YouVersion Logo
Search Icon

ယောရှုမှတ်စာ 8

8
အာဣမြို့ကို သိမ်းပိုက်ခြင်း
1တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ စစ်သည်​အပေါင်း​တို့​ကို​ခေါ်​ပြီး အာဣ​မြို့​သို့ ထ​၍​စစ်ချီ​လော့​။ ကြည့်ရှု​လော့​။ အာဣ​ဘုရင်​နှင့်တကွ သူ့​လူ​၊ သူ့​မြို့​၊ သူ့​မြေ​ကို သင့်​လက်​သို့​ငါ​အပ်​ပြီ​။ 2သင်​သည် ဂျေရိခေါ​မြို့​နှင့် ဂျေရိခေါ​ဘုရင်​ကို​ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​အာဣ​ဘုရင်​ကို​ပြု​ရ​မည်​။ ထို​မြို့​မှ တိုက်ယူ​သော​ပစ္စည်း​နှင့်​တိရစ္ဆာန်​တို့​ကို​ကား သင်​တို့​အဖို့ သိမ်းယူ​ခွင့်​ရှိ​၏​။ မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​လော့​”​ဟု မိန့်​တော်မူ​၏​။
3ယောရှု​နှင့်​စစ်သည်​အပေါင်း​တို့​သည်​လည်း အာဣ​မြို့​သို့ ထ​၍​စစ်ချီ​ကြ​၏​။ ယောရှု​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​သုံးသောင်း​ကို​ရွေးချယ်​ပြီး သူ​တို့​ကို ညအချိန်​၌​စေလွှတ်​၍ 4သူ​တို့​အား “​သင်​တို့​သည် မြို့​အနောက်ဘက် မြို့​နှင့်​မ​လှမ်း​မ​ကမ်း​တွင်​ကင်းပုန်းချ​၍ သင်​တို့​အားလုံး အဆင်သင့်​ရှိ​နေ​ကြ​ရ​မည်​။ 5ငါ​နှင့် ငါ​၌​ရှိ​သော​စစ်သည်​အပေါင်း​တို့​သည် မြို့​ကို​ချဉ်းကပ်​မည်​။ သူ​တို့​သည် ယခင်​ကဲ့သို့ ငါ​တို့​ကို​ထွက်​တိုက်​လျှင် ငါ​တို့​သည် သူ​တို့​ရှေ့​မှ​ထွက်ပြေး​မည်​။ 6ငါ​တို့​သည် သူ​တို့​ရှေ့​မှ ထွက်ပြေး​သောအခါ သူ​တို့​က ‘​ဤ​လူ​တို့​သည် ယခင်​ကဲ့သို့ပင် ထွက်ပြေး​ကြ​ပြီ​’​ဟု ထင်​၍ ငါ​တို့​နောက်သို့​လိုက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​တို့​သည် သူ​တို့​ကို​မြို့​နှင့်​ဝေးဝေးမျှားခေါ်​သွား​မည်​။ 7သင်​တို့​သည် ကင်းပုန်းချ​ရာ​နေရာ​မှ​ထွက်​၍ မြို့​ကို​သိမ်းပိုက်​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​မည်​။ 8သင်​တို့​သည် မြို့​ကို​သိမ်း​ပြီး​သည်​နှင့် မီး​ရှို့​ပစ်​ရ​မည်​။ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သင်​တို့​ပြု​ရ​မည်​။ သင်​တို့​ကို ငါ​အမိန့်ပေး​ပြီ​”​ဟု မှာကြား​လေ​၏​။ 9ထို့နောက် ယောရှု​သည် စစ်သူရဲ​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် သွား​၍ အာဣ​မြို့​အနောက်ဘက်​၊ ဗေသလ​မြို့​နှင့်​အာဣ​မြို့​အကြား​၌ ကင်းပုန်း​ချ​၍ စောင့်​နေ​ကြ​၏​။ သို့သော် ထို​ည​၌ ယောရှု​သည် စစ်သည်​တို့​နှင့်အတူ​နေရစ်​ခဲ့​၏​။
