YouVersion Logo
Search Icon

ယောရှုမှတ်စာ 9

9
ဂိဗောင်မြို့သားတို့ပရိယာယ်ဆင်ခြင်း
1ဂျော်ဒန်​မြစ်​တစ်ဖက် တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ လက်ဘနွန်​တောင်ခြေ​ရှိ​မြေထဲပင်လယ်​ကမ်းခြေ​တစ်လျှောက် တို့​၌​နေထိုင်​ကြ​သော ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ရှင်ဘုရင်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​သတင်း​ကို ကြား​သောအခါ 2ယောရှု​နှင့်​အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် တစ်ဖွဲ့တည်း ပူးပေါင်း​ကြ​လေ​၏​။ 3ဂိဗောင်​မြို့သား​တို့​မူကား ဂျေရိခေါ​မြို့​နှင့်​အာဣ​မြို့​တို့​ကို ယောရှု​မည်သို့​တိုက်ခိုက်​ခဲ့​သည်​ကို ကြား​သောအခါ 4သူ​တို့​သည် လိမ္မာပါးနပ်​စွာ​ပရိယာယ်​ဆင်​လျက် သံတမန်​အယောင်​ဆောင်​ပြီး ဟောင်းနွမ်း​သော​အိတ်​၊ ဟောင်းနွမ်း​ပေါက်ပြဲ​၍​ဖာထေး​ထား​သော​စပျစ်ဝိုင်​ဘူး​များ​ကို မြည်း​ပေါ်​တင်​၍ 5ဟောင်းနွမ်း​ဖာထေး​ထား​သော​ဖိနပ်​ကို​စီး​လျက်​၊ ဟောင်းနွမ်း​သော​အဝတ်​ကို​လည်း ဝတ်​လျက်​၊ ခြောက်သွေ့​ကျိုးကြေ​သော​ရိက္ခာမုန့်​များ​ပါ​လျက် 6ယောရှု​တပ်စခန်း​ချ​ရာ ဂိလဂါလ​အရပ်​သို့ ရောက်လာ​ကြ​၏​။ ထို့နောက် ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​အား “​အကျွန်ုပ်​တို့​သည် ဝေး​သော​ပြည်​မှ လာ​ကြ​ပြီ​ဖြစ်၍ အကျွန်ုပ်​တို့​နှင့် မိတ်​ဖွဲ့​ပါ​လော့​”​ဟု ဆို​ကြ​၏​။
7အစ္စရေး​အမျိုးသား​တို့​က​လည်း “​သင်​တို့​နှင့် မိတ်​မ​ဖွဲ့​နိုင်​။ သင်​တို့​သည် ငါ​တို့ အနီးအနား​၌ နေထိုင်​သူ​များ​လည်း ဖြစ်​နိုင်​ပါ​သည်​”​ဟု ဟိဝိ​လူမျိုး​တို့​အား ပြန်ပြော​၏​။
8သူ​တို့​က ယောရှု​အား “​အကျွန်ုပ်​တို့​သည် သခင်​၏​ကျွန်​များ​ဖြစ်​ပါ​သည်​”​ဟု ဆို​သောအခါ ယောရှု​က​လည်း “​သင်​တို့​သည် မည်သူ​တို့​နည်း​။ မည်သည့်​အရပ်​က လာ​ကြ​သနည်း​”​ဟု ပြန်မေး​လေ​၏​။
9သူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် သခင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အကြောင်း​ကို​ကြား​၍ အလွန်​ဝေး​သော​ပြည်​မှ​လာ​သော သခင်​၏​ကျွန်​များ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ထာဝရဘုရား​၏​ဂုဏ်​သတင်း​တော်​ကို​လည်းကောင်း​၊ အီဂျစ်​ပြည်​၌​ပြု​တော်မူ​ခဲ့​သမျှ​တို့​ကို​လည်းကောင်း​၊ 10ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် အာရှတရုတ်​မြို့​၌​နေ​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၌ ပြု​တော်မူ​ခဲ့​သမျှ​တို့​ကို​လည်းကောင်း ကြားသိ​သောအခါ 11အကျွန်ုပ်​တို့​၏​သက်ကြီးဝါကြီး​များ​နှင့် ပြည်သား​များ​က ငါ​တို့​အား ‘​လမ်းခရီး​အတွက် ရိက္ခာ​များ​ကို ယူ​၍ သူ​တို့​ကို သွား​တွေ့​လော့​။ ငါ​တို့​သည် သူ​တို့​၏​ကျွန်​များ​ဖြစ်ကြောင်း​၊ ငါ​တို့​နှင့်​မိတ်​ဖွဲ့​ပါ​မည့်​အကြောင်း လျှောက်ထား​လော့​’​ဟု မှာလိုက်​ပါ​၏​။ 12သင်​တို့​ထံသို့​လာ​ရန် ခရီး​စထွက်​ခဲ့​သော​နေ့​၌ အိမ်​မှ​ယူလာ​သော​မုန့်​သည် ပူပူနွေးနွေး​ပင် ရှိ​ပါ​၏​။ ယခု ကြည့်​ပါ​။ ခြောက်သွေ့​ကျိုးကြေ​ကုန်​ပါ​ပြီ​။ 13စပျစ်ဝိုင်​ထည့်​ခဲ့​သော​ဘူး​အသစ်​တို့​သည်​လည်း ယခုမှာ ပေါက်ပြဲ​ကုန်​ပါ​ပြီ​။ အဝတ်​နှင့်​ဖိနပ်​တို့​မှာ​လည်း ခရီး​ဝေး​မှ​လာ​ရ​သောကြောင့် စုတ်ပြတ်​ကုန်​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။ 14အစ္စရေး​အမျိုးသား​တို့​က​လည်း ထာဝရဘုရား​ထံ ခွင့်​မ​ပန်​ဘဲ သူ​တို့​၏​အစားအစာ​ကို ယူ​ကြ​၏​။ 15ယောရှု​လည်း သူ​တို့​နှင့် ငြိမ်းချမ်းရေး​ယူ​၏​။ သူ​တို့​ကို အသက်ချမ်းသာ​ပေး​ရန် ကတိသစ္စာ​ပြု​၏​။ လူထု​ခေါင်းဆောင်​တို့​က​လည်း သဘောတူ​ကျိန်ဆို​ကြ​၏​။
