YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 50

50
ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ပရောဖက်​ယေရမိ​ထံသို့ ရောက်လာ​၏​။ 2ထာဝရဘုရား​က “ ‘ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ​။ ဗေလ​ဘုရား အရှက်ကွဲ​လေ​ပြီ​။ မေရောဒပ်​ဘုရား ကြောက်လန့်​လေ​ပြီ​။ ဘေဘီလုံ​ရုပ်တု​တို့ အရှက်ကွဲ​လေ​ပြီ​။ ဆင်းတု​တို့ ကြောက်လန့်​လေ​ပြီ​’​ဟု ကြွေးကြော်​ကြေညာ​လော့​။ အချက်ပြအလံ​ကို လွှင့်ထူ​ပြီး မကွယ်မဝှက်​ဘဲ လူမျိုးတကာ​တို့​အား ပြောကြား​ကြ​လော့​။ 3မြောက်အရပ်​မှ​လူမျိုး​တစ်​မျိုး​သည် ဘေဘီလုံ​မြို့​ကို ချီတက်​တိုက်ခိုက်​လိမ့်မည်​။ ထို​မြို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မည်သူမျှ ထို​မြို့​၌ နေထိုင်​ကြ​တော့​မည်​မ​ဟုတ်​။ လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် ထွက်ပြေး​သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 4“ထို​နေ့ရက်​၊ ထို​အချိန်​၌ အစ္စရေး​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​သည် အတူ​ပြန်လာ​ကြ​မည်​။ ငိုကြွေး​လျက် ပြန်လာ​၍ သူ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ရှာဖွေ​ကြ​လိမ့်မည်​။ 5‘​လာ​ကြ​။ မ​ပျက်ပြယ်​နိုင်​သော​ထာဝရ​ပဋိညာဉ်​ဖြင့် ထာဝရဘုရား​နှင့်​မိတ်သဟာယဖွဲ့​ကြ​စို့​’​ဟု ဆို​လျက် ဇိအုန်​မြို့​ဘက်​သို့​လှည့်​၍ ဇိအုန်​မြို့​သို့​သွား​သော​လမ်း​ကို မေးမြန်း​ကြ​လိမ့်မည်​။ 6ငါ့​လူမျိုး​တော်​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ​။ သူ​တို့​ကို​ထိန်းကျောင်း​သော​သိုးထိန်း​တို့​သည် သူ​တို့​ကို​လမ်းလွဲ​စေ​ပြီ​။ တောင်​များ​ပေါ်တွင် တလည်လည်​ဖြစ်​စေ​ပြီ​။ သူ​တို့​၏​နားနေရာ​ကို မမှတ်မိ​တော့​ဘဲ တစ်တောင်​မှ​တစ်တောင် တစ်​ကုန်း​မှ​တစ်​ကုန်း​သို့ လှည့်လည်​သွားလာ​နေ​ရ​လေ​ပြီ​။ 7သူ​တို့​ကို​တွေ့​သူ​တိုင်း သူ​တို့​ကို​ဝါးမျို​ကြ​ပြီ​။ သူ​တို့​၏​ရန်သူ​တို့​က ‘​ငါ​တို့​၌​အပြစ်​မ​ရှိ​။ အကြောင်းမူကား သူ​တို့​၏​စစ်မှန်​သော​ခိုလှုံ​ရာ​ထာဝရဘုရား​၊ သူ​တို့​ဘိုးဘေး​တို့​၏​မျှော်လင့်ရာ​ထာဝရဘုရား​ကို သူ​တို့​ပြစ်မှား​ကြ​ပြီ​’​ဟု ဆို​ကြ​လေ​ပြီ​။ 8ဘေဘီလုံ​မြို့​မှ ထွက်ပြေး​လော့​။ ခါလဒဲ​ပြည်​မှ ထွက်သွား​လော့​။ သိုးအုပ်​ရှေ့​မှ​သွား​သော​ဆိတ်ထီး​ကဲ့သို့ ပြု​လော့​။ 9ကြည့်ရှု​လော့​။ ငါ​သည် မြောက်​အရပ်​မှ လူမျိုးခြား​အစုအဝေး​ကြီး​ကို နှိုးဆော်​၍ ဘေဘီလုံ​မြို့​သို့ စစ်ချီ​စေ​မည်​။ သူ​တို့​သည် ဘေဘီလုံ​မြို့​ကို စစ်ခင်းကျင်း​၍ သိမ်းပိုက်​လိမ့်မည်​။ သူ​တို့​ပစ်​သော​မြား​သည် ကျွမ်းကျင်​သော​လေးသည်တော်​ပစ်​သော​မြား​ကဲ့သို့ မ​ထိမှန်​ဘဲ​မ​နေ​။ 10ခါလဒဲ​ပြည်​သည် တိုက်ခိုက်လုယူ​ခြင်း​ခံရ​မည်​။ ထို​ပြည်​ကို တိုက်ခိုက်လုယူ​သော​သူ​တို့​သည် ပြည့်စုံကြွယ်ဝ​ကြ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 11ငါ့​အမွေ​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​၊ သင်​တို့​သည် ဝမ်းမြောက်​လျက်​၊ ရွှင်လန်း​လျက်​၊ တလင်းနယ်​သော​နွားမတမ်း​ကဲ့သို့ နင်းချေ​လျက်​၊ စစ်မြင်း​များ​ကဲ့သို့ ဟီ​လျက်​ရှိ​ကြ​သော်လည်း 12သင်​တို့​အမိ​သည် အရှက်တကွဲ​အကျိုးနည်း ဖြစ်​ရ​လိမ့်မည်​။ သင်​တို့​ကို မွေးဖွား​သော​အမိ​သည် မျက်နှာပျက်​ရ​လိမ့်မည်​။ ကြည့်ရှု​လော့​။ တိုင်းနိုင်ငံ​တို့​တွင် သင်​တို့​သည် အသိမ်ငယ်ဆုံး​သော​နိုင်ငံ​၊ တောကန္တာရ​၊ ခြောက်သွေ့​သော​လွင်ပြင် ဖြစ်​လိမ့်မည်​။ 13ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ဘေဘီလုံ​မြို့​တစ်မြို့လုံး လူသူကင်းမဲ့​ရာ​ဖြစ်​မည်​။ မည်သူမျှ နေထိုင်​တော့​မည်​မ​ဟုတ်​။ ထို​မြို့​ခံရ​သော​ဘေးဒဏ်​များ​ကြောင့် ထို​မြို့​နား​ဖြတ်သွား​သော​သူ​အပေါင်း​တို့​သည် အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။ 14လေးသည်တော်​အပေါင်း​တို့​၊ ဘေဘီလုံ​မြို့​ပတ်ပတ်လည်​၌ တပ်ခင်း​ကြ​။ သူ​သည် ထာဝရဘုရား​ကို ပြစ်မှား​သောကြောင့် မြား​ကို​မ​နှမြော​ဘဲ ပစ်​ကြ​။ 15မြို့​ပတ်ပတ်လည်​၌ ငြာသံ​ပေး​ကြ​။ ဘေဘီလုံ​မြို့ လက်နက်ချ​အရှုံးပေး​ပြီ​။ မျှော်စင်​များ ပြိုလဲ​ပြီ​။ မြို့ရိုး​လည်း ပြိုပျက်​ပြီ​။ ဤသည်ကား ထာဝရဘုရား​၏​လက်တုံ့ပြန်​ခြင်း​ဖြစ်​၏​။ သူ​ပြု​ခဲ့​ဖူး​သည့်​အတိုင်း သူ့​ကို ပြန်ပြု​ကြ​။ သူ့​ကို လက်တုံ့ပြန်​ကြ​။ 16မျိုးစေ့ကြဲ​သော​သူ​၊ တံစဉ်​ကိုင်​ပြီး ရိတ်သိမ်း​သော​သူ​ကို ဘေဘီလုံ​မြို့​မှ ဖယ်ရှား​ကြ​လော့​။ ကြမ်းတမ်း​သော​ဓားဘေး​မှ​လွတ်​အောင် လူတိုင်း ကိုယ့်​လူမျိုး​ရှိ​ရာ​သို့ ပြန်သွား​ကြ​လိမ့်မည်​။ လူတိုင်း ကိုယ့်​ပြည်​သို့ ပြန်ပြေး​ကြ​လိမ့်မည်​။
ဘုရားသခင်၏လူမျိုးတော်တို့ ပြန်လာခြင်း
17အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။ 18ထို့ကြောင့် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အဆီးရီးယား​ဘုရင်​ကို ဒဏ်ခတ်​သကဲ့သို့ ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​ပြည်​ကို ဒဏ်ခတ်​မည်​။ 19အစ္စရေး​လူမျိုး​ကို​ကား သူ​တို့​စားကျက်မြေ​သို့ ပြန်ခေါ်လာ​မည်​။ သူ​တို့​သည် ကရမေလ​တောင်​၊ ဗာရှန်​တောင်​၌ ကျက်စား​ကြ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ဂိလဒ်​ပြည်​ရှိ​တောင်ကုန်း​တို့​၌ ဝလင်​စွာ​စား​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 20ထာဝရဘုရား​က “​ထို​နေ့ရက်​၊ ထို​အချိန်​၌ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို ငါ​ခွင့်လွှတ်​မည်​ဖြစ်၍ အစ္စရေး​လူမျိုး​၏​ဒုစရိုက်​ကို ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​။ ယုဒ​လူမျိုး​၏​အပြစ်​ကို​ရှာ​သော်လည်း တွေ့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
ဘေဘီလုံ​မြို့ ကျူးကျော်ခံရခြင်း
21ထာဝရဘုရား​က “​မေရသိမ်​ပြည်​သို့ ချီတက်​လော့​။ ပေကုပ်​ပြည်သား​တို့​ကို တိုက်ခိုက်​လော့​။ သူ​တို့​ကို​သတ်​လော့​။ အကုန်လုံး​ဖျက်ဆီး​လော့​။ သင့်​ကို ငါ​မိန့်မှာ​ခဲ့​သမျှ​အတိုင်း​ပြု​လော့​”​ဟု မိန့်​တော်မူ​၏​။ 22ထို​ပြည်​၌ စစ်တိုက်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ အကြီးအကျယ်​ပျက်စီး​ပါ​ပြီ​တကား​။ 23မြေ​တစ်ပြင်လုံး​ကို ထုနှက်​ခဲ့​သော​တူကြီး အချိုး​ခံ​လိုက်​ရ​ပါ​ပြီ​တကား​။ ကျိုးပဲ့​သွား​ပါ​ပြီ​တကား​။ ဘေဘီလုံ​မြို့​သည် လူမျိုးတကာ​တို့​တွင် ထိတ်လန့်စရာ​ဖြစ်​လေ​ပြီ​တကား​။ 24အို ဘေဘီလုံ​မြို့​၊ သင်​သည် ငါ​ထောင်​ထား​သော ကျော့ကွင်း​၌​မိ​ပြီ​။ သင်​သည် ထာဝရဘုရား​ကို အာခံ​သောကြောင့် သင်​မ​သိ​မ​မြင်​လိုက်​သော​အချိန်​တွင်​ပင် ကျော့မိ​လေ​ပြီ​။ 25ထာဝရဘုရား​သည် လက်နက်တိုက်​ကို​ဖွင့်​၍ အမျက်​တော်​လက်နက်​ကို ထုတ်​တော်မူ​ပြီ​။ ဤသည်ကား ခါလဒဲ​ပြည်​၌ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​ဖြစ်​၏​။ 26ဘေဘီလုံ​မြို့​ကို အဘက်ဘက်​မှ​ဝင်တိုက်​ကြ​။ သိုလှောင်ရုံ​များ​ကို ဖွင့်ဖောက်​ပြီး စပါးပုံ​ကဲ့သို့ ပုံထား​ကြ​။ မြို့​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ကြ​။ အကြွင်းအကျန် မ​ရှိ​စေ​နှင့်​။ 27နွားထီးပျို​အားလုံး​ကို သတ်​ပစ်​ကြ​။ သူ​တို့​ကို စစ်ကြောစီရင်​မည့်​နေ့ရက်​ကာလ ရောက်လာ​ပြီ​ဖြစ်၍ သူ​တို့​ကို​သတ်​မည့်​နေရာ​သို့ ဆင်းသွား​စေ​လော့​။ သူ​တို့​၌ အမင်္ဂလာ​ရှိ​၏​။
ဘေဘီလုံပြည် အရှက်ခွဲခံရခြင်း
