YouVersion Logo
Search Icon

ယောရှုမှတ်စာ 24

24
အစ္စရေးသမိုင်း ပြန်လည်ဆန်းစစ်ခြင်း
1ထို့နောက် ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို ရှေခင်​မြို့​၌ စုဝေး​စေ​ပြီးလျှင် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ ခေါင်းဆောင်​များ​၊ တရားသူကြီး​များ​နှင့် ကြီးကြပ်သူ​များ​ကို ဆင့်ခေါ်​သဖြင့် သူ​တို့​သည်​လည်း ဘုရားသခင်​၏​ရှေ့​တော်​၌​ရပ်​နေ​ကြ​၏​။ 2ထိုအခါ ယောရှု​က လူ​အပေါင်း​တို့​အား “​အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​အာဗြဟံ​နှင့် နာခေါ်​တို့​၏​ဖခင် တေရ မှစ၍ သင်​တို့​၏​ဘိုးဘေး​တို့​သည် ရှေးယခင်​က ယူဖရေးတီး​မြစ်#24:2 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်ဖက်ကမ်း​၌​နေထိုင်​၍ အခြား​ဘုရား​များ​ကို​ဝတ်ပြု​ခဲ့​ကြ​၏​။ 3ငါ​သည် သင်​တို့​အဖ​အာဗြဟံ​ကို ယူဖရေးတီး​မြစ်#24:3 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်ဖက်​မှ ခေါ်ထုတ်​၍ ခါနာန်​ပြည်​အရပ်ရပ်​သို့​ပို့ဆောင်​ခဲ့​၏​။ သူ​၏​သားစဉ်မြေးဆက်​ကို များပြား​စေ​၏​။ သူ့​အား သား​ဣဇက်​ကို ငါ​ပေး​၏​။ 4ဣဇက်​အား သား​ယာကုပ်​နှင့်​ဧသော​ကို ငါ​ပေး​၏​။ ဧသော​အား စိရ​တောင်​ကို ငါ​အပိုင်​ပေး​၏​။ ယာကုပ်​နှင့်​သူ​၏​သား​တို့​မူကား အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။
5ငါ​သည် မောရှေ​နှင့်​အာရုန်​ကို​စေလွှတ်​၍ အီဂျစ်​ပြည်​၌ ဘေးအမျိုးမျိုး​ကျရောက်​စေ​ခြင်း​အားဖြင့် ဒဏ်ခတ်​ပြီးနောက် သင်​တို့​ကို ထုတ်ဆောင်​ခဲ့​၏​။ 6ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ ပင်လယ်နီ​သို့ ရောက်​သောအခါ အီဂျစ်​လူမျိုး​တို့​သည် စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ဖြင့် ထို​ပင်လယ်​တိုင်အောင် သင်​တို့​ဘိုးဘေး​တို့​နောက်သို့​လိုက်​ကြ​၏​။ 7ထိုအခါ သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​သဖြင့် ငါ​သည် သင်​တို့​နှင့်​အီဂျစ်​လူမျိုး​တို့​ကြား​၌ အမှောင်ထု ခြား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​ကို ပင်လယ်ရေ​လွှမ်းမိုး​သွား​စေ​၏​။ အီဂျစ်​လူမျိုး​တို့​အား ငါ ဒဏ်ခတ်​ခဲ့​သည်​ကို သင်တို့ကိုယ်တိုင်​မျက်စိ​ဖြင့်​မြင်​ခဲ့​ကြ​၏​။ ထို့နောက်မှ သင်​တို့​သည် တောကန္တာရ​၌ ကာလ​ကြာမြင့်​စွာ​နေထိုင်​ကြ​ရ​၏​။
8ငါ​သည် သင်​တို့​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်​၌​နေထိုင်​သော အာမောရိ​လူမျိုး​တို့​၏​ပြည်​သို့ ပို့ဆောင်​၏​။ ထို​သူ​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ကြ​သော်လည်း ငါ​သည် သူ​တို့​ကို သင်​တို့​လက်​သို့​အပ်​သဖြင့် သင်​တို့​သည် သူ​တို့​၏​ပြည်​ကို အပိုင်ရ​ကြ​၏​။ ငါ​သည် သူ​တို့​ကို သင်​တို့​၏​ရှေ့​မှာ​ပင် ဖျက်ဆီး​ခဲ့​၏​။ 9ထို့နောက် ဇိဖော်​၏​သား​၊ မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ထ​၍​တိုက်ခိုက်​၏​။ သူ​သည် ဗောရ​၏​သား​ဗာလမ်​ကို လူ​လွှတ်​ခေါ်​၍ သင်​တို့​အား ကျိန်ဆဲ​စေ​၏​။ 10သို့ရာတွင် ငါ​သည် ဗာလမ်​၏​စကား​ကို​နား​မ​ထောင်​။ သို့ဖြစ်၍ သူ​သည် သင်​တို့​ကို မ​ကျိန်ဆဲ​ဘဲ အကြိမ်ကြိမ်​ကောင်းချီးပေး​ရ​၏​။ ငါ​သည် သင်​တို့​ကို သူ​၏​လက်​မှ​ကယ်နုတ်​ခဲ့​၏​။
11သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ ဂျေရိခေါ​မြို့​သို့​ရောက်​သောအခါ ဂျေရိခေါ​မြို့သား​တို့​အပါအဝင် အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ ဟိဝိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ကြ​၏​။ ထို​သူ​တို့​ကို​လည်း သင်​တို့​လက်​သို့ ငါ​အပ်​၏​။ 12သင်​တို့​၏​ဓား​အားဖြင့်​မ​ဟုတ်​၊ လေး​အားဖြင့်​လည်း​မ​ဟုတ်​။ ငါ​သည် ပျားတူ​များ​ကို သင်​တို့​ရှေ့​မှ စေလွှတ်​၍ အာမောရိ​လူမျိုး​တို့​ရှင်ဘုရင်​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၏​။ 13ငါ​သည် သင်​တို့​မ​ထွန်ယက်​သော​မြေ​၊ သင်​တို့​မ​တည်ဆောက်​သော​မြို့​များ​ကို သင်​တို့​အား​ပေး​သဖြင့် သင်​တို့​သည် ထို​မြို့​တို့​တွင် နေထိုင်​ရ​ကြ​၏​။ သင်​တို့​မ​စိုက်ပျိုး​သော​စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​မှ အသီး​ကို​လည်း​စား​ရ​ကြ​၏​’​ဟု မိန့်​တော်မူ​၏​။
ပဋိညာဉ်သစ်ဖွဲ့ခြင်း
14သို့ဖြစ်၍ ယခု ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​လျက် ရိုးသားဖြူစင်​စွာ​၊ သစ္စာရှိ​စွာ ဝတ်ပြု​ကြ​လော့​။ ယူဖရေးတီး​မြစ်#24:14 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်ဖက်​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​၌​လည်းကောင်း သင်​တို့​ဘိုးဘေး​တို့​ဝတ်ပြု​ခဲ့​သော​ဘုရား​များ​ကို​ဖယ်ရှား​၍ ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​လော့​။ 15ထာဝရဘုရား​ကို ဝတ်​မ​ပြု​သင့်​ဟု သင်​တို့​ထင်မှတ်​လျှင် ယနေ့ သင်​တို့​ဝတ်ပြု​လို​သည့်​ဘုရား​ကို သင်​တို့​ရွေးချယ်​လော့​။ ယူဖရေးတီး​မြစ်#24:15 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်ဖက်ကမ်း​၌ သင်​တို့​ဘိုးဘေး​ဝတ်ပြု​ခဲ့​သော​အခြား​ဘုရား​များ​ကို ဝတ်ပြု​မည်လော​၊ သင်​တို့​နေထိုင်​ရာ​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​ကို ဝတ်ပြု​မည်လော​။ ငါ​နှင့်​ငါ့​အိမ်သူအိမ်သား​တို့​မူကား ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ဆို​၏​။
16ထိုအခါ လူ​တို့​က “​ထာဝရဘုရား​ကို စွန့်​၍ အခြား​ဘုရား​များ​ကို ဝတ်ပြု​ခြင်း​အမှု​သည် အကျွန်ုပ်​တို့​နှင့် ဝေး​ပါစေ​။ 17အကြောင်းမူကား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်တကွ ဘိုးဘေး​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ပေး​ခဲ့​သော​အရှင်​၊ အကျွန်ုပ်​တို့ မျက်စိ​ရှေ့​တွင်​ပင် ကြီးမား​သော​နိမိတ်လက္ခဏာ​များ​ကို ပြ​တော်မူ​သော​အရှင်​၊ လူမျိုးခြား​တို့​အကြား ဖြတ်ကျော်​လာ​ရ​သော​လမ်းခရီး​တစ်လျှောက်လုံး​တွင် အကျွန်ုပ်​တို့​ကို စောင့်ရှောက်​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ 18ထာဝရဘုရား​သည် ဤ​ပြည်​၌​နေထိုင်​သော​အာမောရိ​လူမျိုး​အပါအဝင် လူမျိုးခြား​အပေါင်း​တို့​ကို အကျွန်ုပ်​တို့​ရှေ့​မှ နှင်ထုတ်​ပေး​တော်မူ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​သောကြောင့် ထာဝရဘုရား​ကို​သာ ဝတ်ပြု​မည်​”​ဟု ပြန်ဖြေ​ကြ​၏​။
19ထိုအခါ ယောရှု​က လူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​ကို ဝတ်ပြု​နိုင်​မည် မ​ဟုတ်​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ဘုရား​၊ သဝန်တို​တတ်​သော​ဘုရား​ဖြစ်​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ 20သင်​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ကို​ဝတ်ပြု​မည်​ဆိုလျှင် သင်​တို့​ကို ကောင်းစား​စေ​ခဲ့​ရာ​မှ သင်​တို့​ကို ဒုက္ခရောက်​စေ​မည်​၊ သုတ်သင်ပယ်ရှင်း​တော်မူ​မည်​ကို သင်​တို့​သိ​သလော​”​ဟု ဆို​၏​။
