YouVersion Logo
Search Icon

ရှင်ယောဟန်ခရစ်ဝင် 10

10
သိုးနှင့်သိုးထိန်းပုံဥပမာ
1 သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သိုး​ခြံ​ထဲသို့ တံခါးပေါက်​မှ​မ​ဝင်​ဘဲ အခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်​၏။ 2တံခါးပေါက်​မှ​ဝင်​သော​သူ​မူကား သိုး​တို့​၏​သိုးထိန်း​ဖြစ်​၏။ 3တံခါးစောင့်​သည် သူ့​ကို တံခါး​ဖွင့်​ပေး​တတ်​၏။ သိုး​တို့​သည် သူ​၏​အသံ​ကို​နားထောင်​တတ်​ကြ​၏။ သူ​သည် မိမိ​၏​သိုး​တို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်​တတ်​၏။ 4မိမိ​၏​သိုး​ရှိသမျှ​တို့​ကို ထုတ်​ပြီး​သောအခါ သိုး​တို့​ရှေ့မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အသံ​ကို​သိ​သောကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။ 5သူစိမ်း​တို့​၏​အသံ​ကို​မူ မ​သိ​ကြ​သောကြောင့် သူစိမ်း​နောက်​သို့ မည်သည့်​အခါ​မျှ မ​လိုက်​သည်​သာမက သူစိမ်း​ထံမှ ထွက်ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။ 6ယေရှု​သည် ဤ​ပုံ​ဥပမာ​ကို လူ​တို့​အား​မိန့်​တော်မူ​သော်လည်း မည်သည့်​အကြောင်းအရာ​များ​မိန့်​တော်မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။
ကောင်းမြတ်သောသိုးထိန်း
7ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။ 8ငါ့​ထက်​အလျင်​ဦးစွာ​ရောက်လာ​သော​သူ​ရှိသမျှ​တို့​သည် သူခိုး​များ၊ ဓားပြ​များ​ဖြစ်​ကြ​၏။ သို့သော် သိုး​တို့​သည် သူ​တို့​ကို​နားမထောင်​ခဲ့​ကြ။ 9ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။ 10သူခိုး​သည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူကား သိုး​တို့​အား အသက်​ကို​ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝ​ပြည့်စုံ​စွာ​ရရှိ​စေရန်​လာ​၏။
11 ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။ 12သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။ 13ထိုသို့​ဖြစ်​ရ​ခြင်းမှာ လူငှား​သည် လူငှား​ဖြစ်​သည့်​အလျောက် သိုး​တို့​၏​အရေး​ကိစ္စ​ကို ဂရုမစိုက်​သောကြောင့်​ဖြစ်​၏။
14 ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ခမည်းတော်​သည် ငါ့​ကို​သိ​တော်မူ​၍ ငါ​သည် ခမည်းတော်​ကို​သိ​သကဲ့သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။ 15ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။ 16ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။ 17ငါ​သည် အသက်​ကို​ပြန်လည်​ရယူ​ရန် ငါ့​အသက်​ကို​စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​၏။ 18မည်သူ​က​မျှ​ငါ့​အသက်​ကို ငါ့​ထံမှ​နုတ်ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အလျောက် ငါ့​အသက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အသက်​ကို​စွန့်​ပိုင်ခွင့်​ရှိ​၍ ၎င်း​ကို ပြန်လည်​ရယူ​ပိုင်ခွင့်​ရှိ​၏။ ငါ​သည် ဤ​အမိန့်​ကို ငါ့​ခမည်းတော်​ထံမှ​ရရှိ​၏”​ဟု မိန့်​တော်မူ​၏။
19ဤ​စကား​တော်​များ​ကြောင့် ဂျူး​လူမျိုး​တို့​ထဲတွင် ကွဲပြား​ခြင်း​ရှိ​ကြ​ပြန်​၏။ 20သူ​တို့​ထဲမှ အများစု​က “သူ​သည် နတ်ဆိုး​ပူး​၍ ရူးသွပ်​နေ​ပြီ။ သူ့​ကို အဘယ်ကြောင့် နားထောင်​ကြ​သနည်း”​ဟု ဆို​ကြ​၏။ 21အခြား​သော​သူ​တို့​က “ဤ​စကား​တို့​သည် နတ်ဆိုး​ပူး​သူ​၏​စကား​မ​ဟုတ်။ နတ်ဆိုး​သည် မျက်မမြင်​တို့​ကို​မျက်စိ​မြင်​စေ​နိုင်​ပါ​မည်​လော”​ဟု ဆို​ကြ​၏။
ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်သို့ယေရှုကြွတော်မူခြင်း
