YouVersion Logo
Search Icon

ရှင်ယောဟန်ခရစ်ဝင် 13

13
တပည့်တော်တို့၏ခြေကိုဆေးတော်မူခြင်း
1ပသခါ​ပွဲတော်​မတိုင်မီ​၌ ယေရှု​သည် ဤ​လောက​မှ​ထွက်ခွာ​ပြီး ခမည်းတော်​ထံသို့​သွား​ရ​မည့် မိမိ​အချိန်​ရောက်လာ​သည်​ကို သိ​တော်မူ​၍ ဤ​လောက​၌​ရှိ​သော မိမိ​လူ​တို့​ကို​ချစ်​တော်မူ​လျက် အဆုံး​တိုင်အောင်​ချစ်​တော်မူ​၏။
2ညစာ​ကို​စား​ကြ​စဉ် မာရ်နတ်​သည် ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ကို​အပ်နှံ​ရန် အကြံ​သွင်း​ပေး​နှင့်​ပြီ​ဖြစ်​၏။ 3ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့် 4ညစာ​စားပွဲ​မှ​ထ​၍ ဝတ်ရုံ​တော်​ကို​ချွတ်​ပြီးလျှင် ပဝါ​ကို​ယူ​လျက် မိမိ​ခါး​၌​စည်း​တော်မူ​၏။ 5ထို့နောက် ဇလုံ​၌​ရေ​ထည့်​၍ တပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီးမှ ခါး​၌​စည်း​ထား​သော​ပဝါ​ဖြင့် သုတ်​တော်မူ​၏။ 6ဤသို့ဖြင့် ရှိမုန်​ပေတရု​ထံ​ရောက်​တော်မူ​သောအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်မူ​မည်​လော”​ဟု လျှောက်​လေ​၏။ 7ယေရှု​က​လည်း“သင်​သည် ငါ​ပြု​နေ​သော​အရာ​ကို ယခု​နား​မ​လည်​သော်လည်း နောင်​အခါ​သဘောပေါက်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​လျှင် 8ပေတရု​က “အကျွန်ုပ်​၏​ခြေ​ကို လုံးဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင့်​ကို​ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့်​မ​သက်ဆိုင်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 9ထိုအခါ ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦးခေါင်း​တို့​ကို​ပါ ဆေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 10ယေရှု​က​လည်း“ရေချိုး​ပြီး​သော​သူ​သည် တစ်ကိုယ်လုံး​စင်ကြယ်​သည်​ဖြစ်​၍ ခြေ​မှလွဲ၍ ဆေး​ရန်​မ​လို။ သင်​တို့​သည် စင်ကြယ်​ကြ​၏။ သို့သော် သင်​တို့​အားလုံး​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ 11ကိုယ်တော်​သည် မိမိ​ကို မည်သူ​အပ်နှံ​မည်​ကို​သိ​တော်မူ​သောကြောင့်“သင်​တို့​အားလုံး​စင်ကြယ်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​ခြင်း​ဖြစ်​၏။
ခြေဆေးခြင်း၏အနက်အဓိပ္ပာယ်
12ထိုသို့ သူ​တို့​၏​ခြေ​ကို​ဆေး​ပြီး​သောအခါ ကိုယ်တော်​သည် ဝတ်ရုံ​တော်​ကို​ပြန်​ဝတ်​၍ တစ်ဖန်​ထိုင်​တော်မူ​ပြီးလျှင် တပည့်​တော်​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​၌ ငါ​ပြု​ခဲ့​သော​အရာ​ကို နားလည်​ကြ​သလော။ 13သင်​တို့​သည် ငါ့​ကို ဆရာ​ဟူ၍​လည်းကောင်း၊ သခင်​ဘုရား​ဟူ၍​လည်းကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အတိုင်း​ဖြစ်​သောကြောင့် သင်​တို့ ထိုသို့​ခေါ်​ကြ​သည်​မှာ လျောက်ပတ်​ပေ​၏။ 14ထို့ကြောင့် သခင်​ဘုရား​လည်း​ဖြစ်၍ ဆရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အချင်းချင်း​တို့​၏​ခြေ​ကို​ဆေး​ကြ​ရ​မည်။ 15သင်​တို့​၌ ငါ​ပြု​သကဲ့သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံနမူနာ​ကို ငါ​ပြ​ခဲ့​၏။ 16သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်။ စေတမန်​သည်​လည်း သူ့​ကို​စေလွှတ်​သော​သူ​ထက် ကြီးမြတ်​သည်​မ​ဟုတ်။ 17ဤ​အရာ​များ​ကို သင်​တို့​သိမှတ်​၍ ထို​အတိုင်း​ကျင့်သုံး​လျှင် သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ 18သင်​တို့​အားလုံး​ကို ငါ​ရည်ညွှန်း​ပြောဆို​သည်​မ​ဟုတ်။ ငါ​ရွေးကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖနောင့်​နှင့်​ပေါက်​လေ​၏’#ဆာ 41:9။ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ရ​မည်။ 19ထို​အခြင်းအရာ​ဖြစ်ပျက်​လာ​သောအခါ ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း သင်​တို့​ယုံကြည်​ကြ​ရန် ထို​အခြင်းအရာ​မ​ဖြစ်ပျက်​မီ ယခု​က​ပင် သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။ 20သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​စေလွှတ်​သော​သူ​ကို လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။
ယုဒအပ်နှံမည်ကိုဖော်ပြတော်မူခြင်း