28ဘေဘီလုံ​မြို့​မှ​ထွက်ပြေး​လွတ်မြောက်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လေ​ပြီ​။ သူ​တို့​သည် ငါ​တို့​ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်​ခြင်း​အကြောင်း​၊ ဗိမာန်တော်​အတွက် လက်တုံ့ပြန်​ခြင်း​အကြောင်း​ကို ဇိအုန်​မြို့​တွင် ကြွေးကြော်​ကြ​လေ​ပြီ​။ 29ဘေဘီလုံ​မြို့​ကို​တိုက်ခိုက်​ရန် လေး​ပစ်ကျွမ်း​သော​လေးသည်တော်​အပေါင်း​တို့​ကို ခေါ်​ကြ​။ မြို့​ပတ်ပတ်လည်​၌ တပ်ချ​ကြ​။ ထို​မြို့​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​ကို ဆန့်ကျင်​သည်​ဖြစ်​၍ ထို​မြို့​ပြု​ခဲ့​သမျှ​အတိုင်း ပြန်​၍​ပြု​ကြ​။ ထို​မြို့​ကျင့်​သည့်​အတိုင်း ပြန်ပေးဆပ်​စေ​။ မည်သူမျှ မ​လွတ်မြောက်​စေ​နှင့်​။ 30ထို့ကြောင့် ထာဝရဘုရား​က “လူပျို​တို့​သည် လမ်းမ​များ​၌ လဲကျ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​၌ စစ်သူရဲ​အပေါင်း​တို့ ကျဆုံး​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 31ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို မာနထောင်လွှား​သော​သူ​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​ဒဏ်ခတ်​မည့်​အချိန် ရောက်​ပြီ​ဖြစ်၍ သင့်​ကို ငါ​ဒဏ်ခတ်​မည်​။ 32မာနထောင်လွှား​သော​သူ​သည် ခလုတ်တိုက်​လဲကျ​လိမ့်မည်​။ ထူ​မည့်​သူ​ရှိ​မည်​မ​ဟုတ်​။ သူ့​မြို့​များ​ကို ငါ​မီး​ရှို့​မည်​။ သူ့​ပတ်ပတ်လည်​ရှိ​အရာ​အားလုံး လောင်ကျွမ်း​သွား​မည်​”​ဟု မိန့်​တော်မူ​၏​။
ဘေဘီလုံပြည် ပျက်သုဉ်းသွားခြင်း
33ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အစ္စရေး​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​သည် အတူတကွ နှိပ်စက်​ခြင်း​ခံရ​ကြ​ပြီ​။ သူ​တို့​ကို ဖမ်းသွား​သော​သူ​တို့​သည် သူ​တို့​ကို မ​လွှတ်ပေး​ဘဲ ချုပ်ထား​ကြ​ပြီ​။ 34သူ​တို့​ကို ရွေးနုတ်​တော်မူ​သော​အရှင်​သည် တန်ခိုးကြီး​သော​အရှင်​ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​သည် သူ​တို့​အမှု​ကို ဖြေရှင်း​ပေး​မည်​ဖြစ်၍ သူ​တို့​ပြည်​သည် အေးချမ်း​မည်​။ ဘေဘီလုံ​မြို့သား​တို့​မူကား ဆောက်တည်​ရာ​မ​ရ​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 35ထာဝရဘုရား​က “​ခါလဒဲ​လူမျိုး​၊ ဘေဘီလုံ​မြို့သား​တို့​အပါအဝင် အကြီးအကဲ​များ​၊ ပညာရှိ​များ​အပေါ်​သို့ ဓားဘေး​ကျရောက်​လိမ့်မည်​။ 36ဓားဘေး​ကြောင့် ပရောဖက်​အတုအယောင်​တို့​သည် ရူးသွပ်​ကြ​လိမ့်မည်​။ ဓားဘေး​ကြောင့် စစ်သူရဲ​တို့ ကြောက်လန့်​ကြ​လိမ့်မည်​။ 37ဓားဘေး​ကြောင့် မြင်း​များ​၊ စစ်ရထား​များ​၊ ပြည်​ထဲ​ရှိ​လူမျိုးခြား​များ​သည် မိန်းမ​ကဲ့သို့ ကြောက်​ကြ​လိမ့်မည်​။ ဓားဘေး​ကြောင့် ဘဏ္ဍာတိုက်​များ အသိမ်း​ခံရ​လိမ့်မည်​။ 38ထို​ပြည်​သည် ရုပ်တု​ပေါများ​ရာ​ပြည်​ဖြစ်​၏​။ ရုပ်တု​များ​ကို အရူးအမူး​စွဲလမ်း​ကြ​၏​။ ထို့ကြောင့် ထို​ပြည်​၌ မိုးခေါင်​လေ​ပြီ​၊ ရေ​များ​ခန်းခြောက်​လေ​ပြီ​။ 39ထို​ပြည်​၌ ကန္တာရ​သတ္တဝါ​များ​၊ တောခွေး​များ​၊ ငှက်ကုလားအုတ်​များ နေထိုင်​ကြ​လိမ့်မည်​။ မည်သူ​မျှ နေထိုင်​တော့​မည်​မ​ဟုတ်​။ မျိုးဆက်အဆက်ဆက် နေထိုင်​မည့်​သူ ရှိ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ 40ထာဝရဘုရား​က “​ထို​ပြည်​သည် ဘုရားသခင်​ဖျက်ဆီး​ပစ်​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​နှင့် အိမ်နီးချင်း​မြို့​တို့​ကဲ့သို့ ဖြစ်​မည်​။ မည်သူ​မျှ ထို​ပြည်​၌ နေထိုင်​တော့​မည်​မ​ဟုတ်​။ တည်းခို​သော​သူ ရှိ​တော့​မည်​မ​ဟုတ်​။
ဘေဘီလုံပြည် သိမ်းပိုက်ခံရခြင်း
41ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​တစ်​မျိုး​ရောက်လာ​ပြီ​။ မြေကြီး​စွန်း​မှ လူမျိုး​ကြီး​နှင့် ကြီးမြတ်​သော​ရှင်ဘုရင်​တို့ ထကြွ​ကြ​ပြီ​။ 42သူ​တို့​သည် လေး​နှင့်​လှံ​ကို​စွဲကိုင်​သော​လူမျိုး​၊ ရက်စက်ကြမ်းကြုတ်​သော​လူမျိုး​၊ ကရုဏာ​ကင်း​သော​လူမျိုး​ဖြစ်​၏​။ သူ​တို့​မြင်း​ကို​စီး​၍ စစ်ချီ​လာ​သော​အသံ​သည် သမုဒ္ဒရာ​မြည်ဟိန်းသံ​ကဲ့သို့​ဖြစ်​၏​။ အို ဘေဘီလုံ​သမီးပျို​၊ သူ​တို့​သည် စစ်သူရဲ​ကဲ့သို့​စစ်ခင်းကျင်း​ပြီး သင့်​ကို​လာ​တိုက်​နေ​ပြီ​။ 43ထို​သတင်း​ကို​ကြား​သောအခါ ဘေဘီလုံ​ဘုရင်​သည် လက်​များ​ပျော့ခွေ​သွား​၏​။ ဆင်းရဲဒုက္ခ​သည် သူ့​ကို​ဖိစီး​ပြီ​။ သူ​သည် သားဖွားမိန်းမ​ကဲ့သို့​ဝေဒနာ​ခံစား​ရ​ပြီ​။ 44ကြည့်ရှု​လော့​။ ရန်သူ​သည် ခြင်္သေ့​ကဲ့သို့ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့​တက်လာ​သောအခါ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။ 45ထို့ကြောင့် ဘေဘီလုံ​မြို့​ကို​ဆန့်ကျင်​၍ ထာဝရဘုရား ကြံစည်​ထား​သော​အကြံအစည်​၊ ခါလဒဲ​ပြည်သား​တို့​ကို​ဆန့်ကျင်​၍ ရည်ရွယ်​ထား​သော​ရည်ရွယ်​ချက်​တို့​ကို နားထောင်​ကြ​လော့​။ အကယ်စင်စစ် ရန်သူ​သည် သူ​တို့​၏​သိုးငယ်လေး​များ​ကို ဆွဲခေါ်​သွား​ကြ​မည်​။ အကယ်စင်စစ် သူ​တို့​ကြောင့် စားကျက်မြေ​များ ဖျက်ဆီး​ခြင်း​ခံရ​မည်​။ 46“ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ”​ဟူသော​အော်ဟစ်သံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို လူမျိုးတကာ​တို့ ကြား​ရ​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 50