22ထိုစဉ်က ဂျေရုဆလင်​မြို့​၌ ဗိမာန်​တော်​သန့်စင်​ခြင်း​အထိမ်းအမှတ်​ပွဲတော်​ရှိ​၏။ အချိန်​ကား ဆောင်း​ကာလ​ဖြစ်​၏။ 23ယေရှု​သည် ဗိမာန်​တော်​၌​ရှိ​သော ရှောလမုန်​မုခ်ဆောင်​တွင် ကြွ​တော်မူ​စဉ် 24ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် “သင်​သည် အကျွန်ုပ်​တို့​၏​စိတ်​ကို မည်မျှ​ကြာအောင် ဒွိဟ​ဖြစ်​စေ​မည်နည်း။ သင်​သည် ခရစ်တော်​မှန်​လျှင် အကျွန်ုပ်​တို့​အား အတိအလင်း​ပြော​ပါ”​ဟု ဆို​ကြ​၏။ 25ယေရှု​က​လည်း“သင်​တို့​ကို ငါ​ပြော​ခဲ့​သော်လည်း သင်​တို့​မ​ယုံကြည်​ကြ။ ငါ့​ခမည်းတော်​၏​နာမ​တော်​အားဖြင့် ငါ​ပြု​နေ​သော​အမှု​များ​သည် ငါ့​အကြောင်း​ကို​သက်သေခံ​လျက်​ရှိ​၏။ 26သို့သော် သင်​တို့​မ​ယုံကြည်​ကြ။ မ​ယုံ​ကြ​သည့်​အကြောင်း​ကား သင်​တို့​သည် ငါ့​သိုး​မ​ဟုတ်​ကြ​သောကြောင့်​ဖြစ်​၏။ 27ငါ့​သိုး​တို့​သည် ငါ့​အသံ​ကို​နားထောင်​ကြ​၏။ ငါ​သည်​လည်း သူ​တို့​ကို​သိ​၍ သူ​တို့​သည် ငါ့​နောက်​သို့​လိုက်​ကြ​၏။ 28ငါ​သည် သူ​တို့​အား ထာဝရ​အသက်​ကို​ပေး​၍ သူ​တို့​သည် ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ မ​ပျက်စီး​ရ။ မည်သူမျှ သူ​တို့​ကို ငါ့​လက်​ထဲမှ​လုယူ​၍​မ​ရ​နိုင်။ 29သူ​တို့​ကို ငါ့​အား​ပေး​အပ်​တော်မူ​သော​ငါ့​ခမည်းတော်​သည် အလုံးစုံ​တို့​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်​၍ မည်သူမျှ သူ​တို့​ကို ခမည်းတော်​၏​လက်​ထဲမှ​မ​လုယူ​နိုင်။ 30ငါ​နှင့်​ခမည်းတော်​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။
31ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို ခဲ​နှင့်​ပေါက်​သတ်​ရန် ကျောက်ခဲ​တို့​ကို​ကောက်​ယူ​ကြ​ပြန်​၏။ 32ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံမှ ကောင်း​သော​အမှု​များစွာ​တို့​ကို သင်​တို့​အား​ပြသ​ခဲ့​၏။ ၎င်း​တို့​ထဲမှ မည်သည့်​အမှု​ကြောင့် ငါ့​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်နည်း”​ဟု သူ​တို့​အား​မေး​တော်မူ​လျှင် 33ဂျူး​လူမျိုး​တို့​က “ကောင်း​သော​အမှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်ကိုယ်သင် ဘုရား​အယောင်ဆောင်​၍ ဘုရားသခင်​ကို​စော်ကား​သောကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။ 34ယေရှု​က“သင်​တို့​၏​ပညတ်​တရား​ကျမ်း​တွင် ‘ငါ​ဆို​သည်​ကား သင်​တို့​သည် ဘုရား​များ​ဖြစ်​ကြ​၏’#ဆာ 82:6။ဟူ၍ ရေး​ထား​သည်​မ​ဟုတ်​လော။ 35ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို​ရရှိ​သော​သူ​တို့​အား ‘ဘုရား​များ’​ဟု ခေါ်​လျှင် ကျမ်းစာ​သည် မ​ပျက်ပြယ်​နိုင်​သည်​ဖြစ်၍ 36ခမည်းတော်​သည်​သန့်ရှင်း​စေ​လျက် ဤ​လောက​သို့​စေလွှတ်​တော်မူ​သော​သူ​က ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သောအခါ ‘ဘုရားသခင်​ကို​စော်ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သလော။ 37ငါ​သည် ငါ့​ခမည်းတော်​၏​အမှု​တော်​များ​ကို မ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​ကြ​နှင့်။ 38သို့သော် ငါ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​သော်လည်း ထို​အမှု​တော်​များ​ကို ယုံကြည်​ကြ​လော့။ ထိုသို့​ယုံကြည်​ပါက ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​လျက် ငါ​သည် ခမည်းတော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိရှိ​၍​နားလည်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 39ထိုအခါ ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် ကြိုးစား​ကြ​ပြန်​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​၏​လက်​မှ​လွတ်မြောက်​၍ ကြွသွား​တော်မူ​၏။
ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှလူများစွာတို့သည်ယေရှုကိုယုံကြည်ကြခြင်း
40ထို့နောက် ကိုယ်တော်​သည် ယခင်​က ယောဟန်​ဗတ္တိဇံ​ပေး​ခဲ့​ရာ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ တစ်ဖန်​ကြွ​၍ ထို​အရပ်​၌​နေ​တော်မူ​၏။ 41လူ​များစွာ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​၍ “ယောဟန်​သည် မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဤ​သူ​နှင့်​ပတ်သက်၍ သူ​ပြောဆို​ခဲ့​သော​အရာ​အားလုံး​တို့​သည် မှန်​ပေ​၏”​ဟု ဆို​ကြ​၏။ 42ဤသို့ဖြင့် ထို​အရပ်​တွင် လူ​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in