21လူ​တို့​က​လည်း ယောရှု​အား “​မ​ဟုတ်​ပါ​။ ထာဝရဘုရား​ကို​သာ အကျွန်ုပ်​တို့ ဝတ်ပြု​ပါ​မည်​”​ဟု ပြန်ပြော​ကြ​၏​။
22ယောရှု​က​လည်း လူ​တို့​အား “​ထာဝရဘုရား​ကို​သာ​ဝတ်ပြု​မည်​ဟု သင်​တို့​ရွေးချယ်​ခြင်း​အမှု​မှာ သင်​တို့​ကိုယ်တိုင်​ပင် သက်သေ​ဖြစ်​၏​”​ဟု​ဆို​လျှင် သူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် သက်သေ​ဖြစ်​ကြ​ပါ​၏​”​ဟု ပြန်ပြော​ကြ​၏​။
23ယောရှု​က​လည်း “​သို့ဖြစ်လျှင် သင်​တို့​တွင်​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​ကို ဖယ်ရှား​ပြီး သင်​တို့​၏​စိတ်နှလုံး​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ တိမ်းညွတ်​ကြ​လော့​”​ဟု ဆို​၏​။
24လူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြု​ပါ​မည်​။ ကိုယ်တော်​၏​စကား​ကို​သာ နားထောင်​ပါ​မည်​”​ဟု ယောရှု​အား ပြန်ပြော​ကြ​၏​။
25ထို​နေ့​တွင် ယောရှု​သည် လူ​တို့​နှင့် ပဋိညာဉ်​ဖွဲ့​ပြီး ရှေခင်​မြို့​၌ သူ​တို့​အဖို့ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို ချမှတ်​ပေး​လေ​၏​။ 26ထို့နောက် ယောရှု​သည် ထို​တရားစကား​တို့​ကို ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​များ​၌ ရေးမှတ်​ထား​၏​။ ထို့နောက် ကျောက်တုံး​ကြီး​တစ်​တုံး​ကို​ယူ​၍ ထာဝရဘုရား​၏​သန့်ရှင်းရာဌာန​တော်​အနီး​ရှိ ဝက်သစ်ချပင်​အောက်​တွင် စိုက်ထူ​ထား​လေ​၏​။ 27ထို့နောက် ယောရှု​က လူ​အပေါင်း​တို့​အား “​ကြည့်​ပါ​။ ငါ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​တော်​အလုံးစုံ​ကို ဤ​ကျောက်တုံး​သည်​လည်း ကြား​ပြီ​ဖြစ်၍ ငါ​တို့​အဖို့ သက်သေ​ဖြစ်​လိမ့်မည်​။ ဘုရားသခင်​၏​စကား​တော်​ကို သင်​တို့​ငြင်းပယ်​လျှင် ဤ​ကျောက်တုံး​သည် သက်သေ​ဖြစ်​လိမ့်မည်​”​ဟု ဆို​၏​။ 28ထို့နောက် ယောရှု​သည် လူ​တို့​ကို သူ​တို့​၏​အမွေမြေ​အသီးသီး​သို့ ပြန်​စေ​လေ​၏​။
ခေါင်းဆောင်သုံးဦးကို သင်္ဂြိုဟ်ခြင်း
29ထို့နောက်မှ ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။ 30ဂါရှ​တောင်​၏​မြောက်ဘက်​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​အမွေ​မြေ​ရ​ထား​သော တိမနသေရ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ 31အစ္စရေး​လူမျိုး​တို့​သည် ယောရှု​အသက်ရှင်​စဉ်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း​၊ ယောရှု​သေဆုံး​သွား​ပြီးနောက် အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့်​အရာ​ရှိသမျှ​တို့​ကို သိမြင်​သော​အသက်ရှင်​ကျန်ရစ်​သေး​သည့် သက်ကြီးဝါကြီး​တို့​လက်ထက်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။
32သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​ခဲ့​သော ယောသပ်​၏​အရိုး​ကို ရှေခင်​၏​ဖခင်​ဟာမော်​၏​သား​များ​ထံ​မှ ငွေစ​တစ်ရာ​ဖြင့် ယာကုပ်​ဝယ်ယူ​ထား​သော ရှေခင်​မြို့​ရှိ​မြေ​ကွက်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို​မြေကွက်​သည် ယောသပ်​သားမြေး​တို့​ပိုင်​သော အမွေမြေ​ဖြစ်​၏​။
33အာရုန်​၏​သား​ဧလာဇာ​လည်း သေဆုံး​သဖြင့် ဧဖရိမ်​တောင်ပေါ်ဒေသ​တွင် သူ့​သား​ဖိနဟတ်​အမွေမြေ​ရ​ထား​သည့် ဖိနဟတ်​တောင်ကုန်း​၌ သင်္ဂြိုဟ်​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in