ယောဘဝတ္ထု 42
42
ထာဝရဘုရားအား ယောဘ၏ပြန်ကြားမှု
1ထိုအခါ ယောဘက ထာဝရဘုရားအား 2“ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူ၍ ကိုယ်တော်၏အကြံအစည်ကို မည်သူမျှ မဆီးတားနိုင်ကြောင်းကို အကျွန်ုပ်သိပါ၏။
3‘အသိဉာဏ်မရှိဘဲ အကြံအစည်တော်ကို မျက်ကွယ်ပြုသူကား မည်သူနည်း’ဟု ကိုယ်တော်မေးတော်မူပါ၏။ မှန်ပါ၏။ အကျွန်ုပ်နားမလည်သောအရာ၊ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်သောအရာ၊ အကျွန်ုပ်မသိနိုင်သောအရာများကို ပြောဆိုမိပါပြီ။ 4ယခု အကျွန်ုပ်လျှောက်ဆိုသည်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်မေးလျှောက်သည်များကို ဖြေကြားတော်မူပါ။ 5ကိုယ်တော့်အကြောင်းကို နားဖြင့်သာကြားဖူးခဲ့သော်လည်း ယခုမှာ အကျွန်ုပ်သည် ကိုယ်တော့်ကို မျက်မြင်ကိုယ်တွေ့ဖူးမြင်ရပါပြီ။ 6ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
7ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။ 8ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။ 9ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကိုထောက်၍ လက်ခံတော်မူ၏။
ယောဘကို ဘုရားသခင် ပြန်လည်ပို့ဆောင်ခြင်း
10မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။ 11ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
12ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။ 13သူသည် သား ခုနစ်ယောက်၊ သမီး သုံးယောက်ကိုလည်း ရပြန်၏။ 14အကြီးဆုံးသမီးကို ယေမိမ၊ ဒုတိယသမီးကို ကေဇိ၊ တတိယသမီးကို ကေရင်္ဟပ္ပုတ်ဟု အမည်မှည့်ခေါ်၏။ 15တစ်ပြည်လုံးတွင် ယောဘ၏သမီးများကဲ့သို့ အဆင်းလှသောမိန်းမမျိုး တစ်ယောက်မျှမရှိ။ သူတို့၏ဖခင်သည် သူတို့အား အစ်ကိုများ၊ မောင်များကဲ့သို့ပင် အမွေပေး၏။
16ယောဘသည် နှစ်ပေါင်းတစ်ရာ့လေးဆယ် ဆက်လက်အသက်ရှင်၍ သားမြေးမြစ် မျိုးဆက်လေးဆက်ကိုမြင်ရ၏။ 17ယောဘသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ ကွယ်လွန်သွားလေ၏။
Currently Selected:
ယောဘဝတ္ထု 42: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative