YouVersion Logo
Search Icon

ယောဘဝတ္ထု 2

2
စာတန်က ယောဘကို ဒုတိယအကြိမ်စုံစမ်းခြင်း
1ဘုရား​သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ ဝင်ရောက်ခစား​သော​နေ့​ရောက်လာ​ပြန်​လျှင် စာတန်​သည်​လည်း သူ​တို့​နှင့်အတူ ထာဝရဘုရား​ရှေ့​တော်​သို့ ရောက်လာ​၏​။ 2ထာဝရဘုရား​က စာတန်​အား “သင် ဘယ်​အရပ်​က လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်”​ဟု ပြန်လျှောက်​၏​။ 3ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​။ အကြောင်းမရှိ​ဘဲ သူ့​ကို​ဖျက်ဆီး​ရန် သင်​သည် ငါ့​ကို​တိုက်တွန်း​သော်လည်း သူ​သည် ဖြောင့်မတ်တည်ကြည်​ခြင်း​ကို စွဲကိုင်​ထား​လျက်​ရှိ​၏​”​ဟု မိန့်ဆို​၏​။
4ထိုအခါ စာတန်​က ထာဝရဘုရား​အား “​အရေပြား​အဖို့ အရေပြား​ဆို​သကဲ့သို့ပင် လူ​သည် မိမိ​အသက်​အဖို့ အရာ​အားလုံး​ကို​ပင် ပေးဆပ်​နိုင်​မည်​သာ​ဖြစ်​ပါ​၏​။ 5လက်​တော်​ကို​ဆန့်​၍ သူ​၏​အရိုး​အသား​တို့​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော်​ကို မျက်ဝါးထင်ထင် ကျိန်ဆဲ​မည်​မှာ မ​လွဲ​ပါ​”​ဟု ပြန်လျှောက်​၏​။ 6ထာဝရဘုရား​က​လည်း စာတန်​အား “​ကြည့်​လော့​။ သူ​သည် သင့်​လက်​၌ ရှိ​၏​။ သူ့​အသက်​ကို​မူ ချမ်းသာ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 7စာတန်​သည် ထာဝရဘုရား​ထံ​မှ ထွက်သွား​၍ ယောဘ​ကို ဦးခေါင်း​မှ ခြေဖဝါး​အထိ ဆိုးရွား​သော​အနာစိမ်း​များ​ကို ပေါက်​စေ​၏​။ 8ယောဘ​သည် အိုးခြမ်းပဲ့​တစ်​ခု​ကို​ယူ​၍ ပြာ​ထဲ​တွင် ထိုင်​လျက် မိမိကိုယ်ကို​ကုတ်ခြစ်​နေ​ရ​လေ​၏​။
9ထိုအခါ သူ​၏​ဇနီး​က သူ့​အား “​ယခု​ချိန်​ထိ ဖြောင့်မတ်တည်ကြည်​ခြင်း​ကို စွဲကိုင်​ထား​ဦး​မည်လော​။ ဘုရားသခင်​ကို ကျိန်ဆဲ​ပြီး သေ​လိုက်​ပါ​လော့​”​ဟု ဆို​၏​။
10ယောဘ​က သူ့​ဇနီး​အား “​သင်​သည် မိန်းမမိုက်​တစ်​ယောက် ပြော​တတ်​သကဲ့သို့ ပြော​ပါ​သည်​တကား​။ ဘုရားသခင်​ထံမှ အကောင်း​ကို​လက်ခံ​၍ အဆိုး​ကို လက်​မ​ခံ​ဘဲ​နေ​ရ​မည်လော​”​ဟု ပြန်ပြော​၏​။ ယောဘ​သည် ဤသို့​ကြုံတွေ့​ရ​သော်လည်း မိမိ​နှုတ်​ဖြင့်​မျှ မ​ပြစ်မှား​ဘဲ​နေ​၏​။
ယောဘ၏သူငယ်ချင်းသုံးယောက်
11ယောဘ​သည် ထို​အဖြစ်ဆိုး​အလုံးစုံ​တို့​ကို ကြုံတွေ့​နေ​ရ​ကြောင်း ကြားသိ​ကြ​လျှင် တေမန်​အမျိုးသား ဧလိဖတ်​၊ ရှုအာ​အမျိုးသား ဗိလဒဒ်​၊ နေမတ်​အမျိုးသား ဇောဖာ စသော​သူ​၏​သူငယ်ချင်း​သုံး​ဦး​တို့​သည် ယောဘ​ကို​စာနာ​သဖြင့် နှစ်သိမ့်ပေး​ရန် မိမိ​တို့​နေရပ်​မှ​ထွက်လာ​၍ အတူတကွ​တွေ့ဆုံ​ကာ ယောဘ​ထံသို့ အတူ​သွား​ကြ​၏​။ 12သူ​တို့​သည် အဝေး​မှ​လှမ်းကြည့်​၍ ယောဘ​ကို​မ​မှတ်မိ​သောအခါ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ မိမိ​တို့​ဝတ်လုံ​ကို​ဆုတ်​၍ မြေမှုန့်​ကို​လည်း မိုး​ပေါ်​ပစ်တင်​ကာ ခေါင်း​ပေါ်သို့​ကျ​စေ​ကြ​၏​။ 13သူ​တို့​သည် ယောဘ​ခံစား​ရ​သော​ဝေဒနာ​အလွန်​ပြင်းထန်​သည်​ကို မြင်​သဖြင့် မည်သူ​မျှ​စကား​မ​ပြော​ဘဲ သူ​နှင့်အတူ​မြေ​ပေါ်တွင် ခုနစ်​ရက်​ခုနစ်​ည​ထိုင်​နေ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in