21ယေရှု​သည် ဤ​အကြောင်းအရာ​များ​ကို မိန့်​တော်မူ​ပြီး​သောအခါ စိတ်​တော်​ပူပန်​လျက်“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​အထဲမှ တစ်​ယောက်​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု သက်သေခံ​လျက် မိန့်​တော်မူ​၏။
22တပည့်​တော်​တို့​သည် မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို တွေးမရ​ဖြစ်​သဖြင့် တစ်ဦး​ကို​တစ်ဦး​ကြည့်​နေ​ကြ​၏။ 23တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သည့် ယေရှု​ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​ရင်ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သဖြင့် 24မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို​မေး​ရန် ရှိမုန်​ပေတရု​က ထို​တပည့်​တော်​အား အချက်ပြ​လေ​၏။ 25သို့ဖြစ်၍ ထို​တပည့်​တော်​သည် သူ့​နေရာ​မှ ယေရှု​၏​ရင်ခွင်​တော်​သို့ ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ထို​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လေ​၏။ 26ယေရှု​က​လည်း“ထို​သူ​ကား မုန့်​တစ်​ဖဲ့​ကို​ငါ​နှစ်​၍ ပေး​သော​သူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီးမှ ၎င်း​ကို​ယူ​၍ ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​အား ပေး​တော်မူ​၏။ 27ထို​မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီး​သောအခါ စာတန်​သည် သူ့​အထဲသို့​ဝင်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ယုဒ​အား“သင်​ပြု​နေ​သည့်​အမှု​ကို အမြန်​ပြု​လော့”​ဟု မိန့်​တော်မူ​၏။ 28သို့သော် ကိုယ်တော်​သည် ယုဒ​အား အဘယ်ကြောင့် ထိုသို့​မိန့်​တော်မူ​သည်​ကို စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​တွင် မည်သူမျှ​မ​သိ​ကြ​ပေ။ 29အချို့​တို့​က ယုဒ​သည် ငွေ​အိတ်​ကို​ကိုင်​ရ​သည်​ဖြစ်၍ ယေရှု​က ပွဲတော်​အတွက်​လိုအပ်​သော​အရာ​များ​ကို ဝယ်ယူ​လော့၊ သို့မဟုတ် ဆင်းရဲသား​တို့​အား တစ်စုံတစ်ခု​ပေး​သင့်​သည်​ဟူ၍ သူ့​ကို​မိန့်​တော်မူ​သည်​ဟု ထင်မှတ်​ကြ​၏။ 30ယုဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီးလျှင် ချက်ချင်း​ထွက်သွား​လေ​၏။ ထို​အချိန်​ကား ည​အချိန်​ဖြစ်​၏။
ပညတ်တော်အသစ်
31ယုဒ​ထွက်သွား​ပြီးနောက် ယေရှု​က“ယခု​အခါ လူ့သား​ကို ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​ပြီ။ ဘုရားသခင်​သည်​လည်း လူ့သား​အားဖြင့် ဘုန်း​တော်​ထင်ရှား​တော်မူ​ပြီ။ 32ဘုရားသခင်​သည် လူ့သား​အားဖြင့် ဘုန်း​တော်​ထင်ရှား​တော်မူ​လျှင် ဘုရားသခင်​ကိုယ်တော်​တိုင်​အားဖြင့်​လည်း လူ့သား​ကို​ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​၍ ထို​ဘုန်း​တော်​ကို ချက်ချင်း​ထင်ရှား​စေ​တော်မူ​လိမ့်မည်။
33 ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်အတူ ခဏတာ​မျှသာ နေ​ရ​တော့မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူမျိုး​တို့​အား ငါ​ပြော​သကဲ့သို့ ယခု သင်​တို့​ကို​လည်း ငါ​ပြော​၏။
34 သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့။ သင်​တို့​ကို ငါ​ချစ်​သည့်​နည်းတူ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​ကြ​လော့​ဟူသော​ပညတ်​ချက်​အသစ်​ကို သင်​တို့​အား ငါ​ပေး​၏။ 35သင်​တို့​အချင်းချင်း​ကြား၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ့​တပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အပေါင်း​တို့​သိ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ပေတရုငြင်းပယ်မည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
36ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်နည်း”​ဟု မေး​လျှောက်​လျှင် ယေရှု​က“ငါ​သွား​ရာ​အရပ်​သို့ သင်​သည် ယခု​မ​လိုက်​နိုင်။ သို့သော် နောင်​အခါ​တွင် လိုက်​ရ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ 37ပေတရု​က​လည်း “သခင်​ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်​နောက်​သို့ ယခု​မ​လိုက်​နိုင်​ရ​သနည်း။ ကိုယ်တော်​အတွက် အကျွန်ုပ်​၏​အသက်​ကို​စွန့်​ပါ​မည်”​ဟု လျှောက်​လေ​၏။ 38ယေရှု​က“ငါ့​အတွက် သင်​၏​အသက်​ကို​စွန့်​မည်​လော။ သင့်​အား ငါ​အမှန်အကန်​ဆို​မည်။ ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in