10ယောရှု​သည် နံနက်​စောစောထ​၍ စစ်သည်​တို့​ကို​စုစည်း​ပြီး အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​တို့​နှင့်အတူ စစ်သည်​တို့​ရှေ့​မှ​နေ​၍ အာဣ​မြို့​သို့ ချီတက်​လေ​၏​။ 11သူ​နှင့် စစ်သည်​အပေါင်း​တို့ ချီတက်​သွား​၍ မြို့​အနီး​သို့​ရောက်​သောအခါ အာဣ​မြို့​မြောက်ဘက်​၌ စခန်းချ​ကြ​၏​။ သူ​တို့​နှင့် အာဣ​မြို့​အကြား​၌ ချိုင့်ဝှမ်း​ရှိ​၏​။ 12ယောရှု​သည် စစ်သည်​ငါး​ထောင်​ခန့်​ကို​ခေါ်​၍ အာဣ​မြို့​အနောက်ဘက်​၊ ဗေသလ​မြို့​နှင့် အာဣ​မြို့​အကြား​၌ ကင်းပုန်း​ချ​ထား​၏​။ 13ထိုသို့ စစ်သည်​တို့​ကို​နေရာချ​ရာ​တွင် မြို့​မြောက်ဘက်​တွင် ပင်မ​တပ်​၊ မြို့​အနောက်ဘက်​တွင် ကင်းပုန်းတပ်​တို့ နေရာကျ​ကြ​၏​။ ထို​ည​တွင် ယောရှု​သည် ချိုင့်ဝှမ်း​သို့​ဆင်းသွား​၏​။
14ထိုသို့​တပ်ချ​လျက်​ရှိ​သည်​ကို အာဣ​ဘုရင် သိမြင်​သောအခါ သူ​နှင့်​သူ​၏​မြို့သား​စစ်သည်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ချိန်းချက်​ထား​သည့်​အတိုင်း စောစောထ​၍ အရာဗ​လွင်ပြင်​အရှေ့ဘက်​သို့ အလျင်အမြန်​စစ်ချီထွက်​လေ​၏​။ သို့ရာတွင် သူ​သည် မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​ကြောင်း​ကို မ​သိ​။ 15ယောရှု​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည်​လည်း စစ်ရှုံးဟန်ပြ​၍ တောကန္တာရ​လမ်း​အတိုင်း ပြေး​ကြ​လေ​၏​။ 16အစ္စရေး​စစ်သည်​တို့​ကို လိုက်လံတိုက်ခိုက်​ရန် မြို့​ထဲ​ရှိ​ယောက်ျား​အားလုံး​ကို ခေါ်​သဖြင့် သူ​တို့​သည် ယောရှု​နောက်သို့​လိုက်​ကြ​ရာ မြို့​နှင့်​ဝေး​ရာ​သို့ မျှားခေါ်​သွား​ခြင်း​ခံရ​လေ​၏​။ 17အာဣ​မြို့​၊ ဗေသလ​မြို့​တို့​၌ ယောက်ျား​တစ်​ယောက်​မ​ကျန် မြို့​ကို​ချန်ထား​၍ အစ္စရေး​စစ်သည်​တို့​နောက်သို့ လိုက်​ကြ​၏​။ 18ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​သင်​ကိုင်ထား​သော​လှံ​ကို အာဣ​မြို့​သို့ ရွယ်​လော့​။ ထို​မြို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​သဖြင့် ယောရှု​သည် မိမိ​ကိုင်​ထား​သော​လှံ​ကို ထို​မြို့​သို့ ရွယ်​လေ​၏​။ 19ထိုသို့​ရွယ်လိုက်​သောအခါ ကင်းပုန်း​တို့​သည် ကိုယ့်​နေရာ​မှ​အလျင်အမြန်​ထ​ကာ မြို့​ထဲသို့ ပြေး​ဝင်​ကြ​၏​။ ထို့နောက် မြို့​ကို​သိမ်း​၍ ချက်ချင်း​မီး​ရှို့​ပစ်​ကြ​၏​။
