YouVersion Logo
Search Icon

ယောဘဝတ္ထု 41

41
1လဝိသန်#41:1 “အကောင်ကြီးသောရေသတ္တဝါတစ်မျိုး”။​ကို ငါးမျှားချိတ်​ဖြင့် သင်​ဆွဲယူ​နိုင်​သလော​။ သူ့​လျှာ​ကို ကြိုး​နှင့်​ချည်​ထား​နိုင်​သလော​။ 2သူ့​နှာခေါင်း​ထဲသို့ ကြိုး​လျှိုသွင်း​နိုင်​သလော​။ သူ့​မေးရိုး​ကို သံချိတ်​နှင့် ဖောက်​နိုင်​သလော​။ 3သူ​သည် သင့်​ကို အကြိမ်ပေါင်း​များစွာ​အသနားခံ​လိမ့်မည်​လော​။ သင့်​ကို ညင်သာ​စွာ​ပြောဆို​လိမ့်မည်​လော​။ 4သူ့​ကို ကျွန်​အဖြစ် တစ်သက်လုံး​သိမ်းပိုက်​ရန် သူ​သည် သင်​နှင့် ပဋိညာဉ်​ပြု​မည်လော​။ 5ငှက်​နှင့်​ဆော့ကစား​သကဲ့သို့ သူ​နှင့် ဆော့ကစား​နိုင်​မည်လော​။ လုံမပျို​တို့​အဖို့ သူ့​ကို သင်​ဖမ်းချည်​ပေး​နိုင်​မည်လော​။ 6ဈေးသည်​တို့​သည် သူ့​ကို​အရောင်းအဝယ်​လုပ်​ကြ​မည်လော​။ ကုန်သည်​တို့​သည် သူ့​ကို ခွဲဝေ​ယူ​ကြ​မည်လော​။ 7သူ့​အရေခွံ​ကို မှိန်း​များ​နှင့်​လည်းကောင်း​၊ သူ့​ဦးခေါင်း​ကို ငါးထိုးလှံ​နှင့်​လည်းကောင်း ထိုးဖောက်​နိုင်​သလော​။ 8သူ့​ကို သင်​လက်ရွယ်​လိုက်​သည်​နှင့် တိုက်ခိုက်​ခံရ​တတ်​သည်​ကို သတိရ​ပါ​။ ထို့ကြောင့် သင်​လက်ရွယ်​ရဲ​တော့​မည်​မ​ဟုတ်​။ 9သူ့​ကို​အနိုင်ရ​ဖို့​မျှော်လင့်​သော​သူ​သည် အမှားကြီးမှား​လိမ့်မည်​။ သူ့​ကို​မြင်​လိုက်​ရုံ​နှင့် မေ့မျောလဲကျ​သွား​မည်​မ​ဟုတ်​လော​။ 10သူ့​ကို သွားဆွ​ရဲ​လောက်အောင် မည်သူ​မျှ​သတ္တိ​မ​ရှိ​။ သို့ဖြစ်လျှင် ငါ့​ကို ဆန့်ကျင်​ပြီး မည်သူ​ခံရပ်​နိုင်​မည်နည်း​။ 11မည်သူ​သည် ငါ့​ကို အလျင်​ပေး​၍ ငါ​ပြန်​ပြီး​ပေး​ရ​မည်နည်း​။ မိုးကောင်းကင်​အောက် ရှိသမျှ​တို့​သည် ငါ့​အပိုင် ဖြစ်​၏​။ 12လဝိသန်​၏​ခြေလက်အင်္ဂါ​အကြောင်း​၊ ခွန်အားကြီး​ကြောင်း​၊ ကိုယ်လုံးကိုယ်ထည်​တောင့်တင်း​ကြောင်း​ကို ငါ မ​ပြောပြ​ဘဲ နေ​မည်​မ​ဟုတ်​။ 13သူ​၏​အပေါ်ယံ​အရေခွံ#41:13 တိုက်ရိုက်ပြန်ဆိုလျှင် “သူ၏အပေါ်ဝတ်လုံ”။​ကို မည်သူ​ခွာချွတ်​နိုင်​သနည်း​။ ဇက်ကြိုး​နှစ်​ချောင်း​ဖြင့် သူ့​ထံ မည်သူ​လာ​ဝံ့​သနည်း​။ 14သူ့​ခံတွင်း​တံခါး​ကို မည်သူ​ဖွင့်​ဝံ့​သနည်း​။ ခံတွင်း​ထဲရှိ​သွားတန်း​သည်​လည်း ကြောက်မက်ဖွယ်​ကောင်း​လှ​၏​။ 15ချိတ်​ပိတ်​ထား​သလို တစ်​ခု​နှင့်​တစ်​ခု​ပူးကပ်​နေ​သော ဒိုင်းလွှား​သဖွယ် သူ့​အကြေးခွံ​များ​သည် သူ့​အဖို့ ဂုဏ်မောက်စရာ ဖြစ်​၏​။ 16အကြေးခွံ​တို့ ပူးကပ်​နေ​သောကြောင့် တစ်​ခု​နှင့်​တစ်​ခု​ကြားတွင် လေ​ပင်​မ​တိုး​နိုင်​။ 17တစ်ခု​နှင့်​တစ်ခု ထပ်​နေ​၏​။ ခွာ​၍​မ​ရ​နိုင်​လောက်အောင်​ကပ်​နေ​ကြ​၏​။ 18သူ​နှာချေ​လိုက်​လျှင် အလင်း​များ​ဖြာထွက်​၏​။ သူ့​မျက်လုံး​များ​သည် အရုဏ်ဦး​လင်းရောင်ခြည်​နှင့်​တူ​၏​။ 19ခံတွင်း​ထဲမှ မီးရှူးမီးပန်း​များ ဖြာထွက်​လာ​တတ်​၏​။ မီးပွား​များ လွင့်ထွက်​လာ​တတ်​၏​။ 20ဆူပွက်​နေ​သော​အိုး​၊ မီးတောက်​နေ​သော​ကျူရိုး​တို့​မှ မီးခိုး​ထွက်​သကဲ့သို့ သူ့​နှာခေါင်း​ထဲမှ မီးခိုး​ထွက်​တတ်​၏​။ 21သူ​အသက်ရှူ​သောအခါ မီးသွေးခဲ​တို့ မီးတောက်​သွား​တတ်​၏​။ သူ့​နှုတ်​ထဲမှ မီးလျှံ​ထွက်​တတ်​၏​။ 22သူ့​ခွန်အား​သည် သူ့​လည်ပင်း​၌ ရှိ​၏​။ သူ့​ရှေ့​ရောက်​သည်​နှင့် ကြောက်လန့်​၍ ပြန်ထွက်ပြေး​ရ​၏​။ 23သူ့​အသားစိုင်​တို့​သည် ပူးကပ်​လျက်​ရှိ​၍ မ​ရွေ့​မ​လျား​နိုင်​အောင် တောင့်တင်းမာကျော​နေ​၏​။ 24သူ့​စိတ်နှလုံး​သည် ကျောက်​ကဲ့သို့​မာကျော​၏​။ အောက်ခံ​ကြိတ်ဆုံ​ကျောက်​ကဲ့သို့ မာကျော​၏​။ 25သူ​ထ​လိုက်​ပြီ​ဆိုလျှင် လူစွမ်းကောင်း​များ​ပင် ကြောက်လန့်​သွား​ရ​၏​။ တဝုန်းဝုန်း​အသံ​ကြောင့် ကယောင်ချောက်ချား​ဖြစ်​သွား​ကြ​ရ​၏​။ 26သူ့​ကို ဓား​နှင့်​တိုက်​လျှင်လည်း အရာရောက်​မည်​မ​ဟုတ်​။ လှံတို​၊ လှံရှည်​၊ မြား​တို့​နှင့်​လည်း ထိုနည်းတူပင်​။ 27သူ​သည် သံ​ကို ကောက်ရိုး​ကဲ့သို့​လည်းကောင်း​၊ ကြေးဝါ​ကို​သစ်​ဆွေး​ကဲ့သို့​လည်းကောင်း ထင်မှတ်​၏​။ 28လေးမြား​သည် သူ့​ကို မ​ထွက်ပြေး​စေ​နိုင်​။ လောက်စာလုံး​သည်​လည်း သူ့​အဖို့ ရိုးပြတ်​ကဲ့သို့သာ ဖြစ်​၏​။ 29သူ​သည် တင်းပုတ်​ကို​လည်း ရိုးပြတ်​ဟု​သာ​ထင်မှတ်​ပြီး လှံ​ကို​ဝှေ့ယမ်း​ပြ​လျှင်ပင် လှောင်ရယ်​တတ်​၏​။ 30သူ့​ဝမ်းဘက်​ပိုင်း​သည် အိုးခြမ်းကွဲ​ကဲ့သို့ အချွန်အတက်​များ​ပါရှိ​၏​။ ရွှံ့နွံ​ပေါ်တွင် သူ့ကိုယ်ကို​ဆန့်​လိုက်​သောအခါ ကောက်နယ်တလင်းပြားအရာ​ကဲ့သို့ ထင်ကျန်​ခဲ့​၏​။ 31ရေထုကြီး​ကို​ပင် ရေနွေးအိုး​ကဲ့သို့ ဆူပွက်​စေ​နိုင်​၏​။ ဆီအိုးမွှေ​သကဲ့သို့ ပင်လယ်​ကို မွှေနှောက်​တတ်​၏​။ 32သူ​သွား​ရာ​လမ်း​တွင် ရေ​များ​ဖွေးဖွေးလှုပ်​ကျန်​ခဲ့​ပြီး ရေထုကြီး​မှာ ဆံပင်ဖြူ​နေ​သယောင်ပင် ထင်​ရ​၏​။ 33မြေကြီး​ပေါ်တွင် သူ​နှင့်​နှိုင်းစရာ မ​ရှိ​။ သူ​သည် ကြောက်ရွံ့​ခြင်း​ကင်း​သော​သတ္တဝါ​ဖြစ်​၏​။ 34မာန်တက်​သော​သတ္တဝါ​များ​ကို ခပ်မာမာ​ပင် ပြန်ကြည့်​တတ်​၏​။ သားရဲ​အပေါင်း​တို့​တွင် သူ​သည် ရှင်ဘုရင်​ပင် ဖြစ်​၏​”​ဟု မုန်တိုင်း​ထဲမှ မြွက်ဆို​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယောဘဝတ္ထု 41