​အပြစ်​ထမ်းပိုး​ကို ငါ့​လည်ပင်း​ပေါ် တင်​တော်မူ​ပြီ​။ ချည်နှောင်​တော်မူ​ပြီ​။ ငါ့​ခွန်အား​ကို​ချည့်နဲ့​စေ​တော်မူ​၍ ငါ​မ​တွန်းလှန်​နိုင်​သော​သူ​တို့​၏​လက်​ထဲသို့ ငါ့​ကို​အပ်လိုက်​တော်မူ​ပြီ​။
15ဘုရားသခင်​သည် ငါ့​စစ်သူရဲ​အားလုံး​ကို နင်းချေ​တော်မူ​ပြီ​။ စစ်သည်​အလုံးအရင်း​ကို ဆင့်ခေါ်​၍ ငါ​၏​လူငယ်​တို့​ကို ဖျက်ဆီး​စေ​တော်မူ​ပြီ​။ ယုဒ​သမီး​ပျို​ကို စပျစ်သီးနယ်ရာကျင်း​၌ နင်းနယ်​တော်မူ​ပြီ​။
16ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။
17ဇိအုန်​မြို့​သည် လက်​ကို​ဆန့်​သော်လည်း နှစ်သိမ့်​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ယာကုပ်​ကို ရန်ပြု​ကြ​စေရန် ပတ်ပတ်လည်​ရှိ​လူမျိုး​တို့​ကို ထာဝရဘုရား​အမိန့်ပေး​တော်မူ​ပြီ​။ ဂျေရုဆလင်​မြို့​သည် ထို​သူ​တို့​အလယ်​၌ မစင်ကြယ်​သော​အရာ​ကဲ့သို့​ဖြစ်​လေ​ပြီ​။
18ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ငါ​မူကား ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​လေ​ပြီ​။ လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ ငါ​ခံရ​သော​ဒုက္ခဝေဒနာ​ကို ကြည့်ရှု​ကြ​လော့​။ ငါ​၏​အပျို​၊ လူပျို​တို့​သည် သုံ့ပန်း​အဖြစ် လိုက်ပါ​သွား​ရ​လေ​ပြီ​။
19ငါ့​ချစ်သူ​တို့​ကို ငါ​ခေါ်​သော်လည်း သူ​တို့​သည် ငါ့​ကို​လှည့်စား​ကြ​လေ​ပြီ​။ ငါ​၏​ယဇ်ပုရောဟိတ်​များ​နှင့်​သက်ကြီးဝါကြီး​တို့​သည် ဆက်လက်​ရှင်သန်​နိုင်​ရန် အစာရေစာ​ရှာဖွေ​ရင်း မြို့​တွင်း​၌ပင် သေဆုံး​ကြ​လေ​ပြီ​။
20အို ထာဝရဘုရား​၊ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ် ဆင်းရဲဒုက္ခ​ရောက်​ပါ​ပြီ​။ အကျွန်ုပ်​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ အကျွန်ုပ်​သည် ဖီဆန်​ပုန်ကန်​မိ​ပါ​ပြီ​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်နှလုံး​သည် အကျွန်ုပ်​အတွင်း​၌ မငြိမ်မသက်​ဖြစ်​လျက်​ရှိ​၏​။ အိမ်​ပြင်​၌ ဓားဘေး​ရှိ​၏​။ အိမ်​ထဲ၌​လည်း သေဘေး​ရှိ​၏​။
21အကျွန်ုပ်​ညည်းတွား​သံ​ကို ကြား​သော်လည်း အကျွန်ုပ်​ကို နှစ်သိမ့်ပေး​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ကြောင်း​ကို အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့ ကြား​ကြ​ပါ​ပြီ​။ ကိုယ်တော် ဤသို့​ပြု​တော်မူ​သည်​ကို သူ​တို့ နှစ်သက်အားရ​ကြ​ပါ​၏​။ ကိုယ်တော်​မိန့်ဆို​ထား​သော​နေ့ရက် ရောက်လာ​ပါစေ​။ သူ​တို့​သည် အကျွန်ုပ်​ကဲ့သို့ ဖြစ်​ကြ​ပါစေ​။
22သူ​တို့​ပြု​သော​မကောင်းမှု​အလုံးစုံ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့ ရောက်​ပါစေ​။ အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​အလုံးစုံ​အတွက် အကျွန်ုပ်​ခံရ​သကဲ့သို့ သူ​တို့​ကို​လည်း ခံရ​စေ​ပါ​။ အကျွန်ုပ်​အလွန်​ညည်းတွား​ရ​သည်​ဖြစ်၍ စိတ်နှလုံး​ညှိုးနွမ်း​လျက်​ရှိ​ပါ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိမြည်တမ်းစကား 1