20အာဣ​မြို့သား​တို့​သည် အနောက်​သို့​လှည့်​ကြည့်​သောအခါ မြို့​ထဲမှ​မီးခိုး​များ ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​၏​။ ထိုအခါ မည်သည့်​ဘက်​သို့ ပြေး​ရ​မည်​ကို မ​သိ​ဖြစ်​ကြ​၏​။ တောကန္တာရ​ဘက်​သို့​ပြေးသွား​သော​စစ်သည်​တို့​က​လည်း အနောက်မှလိုက်​သော​သူ​တို့​ထံ ပြန်လှည့်​လာ​၏​။ 21ကင်းပုန်းတပ်​က မြို့​ကို​သိမ်း​ပြီး မြို့​ထဲမှ​မီးခိုး​ထွက်လာ​သည်​ကို ယောရှု​နှင့်​အစ္စရေး​တပ်သား​အပေါင်း​တို့ မြင်​သောအခါ ပြန်လှည့်​လာ​၍ အာဣ​မြို့သား​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။ 22ကင်းပုန်းတပ်​က​လည်း မြို့​ထဲမှ​ထွက်လာ​၍ အာဣ​စစ်သည်​တို့​ကို တိုက်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​စစ်သည်​နှစ်​ဖွဲ့​ကြား​တွင် ပိတ်​မိ​လေ​၏​။ အစ္စရေး​စစ်သည်​တို့​သည် အာဣ​စစ်သည်​တို့ အသက်ရှင်​ကျန်ရစ်​သူ​၊ ထွက်ပြေး​လွတ်မြောက်​သူ တစ်ယောက်​မျှ​မ​ရှိ​အောင် သတ်ဖြတ်​လေ​၏​။ 23အာဣ​ဘုရင်​ကို​ကား အရှင်​ဖမ်း​၍ ယောရှု​ထံ ခေါ်ဆောင်​လာ​၏​။
24အစ္စရေး​စစ်သည်​တို့​သည် သူ​တို့​ကို​တောကန္တာရ​ကွင်းပြင်​အထိ လိုက်လံတိုက်ခိုက်​သည့်​အာဣ​မြို့သား​အပေါင်း​တို့​အား တစ်ယောက်မကျန်​သတ်ဖြတ်​၏​။ ထို​သူ​တို့​အားလုံး ဓား​ဖြင့်​လဲကျ​သေဆုံး​သွား​ပြီးနောက် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် အာဣ​မြို့​သို့ တစ်ဖန်​ပြန်လာ​၍ ကျန်ရစ်​သူ​တို့​ကို ဓား​ဖြင့်​သတ်ဖြတ်​လေ​၏​။ 25ထို​နေ့​၌ အာဣ​မြို့သား ယောက်ျား​၊ မိန်းမ စုစုပေါင်း တစ်သောင်းနှစ်ထောင် ကျဆုံး​လေ​၏​။ 26အာဣ​မြို့သား​တို့​ကို ချေမှုန်း​၍​မ​ပြီး​မ​ချင်း ယောရှု​သည် လှံ​ရွယ်​ထား​သော​လက်​ကို မ​ချ​။ 27ယောရှု​အား ထာဝရဘုရား​မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​စစ်သည်​တို့​သည် ထို​မြို့​မှ တိရစ္ဆာန်​နှင့် တိုက်ယူ​သော​ပစ္စည်း​တို့​ကို သိမ်းယူ​ကြ​၏​။