ဂိဗောင်မြို့သားတို့၏ပရိယာယ်ပေါ်သွားခြင်း
16ထိုသို့ အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​နှင့်​ကတိသစ္စာ​ပြု​ပြီး သုံး​ရက်​လွန်​သောအခါ ထို​သူ​တို့​သည် မိမိ​တို့​၏​အနီးအနား​၌​နေ​သော​အိမ်နီးချင်း​ပြည်သား​များ​ဖြစ်​နေ​သည်​ကို သိ​ရ​လေ​၏​။ 17အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​ရာ သုံး​ရက်​မြောက်​သော​နေ့​၌ ထို​သူ​တို့​နေထိုင်ရာ ဂိဗောင်​မြို့​၊ ခေဖိရ​မြို့​၊ ဗေရုတ်​မြို့​၊ ကိရယတ်ယာရိမ်​မြို့​သို့ ရောက်လာ​ကြ​၏​။ 18လူထု​ခေါင်းဆောင်​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ကျိန်ဆို​ထား​ပြီ​ဖြစ်၍ အစ္စရေး​အမျိုးသား​တို့​က သူ​တို့​ကို မ​တိုက်ခိုက်​ဘဲ​နေ​၏​။ သို့သော် အစ္စရေး​လူထု​တစ်ရပ်လုံး​က ခေါင်းဆောင်​တို့​ကို အပြစ်တင်​ကြ​၏​။
19ခေါင်းဆောင်​အပေါင်း​တို့​က​လည်း လူထု​တစ်ရပ်လုံး​အား “​ငါ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သူ​တို့​နှင့်​ကျိန်ဆို​ထား​သောကြောင့် သူ​တို့​ကို ထိပါး​၍​မ​ရ​။ 20သူ​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​မည်​။ သို့မဟုတ်လျှင် သူ​တို့​နှင့်​ကျိန်ဆို​ထား​သောကြောင့် အမျက်​တော်​သည် ငါ​တို့​အပေါ် ကျရောက်​လာ​မည်​”​ဟု ဆို​၏​။ 21“​ခေါင်းဆောင်​တို့ ပြော​ထား​သည့်​အတိုင်း သူ​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ပြီး လူထု​တစ်ရပ်လုံး​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​ပေး​ရ​သော​အလုပ်​ကို လုပ်​စေ​”​ဟု ခေါင်းဆောင်​တို့​က သူ​တို့​အား ဆို​၏​။
22ယောရှု​သည် ထို​သူ​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် ငါ​တို့​အနီးအနား​၌​နေထိုင်​ကြ​ပါ​လျက်​နှင့် ‘​သင်​တို့​နှင့် ဝေးကွာ​သော​အရပ်​မှ လာ​ပါ​သည်​’​ဟု အဘယ်ကြောင့် ငါ​တို့​ကို လှည့်စား​ပြောဆို​သနည်း​။ 23ယခုမှာ သင်​တို့​သည် ကျိန်​ခြင်း​ကို ခံရ​လေ​ပြီ​။ ငါ့​ဘုရားသခင်​၏​အိမ်​တော်​တွင် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် အစဉ်အမြဲ​အစေခံ​ရ​မည်​”​ဟု ဆို​လေ​၏​။ 24သူ​တို့​က​လည်း ယောရှု​အား “​အရှင်​တို့​ရှေ့မှောက်​တွင် ဤ​ပြည်သား​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး ပြည်​တစ်ပြည်လုံး​ကို အရှင်​တို့​အား​ပေး​မည်​ဟု အရှင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​အစေအပါး​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည်​ကို အရှင့်​အစေအပါး​တို့ ကောင်း​စွာ​သိ​ထား​ပြီ​။ အကျွန်ုပ်​တို့​လည်း အသတ်​ခံရ​မည်​ကို ကြောက်​လွန်း​သဖြင့် ဤသို့​ပြု​ခြင်း​ဖြစ်​ပါ​၏​။ 25ကြည့်​ပါ​လော့​။ ယခုမှာ အကျွန်ုပ်​တို့​သည် သခင့်​လက်​၌​ရှိ​ပါ​၏​။ ကောင်း​မည်​၊ သင့်​မည်​ဟု ထင်​သည့်​အတိုင်း ပြု​ပါ​လော့​”​ဟု ပြန်ပြော​ကြ​၏​။
26ထို့ကြောင့် သူ​တို့​အသတ်​မ​ခံရ​စေရန် ယောရှု​သည် သူ​တို့​ကို အစ္စရေး​အမျိုးသား​တို့​လက်​မှ ကယ်နုတ်​လေ​၏​။ 27ထို​နေ့​၌ပင် သူ​တို့​ကို ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​တည်​သော​ယဇ်ပလ္လင်​နှင့် အစ္စရေး​လူထု​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​သော​သူ​များ​အဖြစ် ယောရှု​စီရင်​ပေး​ထား​၍ ယနေ့​တိုင်အောင် ထို​အမှု​ကို သူ​တို့​ပြု​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in