28ဤသို့ဖြင့် ယောရှု​သည် အာဣ​မြို့​ကို မီးရှို့​ပစ်​၍ ယနေ့​တိုင် လူသူကင်းမဲ့​ရာ​အပျက်အစီးပုံ ဖြစ်​စေ​၏​။ 29အာဣ​ဘုရင်​ကို နေဝင်​ချိန်​တိုင်အောင် သစ်ပင်​ပေါ်တွင် ချိတ်ဆွဲ​ထား​၏​။ နေဝင်​သောအခါ ယောရှု​အမိန့်​အတိုင်း လူ​တို့​သည် အလောင်း​ကို သစ်ပင်​မှ​ချ​၍ မြို့​တံခါး​ဝ​တွင်​ပစ်ထား​ပြီးလျှင် အလောင်း​ပေါ်တွင် ကျောက်​ပုံ​ကြီး​ပုံ​ထား​၏​။ ထို​ကျောက်ပုံ​သည် ယနေ့​တိုင်အောင် ရှိ​၏​။
ပညတ်တရားကျမ်းကို ကူးရေးခြင်း
30ထို့နောက် ယောရှု​သည် ဧဗလ​တောင်​ပေါ်၌ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​လေ​၏​။ 31“​ယဇ်ပလ္လင်​ကို သံ​လက်နက်ကိရိယာ မ​သုံး​ဘဲ သဘာဝ​ကျောက်တုံး​များ​ဖြင့်​သာ တည်​ရ​မည်​”​ဟု ထာဝရဘုရား​၏​အစေအပါး​မောရှေ​က အစ္စရေး​အမျိုးသား​တို့​အား မှာကြား​ခဲ့​သည်​နှင့်အညီ မောရှေ​၏​ပညတ်တရား​ကျမ်း​၌​ရေးသား​ထား​သည့်​အတိုင်း တည်​၏​။ ထို့နောက် ထို​ယဇ်ပလ္လင်​ပေါ်တွင် ထာဝရဘုရား​အား မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ကြ​၏​။ 32ထို့နောက် အစ္စရေး​အမျိုးသား​တို့ မျက်စိ​ရှေ့​တွင်​ပင် မောရှေ​၏​ပညတ်တရား​ကျမ်း​ကို ကျောက်တုံး​ပေါ်တွင် ကူးရေး​လေ​၏​။ 33အစ္စရေး​လူမျိုး​တို့​အား ကောင်းချီးပေး​မည့်​အကြောင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​က မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် တိုင်းတစ်ပါးသား​များ​၊ အမျိုးသားချင်း​များ​ပါ​လျက် သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ တရားသူကြီး​များ​နှင့်အတူ သေတ္တာ​တော်​တစ်ဖက်တစ်ချက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အနွယ်ဝင်​ယဇ်ပုရောဟိတ်​တို့​ရှေ့​၌​ရပ်​ကြ​၏​။ ဂေရဇိမ်​တောင်​အရှေ့​တွင် တစ်ဝက်​၊ ဧဗလ​တောင်​အရှေ့​တွင် တစ်ဝက် ရပ်​နေ​ကြ​၏​။ 34ထို့နောက် ယောရှု​သည် ပညတ်တရား​ကျမ်း​၌​ရေးသား​ခဲ့​သမျှ​အတိုင်း ကောင်းချီးမင်္ဂလာ​၊ ကျိန်ခြင်းအမင်္ဂလာ တို့​နှင့်ဆိုင်သော​တရား​စကား​အလုံးစုံ​ကို ဖတ်ကြား​လေ​၏​။ 35မောရှေ​မိန့်မှာ​ထား​သော​စကား​တို့​ကို မိန်းမ​၊ ကလေး​နှင့်တကွ အစ္စရေး​လူမျိုး​နှင့်အတူ​နေထိုင်​သော​တိုင်းတစ်ပါးသား​တို့​အပါအဝင် အစ္စရေး​လူထု​တစ်ရပ်လုံး​ရှေ့​တွင် မ​ဖတ်​ဘဲ​ထားခဲ့​သော​စကား​တစ်ခွန်းမျှ​မ​ရှိ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in